နိုင်ငံတော်၊ ပြည်ထောင်စု၊ နိုင်ငံသား၊ တိုင်းရင်းသား ကိစ္စ (၁) | ဌေးလွင်ဦး
ဌေးလွင်ဦး
ကျွန်ုပ်သည် ၁၉၈၈ ခု မြန်မာ့ဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှုတွင် ဒေသဆိုင်ရာ ဦးဆောင်ဆော်သြ လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်သည်။ ကျောင်းသားတပ်မတော် (ABSDF) ၏ ရဲဘော်ဟောင်းတစ်ဦး ဖြစ်သည်၊ နိုင်ငံရေး အယူအဆ ကြောင့် ဖမ်းဆီးချုပ်နှောင် ခံခဲ့ရသူ တစ်ဦး ဖြစ်သည်။
နိုင်ငံရေးဘ၀ကျင်လည်မှု၊ တော်လှန်ရေးဘ၀ ကျက်စားမှုများ အလျှောက် တိုင်းရင်းသားတို့၏ ဆန္ဒနှင့် သဘော သဘာဝတို့အား တစ်စုံတစ်ရာ ကျွမ်းဝင်သူဟု မိမိကိုယ်မိမိယုံကြည်သည်။ လက်နှက်ကိုင်တော်လှန်ရေးတွင် တစ်စုံတစ်ရာ ပတ်သက်ခဲ့ပြီးနောက်-၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် တိုင်းရင်းသားအရေးများကို လက်နှက်ကိုင် ဖြေရှင်းနေ၍ မရဟု ခံစားမိလာသဖြင့်- လက်နက်ကိုင်တော်လှန်ရေးအစား နှစ်ဦးနှစ်ဘက် တွေ့ဆုံ ညှိုနှိုင်း အဖြေရှာရေးဘက်ကို အားသန်လာခဲ့သည်။ သို့ဖြင့် ကျွန်ုပ်၏ နိုင်ငံရေးသယ်ပိုးဝန်ဆောင်ခြင်းများ၌ ရည်ရွယ် ချက်တို့အား ၂၀၀၀ ခုနှစ်မှ စတင်၍ လမ်းစဉ်ပြောင်းလဲခဲ့သည်။
သို့ဖြစ်၍ ကျွန်ုပ်အား သဘောထားပြောင်းသူ၊ စစ်အစိုးရဘက်သို့ တိမ်းညွတ်သူ စသည်ဖြင့် ပြောဆိုခံရမှု များလည်း များစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် သူတို့၏ ပြောဆိုမှုများထက် ကျွန်ုပ်၏ အမိမြေ မြန်မာနိုင်ငံတော် ကြီး ပြိုကွဲသွားမည်ကို စိုးရိမ်စိတ်က အကြီးအကျယ် လွှမ်းမိုးနေသဖြင့်- မည်သူ၏ စွပ်စွဲချက်များကမှ ကျွန်ုပ်အား မထိရောက်ခဲ့ချေ။
ပြည်တွင်းစစ် ဖြစ်နေရခြင်းသည် စစ်စားရိတ်များကုန်ကျခြင်း၊ သေကျေပျက်စီးရခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက် စီးခြင်း၊ ရန်လိုမုန်တီးမှု တိုးပွားခြင်းများနှင့် ညှိမရနိုင်သော ပြသနာများ ဆက်လက်ခိုင်မာနေခြင်းများ အစဉ် အရှိန် အဟုန်ဖြင့် တိုးလျှက်သာ ရှိသည်။ ပြည်သူအများ၏ စားဝတ်နေရေးမှာ ကျဆင်းသည်ထက် ကျဆင်းလာ ရခြင်းသာ အဖတ်တင်ပေသည်။ လူမျိုးနွယ်တိုင်းမှ တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် မိမိ၏ လူမျိုးကို အမှန်တစ်ကယ် ချစ်လျှင်၊ တန်ဘိုးထားလျှင် - မိမိ၏ လူမျိုးအား ပညာမဲ့နေရသည့် အဖြစ်၊ စီးပွားပျက်နေရသည့် အဖြစ်၊ ကျီးလန့်စာစား နေနေရသည့် အဖြစ်- တိုင်းတစ်ပါးသို့ ထွက်ပြေးလျှက် ပြည့်တန်ဆာလုပ်စားနေရသည့် အဖြစ်များမှ အမြန်ဆုံးကယ်တင်ရန် စဉ်းစားရပေမည်။
သို့သော် အင်အားကြီးသော အုပ်စုများမှလည်း ကြီးနိုင်ငယ်ညှင်း ပြုလုပ်နေသည်များကို ရပ်ဆိုင်းရပေမည်။ မိမိ က မိမိနိုင်ငံဟု သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်းမှ တိုင်းရင်းသားအားလုံး၊ လူမျိုးအားလုံး၊ လူသားအား လုံးအပေါ် တစ်ဦးတစ်ယောက်ချင်းစီ၏ အပေါ်၌ လူ့အခွင့်အရေးကို ပေးတတ်ရမည်။ လူမျိုးနွယ်တို့၏ ယဉ်ကျေး မှု ဓလေ့ထုံးတမ်းများအား နားလည်ပေးတတ်ရမည်။ မျက်နှာလိုက်မှု ကင်းရှင်းသည့် ဥပဒေစိုးမိုးမှုအား ကျယ် ပြန့်ထိရောက်စွာ ဖြန့်ကျက်နိုင်ရပေမည်။ သို့အတွက် လူများစု ဖြစ်သော မြန်မာများတွင် ပိုမို၍ တာဝန်ရှိနေပေ သည်။ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဥပဒေ၏ ခွဲခြားမှုများကို ခံရခြင်း၊ တိုင်းရင်းသားများအပေါ် မတော် မတရား အတင်းအဓမ္မသွေးနှောသည့် ပေါ်လစီများ၊ အတင်းအဓမ္မသာသနာပြုသည့် ပေါ်လစီများ၊ ဘာသာရေး လူမျိုးရေး စိတ်ဝမ်းကွဲစေရန် ဖန်တီးပေးသည့် ပေါ်လစီများကို လုံးဝ ဖျောက်ဖျက်ပစ်ရပေမည်။ ထိုသို့ပြုလုပ်စီမံ ပေးနိုင်သော ခေါင်းဆောင်များ၊ ပြုလုပ်စီမံလိုသော ခေါင်းဆောင်များ မြန်မာလူမျိုးထဲမှာ ပေါ်ထွန်းလာရန် အရေးကြီးပေသည်။
ထိုသို့ ပြည်နယ် ပြည်မ နှစ်ဦးနှစ်ဘက် ပေါ်ထွန်းလာသော ခေါင်းဆောင်ကောင်းများ အချင်းချင်း ညှိနှိုင်းလျှက် စည်းလုံးခိုင်မာသော မပြိုကွဲနိုင်သော ပြည်ထောင်စု တစ်ရပ်အား ထူထောင်ရမည် ဖြစ်သည်။ နိုင်ငံနယ်နမိတ် တစ်ခုအတွင်း အချင်း တိုက်ခိုက်သတ်ဖြတ်နေရသော ပြည်ထောင်စုသည် နူရာဝဲစွဲ ပြည်ထောင်စုသာ ဖြစ်နိုင်၍၊ ဘေးဘယာကင်းရှင်းသည့် ပြည်ထောင်စု မဖြစ်နိုင်ဟူသည့် အချက်ကို ခေါင်းဆောင်များ၏ နှလုံးသားတွင် အသိအမှတ်ပြုရန် အရေးကြီးပေသည်။
တိကျသေချာသော ပြည်ထောင်စုတွင်- နယ်နမိတ်သတ်မှတ်မှုအလျှောက်၊ တိုင်းရင်းသား၊ တိုင်းရင်းသား အခွင့် အရေးနှင့် နိုင်ငံသား အခွင့်အရေးများကို မျက်နှာလိုက်မှု ကင်းရှင်းစွာ စနစ်တကျ သတ်မှတ်ရန် လိုအပ်ပေ သည်။ မြန်မာနိုင်ငံတွင် လက်ရှိ မြန်မာလူမျိုးဟု သတ်မှတ်ထားသော လူမျိုးမှ အပ ကျန်တိုင်းရင်းသားတိုင်းမှာ နှစ်နိုင်ငံ၊ သုံးနိုင်ငံ၊ လေးနိုင်ငံ နေ လူမျိုးများ ဖြစ်သည်။ ဥပမာ- မွန်လူမျိုးသည်- ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် တည်ရှိနေသော လူမျိုးဖြစ်သည်။ ထိုင်းနိုင်ငံလွှတ်တော်တွင် မွန်လူမျိုး အမတ်များရှိသည်။ မွန်လူမျိုးများကို Native လူမျိုးများဟု အသိအမှတ်ပြုသည်။ မွန်ဘုန်းကြီးကျောင်းများ ဘန်ကောက်ထဲတွင်ပင် ရှိနေသည်။
အလားတူ ကရင်လူမျိုးသည်- ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ရှမ်းလူမျိုးသည် ထိုင်း နိုင်ငံ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ကချင်လူမျိုးသည် တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့် မြန်မာနိုင်ငံတွင်ရှိနေသော လူမျိုးဖြစ်သည်။ ချင်းလူမျိုးသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာလူမျိုးတို့သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးများ ဖြစ်သည်။
ထိုသို့ နှစ်နိုင်ငံ သုံးနိုင်ငံ တွင် တည်ရှိနေသော လူမျိုးများအား- သက်ဆိုင်ရာ နိုင်ငံတိုင်းမှ နိုင်ငံ နယ်နမိတ် သတ် မှတ်သည့်အခါ မိမိနိုင်ငံအတွင်းပါဝင်လာသော လူသားများအား တိုင်းပြည်၏ တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုပေးခဲ့သည်။ ထိုဝတ္တရားအား ကျွန်ုပ်တို့ မြန်မာနိုင်ငံတစ်ခုတည်းသာ ရိုဟင်ဂျာများနှင့် စပ်လျှဉ်း၍ ၀တ္တရား ပျက်ကွက်နေပါသည်။
အကြောင်းပြချက်များမှာ ယုတ္တိမတန်လှပေ။
(၁) ရိုဟင်ဂျာတို့အား အမှီသဟဲပြု၍ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီများ ၀င်လာမည်ကို စိုးရိမ်သောကြောင့်ဟု အကြောင်းပြသည်။ သို့ဖြစ်လျှင် မြန်မာရခိုင်များကို အမှီသဟဲပြု၍ ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များ ဒလဟော ၀င်နေသည်ကို အဘယ်ကြောင့် မမြင်ချင်ဟန် ဆောင်နေကြသနည်း ဟူသည်ကို စဉ်းစားရပေမည်။ ထို့ပြင် မွန်များကို အကြောင်းပြု၍ ထိုင်းနိုင်ငံမှ မွန်များ ၀င်လာမည်ကို မစိုးရိမ် သလော၊ ရှမ်းများကို အကြောင်းပြု၍ ထိုင်းနိုင်ငံမြောက်ပိုင်းတစ်ခုလုံးမှ လူဦးရေသန်းပေါင်းများစွာ ၀င်လာမည် ကို မစိုးရိမ်သလော၊ တရုတ်ပြည်မှ ရှမ်းများ ၀င်လာမည်ကို မစိုးရိမ်သလော- စသည်ဖြင့် မေးခွန်းမေးရပေတော့ မည်။
(၂) ရိုဟင်ဂျာဟူသည့် ဝေါဟာရနှင့် စပ်လျှဉ်း၍ အကြောင်းပြပြန်သည်။ သူတို့သည် ရခိုင်မွတ်စလင်ဟု ခံယူစဉ်ကလည်း မြန်မာရခိုင် ဗုဒ္ဓဘာသာများက မလိုလားခဲ့။ (ထိုကိစ္စအား လွတ်လပ်ရေး ရပြီးစ ရန်ကုန် တက္ကသိုလ် ရိုဟင်ဂျာကျောင်းသား သမဂ္ဂ၌ ရိုဟင်ဂျာဟု ခံယူချင်သူများနှင့် ရခိုင်မွတ်စလင်ဟု ခံယူချင်သူများ အချေအတင် ဖြစ်ခဲ့ရသည်။) မည်သို့ဆိုစေ- သူတို့သည်လည်း အခြားတိုင်းရင်းသားများကဲ့သို့ တန်းတူရှိသည့် တိုင်းရင်းသား ဖြစ်ကို ဖြစ်ရပေမည်။
မိမိ၏ နိုင်ငံနယ်နိမိတ်ထဲတွင် တည်ရှိသော လူမျိုးအားလုံးအား တရားသဖြင့် တိုင်းရင်းသား နိုင်ငံသား အခွင့် အရေးများ ပေးရမည် ဖြစ်ပြီး။ လွတ်လပ်ရေး ရပြီးနောက် ၀င်ရောက်လာသော လူများကို မည်သည့် တိုင်း ရင်းသားနှင့် လူမျိုးတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ- သီးခြားဥပဒေတစ်ရပ် ရှိနေရပေမည်။ ဆိုလိုသည်မှာ လွတ်လပ်ရေး ရပြီးနောက်မှ ၀င်လာသော ရခိုင်ဗုဒ္ဓဘာသာများ၊ တရုတ်များ၊ ရိုဟင်ဂျာ (စစ်တကောင်းများ) မွန် များ၊ ရှမ်းများ၊ ကချင်များ၊ အိန္ဒိယမျိုးနွယ်များအား သီးခြား သတ်မှတ်ရမည် ဖြစ်သည်။ လူမျိုးတစ်မျိုးအား သူ၏ ကိုးကွယ်ယုံကြည်မှုကြောင့်၊ သူ၏ မျိုးနွယ်ကြောင့်ဟူသည့် အကြောင်းပြချက်ဖြင့် မတရားသဖြင့် ဥပဒေ သော် လည်းကောင်း၊ ပေါ်လစီသော်လည်းကောင်း စီမံချမှတ်မှုများကို လုံးဝ မကျူးလွန်သင့်ပေ။ မတရားမှုအား ခုံမင် နေသော လူသားစုသည် မည်သည့်လူ့အဖွဲ့အစည်း၊ မည်သည့်တိုင်းပြည်အတွက်မဆို ဆူပူ အုံကြွမှုအတွက် မီးစာများ၊ ပြည်တွင်းစစ်အတွက် သော့ချက်များသာ ဖြစ်ပေသည်။
တိုင်းပြည်ကို ချစ်သော၊ တိုင်းပြည်တိုးတက်ရေးကို လိုလားသော၊ မိမိလူမျိုး ဆင်းရဲနွမ်းပါးနေရသည်ကို မကြည့် ရက်သော မည်သည့် မြန်မာနိုင်ငံသားသည် မဆို ဆူပူအုံကြွရခြင်းအတွက် စတည်စေသည့် စိတ်ဓါတ်များကို ပြုပြင်ရပေမည်။ လူယုတ်မာတို့၏ လှုံ့ဆော်မှုတို့သည် “ငါတို့ တိုင်းပြည် ငါတို့လူမျိုးကို ဖျက်ဆီးနေခြင်း”ဟု သိမြင်နိုင်ရန် ကြိုးစားရပေမည်။ အချင်းချင်း သတိပေးရပေမည်။ လူယုတ်မာတို့အား ရွံမုန်းမုန်းပစ်ရပေမည်။ တိုင်းပြည်ကောင်းစားရေးနှင့် အမှန်တရားအတွက် အမုန်းခံ၍ ပြောရဲရပေမည်။
နိုင်ငံသား အခွင့်အရေးနှင့် တိုင်းရင်းသား အခွင့်အရေး- ဆက်လက်တင်ပြပါမည်။
ဌေးလွင်ဦး (ABSDF ရဲဘော်ဟောင်း)

thanks ,,, your honourable mr thay lwin u,,,your truthfull history for myanmar minorities,,,
နေ၀င်းစန်းယုစစ်အစိုးရ နဲ့ သန်းရွှေမောင်အေးစစ်အစိုးရကာလတစ်လျှောက်လုံး သေးသိမ်တဲ့ အမျိုးသားရေးဝါဒကိုသွပ်သွင်းခဲ့ပါတယ် ... ဒါကြောင့်လည်း တိုင်းရင်းသားညီညွတ်ရေးမရရှိခဲ့တာပါ ... နောင်လည်းပဲ အနုပညာစစ်စစ်ကိုမဖန်တီးတတ်တဲ့သူတွေဟာ စာပေလောကထဲကို ဇွတ်အတင်းဝင်ရောက်ချင်တာနဲ့ မျက်ကန်းမျိုးချစ်စာရေးဆရာလုပ်စားဖို့ ဆက်လက်ကြံစည်နေရင်တော့ မြန်မာပြည်ဟာ ပြိုကွဲသွာဖို့သေချာသလောက်ရှိပါတယ်