မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြမည်
အချိန်ကြာမြင့်စွာလျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုကြောင့်စီတန်းလှည့်လည်ဆန္ဒပြမှုများ ဖြစ်ပွားနေသော မန္တလေးမြို့တွင်လျှပ်စစ်မီးရရှိရေးအတွက်(၂၀.၅.၂၀၁၂)တွင်မန္တလေးမြို့သူမြို့သားများငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြ ပြီးနောက် (၂၁.၅.၂၀၁၂) ယနေ့ တနင်္လာ တွင်လည်း ဆန္ဒပြသွားမည် ဖြစ်ကြောင်း The Voice Weekly သတင်းထောက် က ပေးပို့သည်။
ယနေ့ညနေ (၆.၀၀) နာရီ အချိန်မှ စ၍ ဆီဒိုးနား ဟိုတယ်ရှေ့ တွင် ဖယောင်းတိုင် မီးထွန်း၍ ငြိမ်းချမ်းစွာ စီတန်းလမ်းလျောက် ဆန္ဒဖော်ထုတ် ပွဲပြုလုပ်မည် ဖြစ်ကြောင်း ၊ ထိုအဖွဲ့ကို ရှင် ရှင်ဝီရသူ ခေါင်းဆောင်သော သံဃာတော်များလည်း ပါဝင်ကြောင်း ၄င်းက ပြောကြားသည်။
" အမာခံ က ငါးဆယ်၊ ခြောက်ဆယ်လောက်ရှိမယ် ထင်တယ်။ စမယ့် အချိန်ရောက်ရင် အဲဒီလူတွေက ဘယ်က ဘယ်လို ရောက်လာလဲ မသိဘူး။ " ဟု မန္တလေး သတင်းထောက်က ယမန်နေ့အတွေ့အကြုံကို ဖုန်းဆက် ပြော ကြားသည်။
ယမန်နေ့ကမန္တလေးမြို့တွင်စီတန်းလှည့်လည်ဆန္ဒ ပြမှု ဖြစ်ပွားပြီးနောက်တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးတွင်လျှပ်စစ်ဓါတ်အား ဖြန့်ဝေ ပေးမှုအခြေအနေကိုရှင်းလင်းပွဲပြုလုပ်ခဲ့ရာလျှပ်စစ်ဓါတ်အား ပြတ်တောက်သော နေရာများတွင် ၅၀၀ ကေဗွီ မီးစက်ကြီး ၁၀ လုံးဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးသွားမည် ဖြစ်ပြီး စီတန်းလှည့်လည် ဆန္ဒပြသူများအား တစ်စုံတစ်ရာ အရေးယူသွားမည် မဟုတ်ကြောင်း တိုင်းဒေသကြီး အစိုးရ လျှပ်စစ်ရေးရာ ၀န်ကြီး ကပြောကြားသည်။