နိုင်ငံသားများအတွက် နိုင်ငံသားမှတ်ပုံတင် မိုးပွင့်စီမံကိန်း
နိုင်ငံသားများအတွက်အခမဲ့သန်းခေါင်စာရင်းနှင့် နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ပေးမည့်မိုးပွင့်စီမံကိန်းကိုဇွန်လ၁ရက်နေ့တွင် ပြန်လည်စတင်မည်
လူမျိုးရောထွေးမှုများ မဖြစ်ပေါ်စေရန် တိုင်းရင်းသား မျိုးနွယ်စုကြီး ရှစ်စုမှ မွေးဖွား လာ သည့် မွေးရာပါ နိုင်ငံသားများ အတွက်သာ ကွင်းဆင်းကာ အခမဲ့သန်းခေါင်စာရင်းနှင့် နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ပေးမည့်မိုးပွင့်စီမံကိန်းကိုဇွန်လ၁ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်းလူ ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “မိုးပွင့်စီမံကိန်းအဆင့် ၁ ကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးခဲ့တာ ပထမ လေးလမှာ နိုင်ငံသား စိစစ်ရေးကတ် ၁၄၀၀၀၀ ကျော်၊ သန်းခေါင်စာရင်း ၁၈၀၀၀ ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အဲဒီလေးလ ပြီးတော့ နှစ်လ နားပါတယ်။ မိုးပွင့်အဆင့် ၂ ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ လုပ်ခဲ့ပါတယ်။ အခုနားနေတာ နှစ်လ ပြည့်ပါပြီ။ အခု မိုးပွင့်အဆင့် ၃ ကို ဇွန်လ ၁ ရက်နေ့မှာ ပြန်လည် စတင်ပါမယ်။ ကွင်းဆင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ၎င်းက “မိုးပွင့်စီမံချက်အရ နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံသားနှစ်မျိုး ရှိပါတယ်။ တစ်မျိုးက မွေးရာပါ နိုင်ငံသားပါ။ မွေးရာပါ နိုင်ငံသား ဆုံးဖြတ်တဲ့အခါမှာ လူမျိုးဘာသာ အပေါ်မှာ အခြေခံတာ မဟုတ်ဘဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်တာပါ။ ဒီဥပဒေပုဒ်မ ၃ အရ မြန်မာနိုင်ငံလို့ သတ်မှတ်ထားတဲ့ နယ်နမိတ်အတွင်း မျိုးနွယ်စုကြီးရှစ်ခု (ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်) တို့မှ ပေါက်ဖွားလာတဲ့ ပုဂ္ဂိုလ်တွေသည် မွေးရာပါနိုင်ငံသား ဖြစ်သည်လို့ ပြောထားပါတယ်။ ပုဒ်မ ၅ က အဲဒီနိုင်ငံသား မိဘနှစ်ပါးက မွေးတဲ့သူတွေသည် မွေးရာပါ နိုင်ငံသား ဖြစ်ပါတယ်။ အခုကျွန်တော်တို့ လုပ်ပေးတဲ့ မိုးပွင့်သည် မွေးရာပါ နိုင်ငံသားတွေကို လုပ်ပေးတဲ့စနစ် ဖြစ်ပါတယ်။ နောက်နိုင်ငံသားတစ်မျိုးက ဥပဒေအရ ဆုံးဖြတ်တဲ့ နိုင်ငံသားပါ။ သူတို့က မွေးရာပါ နိုင်ငံသား မဟုတ်ပါဘူး။ နိုင်ငံသားဖြစ်ချင်လို့ လျှောက်ရင်းနဲ့ သတ်မှတ်တဲ့ Criterial နဲ့ညီလို့ အဆင့်ဆင့်ဥပဒေအရ ဖြစ်လာတဲ့ နိုင်ငံသားမျိုးပါ။ အခုမိုးပွင့်မှာ အဲဒီလိုပုဂ္ဂိုလ်မျိုးကို လုပ်မပေးပါဘူး”ဟု ပြောကြားခဲ့သည်။ ထို့အပြင် “မြန်မာနိုင်ငံရဲ့ တည်နေရာ အနေအထားအရ အားလုံးသိတဲ့အတိုင်း တစ်ဖက်မှာ အင်အားသန်း ၁၂၀၀ လောက်ရှိတဲ့နိုင်ငံ၊ တစ်ဖက်မှာ အင်အား ၁၃၀၀ လောက်ရှိတဲ့နိုင်ငံ၊ အနောက်မှာ သန်း ၁၃၀ လောက်ရှိတဲ့ နိုင်ငံနဲ့ ကပ်နေတဲ့နိုင်ငံပါ။ အဲဒီနိုင်ငံတွေမှာ ရှိနေတဲ့ လူမျိုးစုတွေက ကျွန်တော်တို့ လူမျိုးစုတွေနဲ့ ပုံသဏ္ဌာန်၊ ဘာသာတရားနဲ့ ဓလေ့ထုံးစံတွေ တူတာများတယ်။ မြေပြင်မှာ လူဦးရေ ရောထွေးမှုဟာ အမှန်တစ်ကယ် ဖြစ်ပွားနေပါတယ်။ အထူးသဖြင့်က မြန်မာပြည် အနောက်ဘက်ခြမ်း ရခိုင်ဒေသမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေပါ။ ကျွန်တော်တို့ နိုင်ငံမှာနေတဲ့ ဘင်ဂါလီလူမျိုးများကို ကာကွယ်တားဆီးရန် မလိုအပ်သော်လည်း နီးစပ်မှုရှိနေတဲ့ လူတွေက အမှန်တစ်ကယ် ရောထွေးမှုတွေက အမှန်တစ်ကယ် ရှိနေတဲ့အတွက်ကြောင့် သူတို့နဲ့ပတ်သက်ပြီး သွားလာတာတွေက ကျွန်တော်တို့ နိုင်ငံထဲမှာ လုံခြုံရေးကိစ္စများ အပါအ၀င် အခြားလူမျိုးရေးကိစ္စများ ကျူးလွန်ဖောက်ဖျက်မှု မရှိအောင် တားဆီးတဲ့လုပ်ငန်းများ ဆောင်ရွက်ရပါတယ်” ဟုပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။