ကာတာလေကြောင်းလိုင်း ရန်ကုန်-ဒိုဟာ ခရီးစဉ် ပြန်စမည်
၂၀၀၈ ခုနှစ်က ရပ်နားထားတဲ့ ကာတာလေကြောင်းလိုင်းဟာ အခုလာမယ့် အောက်တိုဘာ ၃ ရက်နေ့မှာ ရန်ကုန်-ဒိုဟာ ခရီးစဉ်ကို ပြန်စတင်ပါတော့မယ်။
မြန်မာ့ ခရီးသွားလုပ်ငန်းဝန်ကြီး ဦးတင့်ဆန်းနဲ့ ကာတာအဲဝေးစ်ရဲ့ အရှေ့အာရှနဲ့ အာဖရိကအနောက်တောင်ဒေသဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ တို့ မနေ့မနက်က နေပြည်တော်မှာ ဆွေးနွေးအပြီး သတင်းထုတ်ပြန်လိုက်တာပါ။
ကာတာ လေကြောင်းလိုင်းဟာ ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်မှ ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့အထိ ၁ ပတ် ၄ ကြိမ် ပြေးဆွဲခဲ့ပြီးနောက် ရပ်နားထားတာပါ/
ခရီးစဉ် ပြန်စစချင်း ၁ ပတ်ကို ၃ ကြိမ် ပြေးဆွဲမှာဖြစ်ပေမယ့် အောက်တိုဘာ ၂၈ ရက်ကျရင်တော့ နေ့စဉ်ပြေးဆွဲမှာဖြစ်ပါတယ်။
ကာတာ လေကြောင်းလိုင်း ပုံမှန်ပြေးဆွဲရင် မြန်မာနိုင်ငံကနေ ဥရောပ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကို သွားလာရ အဆင်ပြေမှာ ဖြစ်ပါတယ်။
မြန်မာဝန်ကြီး ဦးတင့်ဆန်းကလည်း ဒီခရီးစဉ် ပြန်ပြေးဆွဲပေးမှာကို ကြိုဆိုပြီး ငပလီ (သံတွဲ)၊ ဟဲဟိုး၊ ပုဂံ ခရီးစဉ်တွေကို တိုက်ရိုက်ပျံသန်းပြေးဆွဲပေးဖို့လည်း ဆွေးနွေးပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေ အလွယ်တကူဝင်နိုင်အောင် e – visa စနစ်အပါအဝင် ဟိုတယ်တွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အဆင့်မီဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ပြောဆိုပါတယ်။
ဒီလဆန်း ပိုင်း ဟိုတယ်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန သတင်းအရ ရန်ကုန်မြို့မှာ ဟိုတယ် ၁၈၉ လုံးရှိပြီး အိပ်ခန်း ၈၀၁၆ ခန်း ရှိတယ်လို့ သိရပါတယ်။

DVB