Latest Highlight

အမေရိကန်က ဘာတွေလုပ်မှာလဲ


ဧပြီလ ၄ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရာမှာ တိုးတက်မှုများ ရရှိခဲ့တဲ့ အခြေအနေ၊ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ခဲ့ အခြေအနေ နှစ်ခုကို တုန့်ပြန်တဲ့ အနေနဲ့ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူထားမှု တစ်ချို့ကို ဖယ်ရှား ပေးမယ်လို့ ပြောခဲ့တယ်။ နောက် နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိတွေက သတင်းစာ ဆရာများကို တယ်လီ ကွန်ဖရင့် လုပ်ပြီး အသေးစိတ် ရှင်းပြပါတယ်။ အဲဒီ သတင်းနှစ်ခုကို အခြေခံပြီး အမေရိကန် နိုင်ငံရဲ့ တုန့်ပြန်မှုဟာ ဘယ်လို အကျိုး သက်ရောက်မှု ရှိမယ် ဆိုတာ လက်လှမ်း မီသလောက် ရှင်းပြချင်ပါတယ်။ 

ကလင်တန်ရဲ့ ပြောကြားချက်မှာ အမေရိကန်ဘက်က လုပ်ဆောင်မယ့် အစီအစဉ် ၅ ခုပါတယ်။
ပထမ လုပ်ငန်းက သံအမတ် ပြန်ထားဖို့ ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စကို ဇန်နဝါရီလ အကျဉ်းသားတွေ ပြန်လွှတ်ကထဲက ကြေညာ ထားပါတယ်။ အခုတော့ အမေရိကန်ဘက်က ခန့်ချင်တဲ့လူကို မြန်မာဘက်ကို အဆိုပြုမယ်လို့ ဆိုပါတယ်။ မြန်မာဘက်က လက်ခံရင် အမည်စာရင်း တင်သွင်းမှုကို တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။ အမေရိကန် အခြေခံ ဥပဒေအရ အဲဒီ သံအမတ် ခန့်အပ်မှုကို အထက် လွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ အမေရိကန် ကွန်ဂရက် အနေနဲ့လည်း မြန်မာနိုင်ငံက တိုးတက်မှုများကို အသိအမှတ် ပြုထားပြီး ဖြစ်လို့ အတည်ပြုနိုင်ဖို့ အချိန် သိပ်လိုမယ် မထင်ပါဘူး။ သံအမတ် ခန့်အပ်မှုဟာ ၁၉၈၈ နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်တဲ့အတွက် နိုင်ငံရေးအရ အဓိပ္ပါယ် ကြီးမားတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ 

ဒုတိယ လုပ်ငန်းကတော့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အေဂျင်စီ UNDP ကို မြန်မာနိုင်ငံ အတွင်းမှာ ပုံမှန်လုပ်ငန်း လုပ်ဆောင်ခွင့်တွေ ပေးအပ်မှာ ဖြစ်ပြီး အမေရိကန် နိုင်ငံရဲ့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID ကိုလည်း မြန်မာနိုင်ငံမှာ တရားဝင် ရုံးဖွင့် ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံဟာ ကုလသမဂ္ဂကို ရန်ပုံငွေ အများဆုံး ထည့်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်က UNDP ကို အစိုးရနဲ့ တိုက်ရိုက် ပူးပေါင်း ဆောင်ရွက်ခြင်း မလုပ်ဖို့၊ UNDP အကူအညီနဲ့ နိုင်ငံတကာ၊ ပြည်တွင်း အင်န်ဂျီအိုများက ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်တဲ့ အခါမှာလည်း အစိုးရဌာနတွေ၊ ဒေသ အာဏာပိုင်တွေနဲ့ ပူးပေါင်း မလုပ်ဖို့၊ အစိုးရ လုပ်ငန်းတွေကို အကူအညီပေးရာ ရောက်မယ့် ကိစ္စတွေမှာ မလုပ်ဖို့ တားမြစ် ထားပါတယ်။ နှစ်စဉ်လည်း UNDP က မြန်မာနိုင်ငံထဲက သူတို့ လုပ်ငန်းတွေဟာ အစိုးရကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး အကျိုး သက်ရောက်မှု မရှိပါဘူး ဆိုတာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို အာမခံရတယ်။ ဒါ့ကြောင့် အခု ဒီကန့်သတ်ချက်ကို ဖယ်ရှားပြီး ပုံမှန် လုပ်ဆောင်ခွင့် ပြုတဲ့အတွက် UNDP ဟာ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲမှု လျှော့ချရေးတွေမှာ အစိုးရ ၀န်ကြီးဌာနများနဲ့ သဘော တူညီချက် ရယူပြီး နိုင်ငံတွင်း အစီအစဉ်များကို အကောာင်အထည် ဖော်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ ပြည်သူတွေ အတွက် အင်မတန် အကျိုးရှိတဲ့ အချက်ပါပဲ။ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID ဟာ တော်လှန်ရေး ကောင်စီ မတက်ခင်က မြန်မာနိုင်ငံမှာ ရုံးဖွင့်ပြီး အကူအညီ ပေးခဲ့တယ်။ တော်လှန်ရေး ကောင်စီ လက်ထက်မှာ ရုံးပိတ်ခိုင်း လိုက်ပါတယ်။ အခုမှ ပြန်ဖွင့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ USAID က အရင်တုံးက ဘန်ကောက်ရုံးကနေ အကူအညီ ပေးခဲ့တာ ဖြစ်ပြီး မနှစ်က ဒေါ်လာ ၃၅ သန်း အကူအညီ ပေးခဲ့တယ်။ ဒါပေမယ့် အင်န်ဂျီအိုတွေကို ပေးတာဖြစ်ပြီး အစိုးရကို တိုက်ရိုက် မပေးပါဘူး။ အခုတော့ အခြေအနေ ပြောင်းသွား တော့မယ် ထင်ပါတယ်။ ဒီအကူအညီတွေကို အများဆုံး ရနိုင်တာတော့ ပညာရေး၊ ကျန်းမာရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ ဒီမိုကရေစီ ထွန်းကားရေး အတွက် အထောက် အကူ ဖြစ်မယ့် လုပ်ငန်းများ ဖြစ်ပါတယ်။ 

တတိယ လုပ်ငန်း ကတော့ အမေရိကန် နိုင်ငံက ပုဂ္ဂလိက အဖွဲ့အစည်းများကို မြန်မာနိုင်ငံ အတွင်းမှာ ပရဟိတ အကျိုးအမြတ် မယူတဲ့ လုပ်ငန်းများမှာ ပါဝင် ကူညီ ဆောင်ရွက် ခွင့်ပြုပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိတွေက အသေးစိတ် ရှင်းပြရာမှာ အမေရိကန် ဖောင်ဒေးရှင်းတွေ၊ ပညာရေး၊ ကျန်းမာရေး အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံထဲက ကျန်းမာရေး၊ ပညာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒီမိုကရေစီ မြှင့်တင်ရေးနဲ့ တစ်ခြား စီးပွားရေး အကျိုးအမြတ် မယူတဲ့ လုပ်ငန်းများမှာ ကူညီခွင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းက လူမှု အဖွဲ့အစည်းတွေ ပိုပြီး တိုးတက်ဖို့ အခြေအနေပေးတဲ့ အပြင် မြန်မာ လူငယ်တွေ ပညာတော်သင်ဆုတွေ ပိုရနိုင်မယ့် အခွင့်အရေး၊ တက္ကသိုလ်တွေ အနေနဲ့ နိုင်ငံတကာ အကူအညီများ ပိုရနိုင်မယ့် အခွင့်အရေးတွေကို လမ်းပွင့် သွားစေမှာ ဖြစ်ပါတယ်။
စတုတ္ထ လုပ်ငန်းကတော့ မြန်မာ အဆင့်မြင့် အစိုးရ အရာရှိကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များကို အမေရိကန် နိုင်ငံကို လာရောက် ခွင့်ပိတ်ပင်ထားတာကို ပယ်ဖျက်ပြီး နှစ်ဘက်ကြား ပိုမိုထိတွေ့ ဆက်ဆံဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကလင်တန်က select government officials and parliamentarians လို့ သုံးသွားတော့ အားလုံးကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ နားလည်ရပါတယ်။ အရင်က ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းထဲမှာ ပါနေတဲ့ လူတွေထဲက ပြုပြင် ပြောင်းလဲရေးကို ဆက်လက် ဆန့်ကျင် နေတယ်လို့ ယူဆသူများကိုတော့ လာခွင့်ပြုမှာ မဟုတ်ဘူးလို့ နားလည်မိပါတယ်။ အမေရိကန် အရာရှိတွေက ရှင်းလင်းရာမှာလည်း ဒီသဘောကို ရှင်းပြ သွားပါတယ်။ 

ပဉ္စမ လုပ်ငန်းကတော့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ၊ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ဖို့ အကန့် အသတ်နဲ့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ကလင်တန်က a targeted easing of our ban on the export of U.S. financial services and investment လို့ သုံးပြီး ပြောသွားပါတယ်။ ဒါ့ကြောင့် တစ်ချို့ ကန့်သတ်ချက်တွေ ကတော့ ဆက်ရှိနေဦးမယ့် သဘောပါပဲ။ အမေရိကန် အရာရှိတွေက ငွေကြေး ၀န်ဆောင်မှုနဲ့ ရင်းနှီး မြှုပ်နှံမှုအပေါ် ကန့်သတ်ချက်တွေကို အဆင့်ဆင့် လျှော့ပေါ့ ပေးသွားမယ်လို့ ဆိုတယ်။ သူတို့က မြန်မာနိုင်ငံမှာ အကြွေး ၀ယ်ယူခွင့်ကဒ် သုံးတာ အပါအ၀င် အီလက်ထရောနစ် ငွေကြေး ၀န်ဆောင်မှု ကိစ္စတွေ ထွန်းကား လာအောင် ကူညီမယ်၊ အမေရိကန် ဘဏ်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးဖွင့်ခွင့် ရမယ်လို့ ဆိုတယ်။ ဒီတော့ အရင်က ပိတ်ထားတဲ့ ဒေါ်လာ အသုံးပြုပြီး နိုင်ငံတကာ အရောင်း အ၀ယ်တွေမှာ ငွေချေခွင့် မပြုတာ၊ နောက်ပြီး အမေရိကန် ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ခွင့် မရတာတွေ မရှိတော့ဘူး ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ လူတိုင်းရမှာ မဟုတ်ဘူး။ အမေရိကန် အရာရှိတွေက ပြုပြင် ပြောင်းလဲရေးကို ဆန့်ကျင်နေသူတွေ၊ နောက်ပြီး မြန်မာနိုင်ငံထဲက နံမည်ပျက် စာရင်း သွင်းထားတဲ့ ဘဏ် တစ်ချို့နဲ့တော့ လုပ်ငန်း ဆက်စပ်ပြီး လုပ်ခွင့်ရမှာ မဟုတ်ဘူးလို့ ဆိုတယ်။ ရင်းနှီး မြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ပြည်သူ အများကို တိုက်ရိုက် အကျိုးရှိစေမယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အားပေးမယ်။ စိုက်ပျိုးရေး၊ ခရီးသွား လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်းမျိုးတွေ ဖြစ်တယ်လို့ ဥပမာ ပေးသွားပြီး သတ္တုနဲ့ ကျောက်မျက် ကဏ္ဍကတော့ အားမပေးဘူးလို့ ဆိုတယ်။ 

အမေရိကန် အရာရှိတွေက အခု လျှော့ပေါ့ ပေးမှုများဟာ အခြေခံ နှစ်ချက်ပေါ်မှာ မူတည်ပြီး လုပ်တာ ဖြစ်တယ်။ ပထမ အခြေခံမူက အစိုးရထဲက ပြုပြင် ပြောင်းလဲရေး သမားများနဲ့ သူတို့ရဲ့ မူဝါဒများကို ထောက်ခံ အားပေးကြောင်း ပြသဖို့ ဖြစ်တယ်။ နောက်အခြေခံမူက ပြုပြင် ပြောင်းလဲရေးကို ဆန့်ကျင် နေသူတွေ ရှိနေသေးတဲ့ အတွက် သူတို့ကို နောက်ကြောင်း ပြန်လှည့်ရင် ဘာတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ သတိပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Source : ပိတောက်မြေ


Write A Comment

Rohingya Exodus