Latest Highlight

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ်များ လွှတ်တော်တက်မယ့်ကိစ္စ အခက်အခဲကို ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာများ ကြိုးပမ်း ဆောင်ရွက် နေ


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော် အစည်းအဝေးများကို ဧပြီ ၂၃ ရက်နေ့မှ စတင် တက်ရောက်နိုင်ရန် မြန်မာအာဏာပိုင်များက ပြောကြားခဲ့သော်လည်း တကယ်တမ်း လွှတ်တော်အစည်းအဝေးများ တက်ရောက်တဲ့အခါမှာ ရွတ်ဆိုရမယ့် ကျမ်းသစ္စာနဲ့ ပတ်သက်ပြီး အခက်အခဲများ ရှိနေကြောင်း၊ ထိုကိစ္စနဲ့ ပတ်သက်ပြီး မကြာမီတွင် ပြေလည်သွားနိုင်ကြောင်း ထို ဖြစ်ရပ်များနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ယနေ့မြန်မာကို ၂၀၁၂ ဧပြီ ၁၃ ရက်နေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းတွင် ပြောကြားလိုက်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် အစည်းအဝေးကို တက်ရောက်ကြတဲ့အခါ ရွတ်ဆိုကြရမယ့် ကျမ်းသစ္စာထဲတွင် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမယ် လို့ ပါရှိနေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များကတော့ ကာကွယ် စောင့်ရှောက်မယ်ဆိုတဲ့ စကားရပ်နေရာမှာ လေးစား လိုက်နာပါမယ်ဆိုတဲ့ စကားလုံးကို ပြောင်းလဲဖို့စေလိုကြတယ်လို့ သိရပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်မီကလည်း အာဏာပိုင်များဘက်က အလားတူ စကားလုံး အသုံးအနှုန်းတွေ ပြင်ဆင်ပေးခဲ့သလို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း တရားဝင် ထုတ်ဖော် ပြောကြားပေးခဲ့ပါတယ်။ လွှတ်တော်အစည်းအဝေးတွင် ကျမ်းသစ္စာ ကျိန်ဆိုကြမယ့်ကိစ္စနဲ့ ပတ်သက်ပြီး “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခက်အခဲကို ကြပ်ပြေးနေပြည်တော်၌ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၂ ဧပြီ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီ တွေ့ဆုံခဲ့စဉ်က ဆွေးနွေးခဲ့ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ထိုကိစ္စနဲ့ ပတ်သက်တဲ့ အကြံပြုမှုများကို မြန်မာအာဏာပိုင်များဆီ တင်ပြထားကြောင်း၊ ဒါ့ကြောင့် မကြာမီအချိန်အတွင်း ပြေလည်မှု ရနိုင်မယ်လို့ မျှော်လင့်ကြောင်း“ မြန်မာအစိုးရ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့နဲ့ နီးစပ်သူတဦးက ယနေ့မြန်မာကို ပြောပြပါတယ်။ စောင့်ကြည့်လေ့လာသူ အသိုင်းအ၀ိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အစည်းအဝေးများကို တက်ရောက်ကာ တိုင်းပြည်အရေး ဆွေးနွေးနိုင်ကြဖို့ကို မြန်မာအာဏာပိုင်များနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အထူး မျှော်လင့်နေကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာအစိုးရအဖွဲ့အတွင်း ပါဝင် တာဝန် ထမ်းဆောင်စေလိုကြသလို လွှတ်တော်ကလည်း ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူ လုပ်ကိုင်မယ်ဆိုရင် ၀မ်းသာအားရ ကမ်းလင့်မယ့် လုပ်ငန်းတွေ ရှိနေကြောင်း၊ သို့သော်လည်း လက်ရှိ မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို အခန်းကဏ္ဍက ပါဝင် ဆောင်ရွက်မယ်ဆိုတာကတော့ ဘယ်သူမှ အတိအကျ မသိကြသေးကြောင်း သုံးသပ်မှုများ ရှိနေပါတယ်။ မြန်မာအစိုးရနဲ့ မြန်မာလွှတ်တော်အသိုင်းအ၀ိုင်းအတွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေးများကို တက်ရောက်ပြီး မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အမြန်ဆုံး ပါဝင် ဆောင်ရွက်စေလိုတဲ့ ဆန္ဒတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ကြားသိနေရတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အခက်တွေ့နေတဲ့ ကျမ်းသစ္စာ ကျိန်ဆိုမယ့်ကိစ္စဟာ အမြန်ဆုံး ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မြင့်လှိုင်

Source :Burma Today News 


Write A Comment

Rohingya Exodus