မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုအားလုံးရပ်ရန် တရုတ်တောင်းဆို
ဟောင်းလီ
မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားမှု အားလုံးကို အမြန်ဆုံး ပြန်ရုပ်သိမ်းပေးဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်းလီက သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။
မစ္စတာဟောင်းလီက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားတဲ့ နိုင်ငံတွေအားလုံးက ဒီပိတ်ဆို့ဒဏ်ခတ်မှုတွေ အားလုံးကို အပြည့်အဝ မြန်နိုင်သမျှ အမြန်ဆုံး ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။ ပြန်လည်ရုပ်သိမ်းတဲ့ နိုင်ငံတွေကို တရုတ်နိုင်ငံက ကြိုဆိုမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သင့်မြတ်ရေး ဖြစ်စဉ်နဲ့ တည်ငြိမ်ဖွံ့ဖြိုးရေးဆီ တွန်းအားပေးတဲ့အရာဖြစ်ဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရသွားတာနဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။
တရုတ်နိုင်ငံဟာ ၂၀၁၀ ရွေးကောက်ပွဲ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အနိုင်ရစဉ်က ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရစဉ်ကလည်း ပထမဆုံး ဂုဏ်ပြုခဲ့ဖူးပါတယ်။
အလားတူ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းကလည်း ကမ္ဘေဒီယားနိုင်ငံမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန်ရုပ်သိမ်းဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။
အမေရိကန်နဲ့ ဩစဩေလျနိုင်ငံတွေကတော့ ပိတ်ဆို့ဒဏ်ခတ်မှု လျော့ပေးမယ်လို့ တရားဝင် ထုတ်ဖော် ပြောဆိုထားပါတယ်။
by – ပီတာအောင်
Source : DVB News