Latest Highlight

မြန်မာနိုင်ငံဆိုင်ရာ ခြေလှမ်းသစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်(သတင်း ဆောင်းပါး)











အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် (http://www.state.gov/secretary/rm/2012/04/187439.htm) 

-၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုဘက်ကလည်း သူတို့ ပြောဆိုထားခဲ့တဲ့ ဖြစ်ပေါ် တိုးတက်မှုတွေကို လိုက်လျောညီထွေရှိတဲ့ တုန့်ပြန်မှုတွေနဲ့ တုန့်ပြန် ဆောင်ရွက်မယ်ဆိုတဲ့အတိုင်း မြန်မာပြည်မှာ သံအမတ် ခန့်အပ်ဖို့ အပါအ၀င် လျော့ပေါ့မှုတွေ စတင် လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က ဧပြီ ၄ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက “ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲဟာ အများ လိုလားတောင့်တမှုကို ပြသလိုက်တာဖြစ်ပြီး လွှတ်တော်အတွင်းကို ပြုပြင်ပြောင်းလဲလိုတဲ့ မျိုးဆက်သစ်တွေ ရောက်ရှိသွားတာဖြစ်ကြောင်း၊ လွန်ခဲ့တဲ့လများအတွင်း ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ ဥပဒေသစ်များ ချမှတ်ကာ နိုင်ငံရေးနဲ့ လူမှုရေး အဖွဲ့အစည်းများရဲ့ အခွင့်အရေးများကို ကျယ်ပြန့်လာစေခြင်း၊ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့များ တွေ့ဆုံ ဆွေးနွေးခြင်း အပါအ၀င် ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ တိုင်းပြည် ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း“ စသည်ဖြင့် အစချီ ပြောကြားကာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်တွေရဲ့ ခြေလှမ်းသစ်များအကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန Treaty Room တွင် ဧပြီ ၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။ အမေရိကန်တွေဟာ မြန်မာအစိုးရကို ပိတ်ဆို့အရေးယူတဲ့ နည်းလမ်းနဲ့ ကာလအတန်ကြာ ဆက်ဆံခဲ့ပြီးနောက် လွန်ခဲ့တဲ့ နှစ်များမှ စတင်ကာ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ဆက်ဆံခဲ့ပါတယ်။ ထိုမှတဆင့် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာကိစ္စများကို အလျော့ပေးဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဟယ်လာရီကလင်တန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ခြေလှမ်းသစ်များတွင် ၁။ တရားဝင် ကြေငြာချက် အရင် ထုတ်ပြန်ပြီးနောက် ရန်ကုန်တွင် အမြဲတမ်း အမေရိကန်သံအမတ်ကြီး ခန့်အပ်ရန်၊ (၁၉၈၈ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်တွေက သူတို့ရဲ့ သံအမတ်ကြီးကို ပြန်လည် ခေါ်ယူခဲ့ပြီး သံတမန်ဆိုင်ရာ ဆက်သွယ်မှုများကို လျော့ပေါ့ခဲ့တဲ့နောက် ပထမဆုံးအကြိမ်အဖြစ် သံအမတ်ခန့်အပ်မယ့်ကိစ္စ ပြန်လည် ပြောဆိုတာ ဖြစ်ပါတယ်။) ၂။ မြန်မာပြည်တွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီပေးရေး လုပ်ငန်းစဉ်များ ထူထောင်ရန်နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်မှတဆင့် မြန်မာနိုင်ငံအတွက် အကူအညီပေးမှုများကို ထောက်ပံ့ပေးရန်၊ ၃။ အမေရိကန်နိုင်ငံမှ ပုဂ္ဂလိက အဖွဲ့အစည်းများအနေနဲ့ မြန်မာပြည်တွင်း၌ လူမှု အကျိုးပြုလုပ်ငန်းများ၊ ဒီမိုကရေစီ ထူထောင်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်အတွက် တွန်းအားပေးရန်၊ ၄။ အစိုးရ အရာရှိများနဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ပြီး အမေရိကန်ပြည်ထောင်စုတွင် လာရောက် လေ့လာနိုင်ရေးအတွက် စီစဉ်ရန်၊ ၅။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မှုကို တွန်းအားပေးစေရန်အတွက် အမေရိကန် ငွေကြေးလုပ်ငန်းများနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနဲ့ ပတ်သက်တဲ့ စီးပွားရေးပိတ်ဆို့မှုကို လျော့ချနိုင်ရေးအတွက် စတင်ရန် စသည်ဖြင့် ပါဝင်ပါတယ်။ ထိုသို့ လျော့ပေါ့မှုတွေ စတင်တော့မှာ ဖြစ်ပေမယ့်လည်း သမိုင်းဝင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ အခြားတဖက်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းများနဲ့ ပတ်သက်တဲ့ ပိတ်ဆို့မှု၊ တားမြစ်မှုတွေကတော့ အရင်အတိုင်း ရှိနေဦးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က ဆက်လက် ပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်တွင် ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများ အစည်းအဝေးကနေပြီး အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားတာတွေ လျော့ချပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်လွှတ်တော်မှာ စီးပွားရေး ပိတ်ဆို့မှု ဥပဒေမူကြမ်းတွေ ဦးဆောင် တင်သွင်းခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းကလည်း ဧပြီ ၃ ရက်နေ့တွင် “အထက်လွှတ်တော်အတွင်းရှိ လုပ်ဖော်ကိုင်ဖက်များနဲ့ တိုင်ပင်ကာ မြန်မာပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်ကောင်းမွန်ဖို့၊ မြန်မာအစိုးရနဲ့ လွှတ်တော်တို့ ပြုလုပ်နေကြတဲ့ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ အင်အားကောင်းလာဖို့အတွက် စီးပွားရေး ပိတ်ဆို့မှု လျော့ချရေး နည်းဗျူဟာများကို တိုင်ပင် ဆွေးနွေးသွားမယ်“ လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်တွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ပိုမို နီးကပ်စွာ ဆက်ဆံမယ့်အကြောင်းနဲ့ စီးပွားရေး ပိတ်ဆို့မှုအနည်းငယ် လျော့ပေးနိုင်ကြောင်း ပြောဆိုခြင်းကို မြန်မာစီးပွားရေးသမားတွေက ကြိုဆိုကြကြောင်း သတင်းများ ကြားသိရသလို မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာဖို့ အလားအလာကောင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာ စီးပွားရေးသမားများအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် အမေရိကန်ဒေါ်လာအစား အခြား နိုင်ငံတကာသုံး ငွေကြေးများကို အစားထိုး သုံးစွဲရခြင်းများ ရှိတဲ့အတွက် စီးပွားရေးအရ အတော့်ကို အဆင်မပြေ ဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် မေ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ထောက်ခံအားပေးသူများကို စစ်အစိုးရ လက်ဝေခံ စွမ်းအားရှင်များက ၀ိုင်းဝန်း ရိုက်နှက် သတ်ဖြတ်ခဲ့ကြပြီးနောက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ မြန်မာစစ်အစိုးရကို ဒဏ်ခတ်ခဲ့ပါတယ်။ အမေရိကန်တွေဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံကို ပိတ်ဆို့ အရေးယူတွေ စတင် ကျင့်သုံးခဲ့ရာ စီးပွားရေး ပိတ်ဆို့ခြင်းကို အရေးမစိုက်ကြောင်း မြန်မာအာဏာပိုင်တွေ အနှစ် ၂၀ ခန့် ဆက်တိုက် ပြောဆိုလာခဲ့ရာကနေ အခုအချိန်မှာတော့ စီးပွားရေး ပိတ်ဆို့မှုကြောင့် ဆုံးရှုံးမှုများ ရှိကြောင်း မြန်မာ အစိုးရနဲ့ စီးပွားရေးသမားများ ပြောဆိုလာပါတယ်။ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ကြေငြာချက်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်ရဲ့ ပြောကြားချက်များကို အပြုသဘော ကြိုဆိုခဲ့ကြသူများ ရှိသလို အလျင်စလို လိုက်လျောမှုတွေ ပြုလုပ်လိုက်မလားလို့ စိုးရိမ်နေကြသူများလည်း ရှိနေပါတယ်။ အမေရိကန်တွေရဲ့ ကြေငြာချက်ကို အရှေ့တောင်အာရှနိုင်ငံများရဲ့ အစိုးရများ၊ မြန်မာ စီးပွားရေးသမားများနဲ့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ကြသူများက ၀မ်းသာအားရ ထောက်ခံကြသော်လည်း မြန်မာ့ ဒီမိုကရေစီရေး လုပ်ကိုင်နေကြသူများ၊ လေ့လာစောင့်ကြည့်သူများနဲ့ အကဲခတ်များကတော့ ရာနှုန်းပြည့် မထောက်ခံကြပါဘူး။ ဘာ့ကြောင့်ဆိုတော့ အမေရိကန်တွေဘက်က အလျော့ပေးမှုတွေ ရပြီးသွားတဲ့အခါ တိုင်းသူပြည်သားများ ကောင်းစားရေး လုပ်ငန်းစဉ်ကို မြန်မာအစိုးရဘက်က မျက်ကွယ်ပြုလိုက်မလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပွင့်လင်းမှုတွေ မြင်လာရပြီဆိုပေမယ့်လည်း မြန်မာရုပ်ရှင် အစည်းအရုံးအား အစိုးရလက်က ကင်းလွတ်တဲ့ အဖွဲ့အစည်းအဖြစ် ထူထောင်တဲ့ကိစ္စကို အာဏာပိုင်များဘက်က သဘောမတူတဲ့ အသံများ ထွက်နေသလို နိုင်ငံရေး အကျဉ်းသားအရေး၊ တိုင်းရင်းသားဒေသများက လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပြည်တွင်းစစ် ရပ်စဲရေး၊ စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်လာမယ့် အလားအလာကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က လုပ်ဆောင်သင့်သလောက် မလုပ်ဆောင်တာတွေ ရှိနေသေးတဲ့အတွက် အကယ်၍များ အမေရိကန်တွေဘက်က လိုက်လျောမှု အလွန်အကျွံ ပေးလိုက်သည်ရှိသော် မြန်မာအစိုးရဘက်က လုပ်ဆောင်သင့်တဲ့ကိစ္စတွေကို မျက်ကွယ်ပြုလိုက်မှာလားဆိုပြီး လေ့လာသူများက ပူပန်နေကြပါတယ်။ ပြောင်းလဲတော့မယ့် အမေရိကန်တွေရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒများနဲ့ ပတ်သက်ပြီး နိုင်ငံအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) အတွင်းရေးမှူး ကိုဘိုကြည်ကို ၂၀၁၂ ဧပြီ ၅ ရက်နေ့တွင် ယနေ့မြန်မာက ဆက်သွယ်မေးမြန်းခဲ့ရာ “အမေရိကန်ဘက်ကတော့ သူတို့ဂတိတွေအတိုင်း ဆောင်ရွက်နေတာ ရှိတယ်။ အမေရိကန်ရော ဥရောပသမဂ္ဂအနေနဲ့ရော စဉ်းစားသင့်တာက ဦးသိန်းစိန်အစိုးရကရော ဘယ်လောက်အထိ သူတို့ဂတိတွေကို တည်သလဲအပေါ်မှာ သေသေချာချာ စဉ်းစားဖို့ လိုပါတယ်။ အခုအချိန်အထိတော့ အပေါ်ယံ ပြောင်းလဲမှုပဲ ရှိတယ်။ ပြည်သူလူထုအတွက် ပြောင်းလဲမှုတွေ မရှိသေးဘူး။ ရန်ကုန်မြို့မှာ မီးတွေ ပျက်နေတယ်ဆိုတဲ့သတင်း ကျယ်ကျယ်ပြန့်ပြန့် ကြားနေရတာ ရှိတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ပေါ့။ ဥပဒေ စိုးမိုးမှုဆိုတာကိုလည်း မတွေ့ရသေးပါဘူး။ တဖက်က ကောင်းတာလုပ်တဲ့အချိန်မှာ ဆုပေးတာမျိုးတွေ ရှိသလို တဖက်က ဆိုးတာလုပ်တဲ့အချိန်မှာလည်း ဒဏ်ပေးတာမျိုး ဖြစ်သင့်တယ်။ တဖက်ကလည်း ဖိအားပေး၊ တဖက်ကလည်း ပူးပေါင်းဆောင်ရွက်တာမျိုး သေသေချာချာ လုပ်နိုင်တဲ့အခါကျတော့မှ ဒိ့ထက်ပို တိုးတက်လာနိုင်မယ်လို့ မြင်ပါတယ်“ လို့ အနောက်နိုင်ငံတွေဘက်က ပြောင်းလဲလာတဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သုံးသပ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ (မြန်မာနိုင်ငံ) ဟာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ သို့သော်လည်း ဇန်န၀ါရီလက နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်မပေးခင်ကာလက နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ (မြန်မာနိုင်ငံ) က ပြုစုတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းတွင် ရာဇ၀တ်မှု ကျူးလွန်သူများ ပါဝင်နေတယ်ဆိုတဲ့ စွတ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ “လိုအပ်တာထက် ပိုပြီး ထည့်သွင်း ပြောဆိုတာတော့ ကျွန်တော်တို့ဘက်က မရှိပါဘူး။ ကျွန်တော်တို့ ထည့်သွင်းထားတဲ့ ပုဂ္ဂိုလ်တွေက တကယ် အဖမ်းခံခဲ့ရသူတွေ ဖြစ်ပါတယ်။ အခုလည်း အကျဉ်းသား ငါးရာဝန်းကျင်လောက် ဘယ်နေရာမှာ ရှိတယ်ဆိုတာ တိတိကျကျ ပြောဆိုထားတာ ရှိပါတယ်။ နအဖနဲ့ မြန်မာအစိုးရမှာလည်း နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုဖြစ်တယ်ဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုထားတာမရှိပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပုဒ်မများဆိုတာရှိတယ်။ ကျွန်တော်တို့က အဲဒီပုဒ်မတွေနဲ့ စာရင်းကောက်ပါတယ်။ ဒီပုဒ်မတွေနဲ့ လွဲချော်စာရင်းကောက်တာ ကျွန်တော်တို့မှာ မရှိဘူး။ သူတို့ လူသတ်မှုဆိုပြီး ငြင်းဆန်တဲ့သူတွေထဲက ကရင့် လွတ်မြောက်ရေးတပ်မတော်က အရာရှိ အရာခံ အကြပ်တပ်သားတွေကို ပုဒ်မ ၁၇ (၁) (၂)၊ လူသတ်မှုတွေနဲ့ စွဲဆိုထားတာ ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့က နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်“ လို့ ပြောပြပါတယ်။ နောက်ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ မကြာမီအတွင်း လွတ်လာနိုင်မလားလို့ မေးတဲ့အခါ “အဲဒါကတော့ အတိအကျ ပြောဖို့ ခက်ပါတယ်။ နိုင်ငံရေးအကျဉ်းသား လွတ်မယ်ဆိုတဲ့သတင်းကတော့ ထွက်နေတာရှိတယ်။ တကယ် လွတ်လာမှပဲ လွတ်တယ်လို့ ပြောနိုင်မှာပါ။ လွတ်မယ်ဆိုရင်တောင်မှ အကုန် တပြိုင်နက် လွတ်လာမယ်လို့ မမျှော်လင့်ပါဘူး။ မလွတ်ခင်မှာလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုဖို့ လိုတယ်။ ချွင်းချက် မရှိ လွတ်ဖို့လိုတယ်။ ဒါက အဓိကကျတဲ့အချက် ပါ။ လွတ်ပြီးသား နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာလည်း အစိုးရဘက်က သတ်မှတ်ထားတဲ့ ပြစ်မှုတွေကို ပယ်ဖျက်ပေးဖို့ လိုပါတယ်။ ဒိ့ထက် အရေးကြီးတာက နောက်ထပ် ဆက်ပြီး မဖမ်းဖို့လည်း လိုပါတယ်။ တိုင်းရင်းသားဒေသတွေမှာ မတရား သတ်တယ်။ ဖမ်းတယ်လို့ ကြားနေတာရှိပါတယ်။ ဒါတွေ ချက်ခြင်းရပ်ဖို့ လိုပါတယ်။ အဲဒီဒေသတွေကို လူ့အခွင့်အရေးအဖွဲ့တွေ လွတ်လွတ်လပ်လပ် သွားရောက် လေ့လာခွင့်ပေးဖို့ လိုပါတယ်“ လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ရှေ့ခြေလှမ်းများအပေါ် စိုးရိမ်တကြီး စောင့်ကြည့်နေသူတွေထဲမှာ ၀ါရှင်တန် အခြေစိုက် ယူအက်စ် ကဲန်ပိန်း ဖော် ဘားမား (US Campaign for Burma) မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံတွင်း စည်းရုံး လှုပ်ရှားမှု အဖွဲ့က မိုင်ရာလည်း ပါဝင်ပါတယ်။ သူက “အမေရိကန်ပြည်ထောင်စုရဲ့ ခြေလှမ်းသစ်တွေဟာ သိတ်ပြီး မြန်ဆန်လွန်းနေမလား“ လို့ ထုတ်ဖော် ပြောကြားလိုက်သလို “မြန်မာအစိုးရကို ဖိအားပေးမှုတွေ သိတ် လျော့ပေးလိုက်တဲ့အခါ မြန်မာအစိုးရဘက်က လုပ်စရာရှိတဲ့ ပြောင်းလဲမှုတွေ ဆက်ပြီး မလုပ်ဘူးဆိုတာရင် တုန့်ပြန်ဖို့ ခက်သွားလိမ့်မယ်“ လို့ ဆိုပါတယ်။ သူ့အနေနဲ့ အမေရိကန်တွေ မြန်မာပြည်မှာ သံအမတ် ခန့်အပ်တဲ့ကိစ္စ၊ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေ အမေရိကန်ပြည်ထောင်စုကို လာရောက် လေ့လာဖို့ စီစဉ်တဲ့ ကိစ္စတွေကို ကြိုဆိုပေမယ့် ပြည်တွင်းစစ် ရပ်စဲဖို့နဲ့ တိုင်းရင်းသားဒေသရှိ ဒေသတွင်း ထွက်ပြေး တိမ်းရှောင်နေသူများ အရေးကိစ္စကိုလည်း မမေ့သင့်ဘူးလို့ ပြောပါတယ်။ မိုင်ရာဟာ ကရင်ပြည်နယ်တွင်း နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသူတဦးဖြစ်ပြီး မြန်မာအာဏာပိုင်တွေရဲ့ တိုင်းရင်းသားဒေသအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသူ ဖြစ်ပါတယ်။ မိုင်ရာကတော့ မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို တုန့်ပြန်တဲ့နေရာမှာ စီးပွားရေး ပိတ်ဆို့မှုတွေကို စနစ်တကျ တဆင့်ပြီးတဆင့် လျော့ချပေးစေလိုပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့၊ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုံးဝ ပပျောက်သွားအောင် လုပ်ဖို့ဆိုတဲ့ ကိစ္စတွေကို မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေနဲ့ တဆက်တစပ်ထဲ လုပ်ဆောင်ဖို့ လိုလားပါတယ်။ ဧပြီလ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် ကြေငြာတဲ့ အမေရိကန်အစိုးရရဲ့ ခြေလှမ်းသစ်တွေဟာ မြန်မာအစိုးရအတွက် အလားအလာကောင်းတဲ့ ဆုလာဘ်တွေ ဖြစ်ပါတယ်။ သို့သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံတာတွေ ဖြတ်တောက်ဖို့၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေနဲ့ လုပ်ကိုင်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ တိုးတက်ဖို့၊ ခေါင်းဆောင်တွေအနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် တကယ် နားလည်မှုတဲ့ ဂတိက၀တ်တွေနဲ့ လုပ်ဆောင်မှုကို ပြသဖို့ကို သူ့ရဲ့ သဘောထား ထုတ်ပြန်ချက် နိဂုံးပိုင်းမှာ ထည့်သွင်း ပြောကြားထားပါတယ်။

မြင့်လှိုင်


Source :Burma Today News 

Write A Comment

Rohingya Exodus