မြန်မာစစ်တပ် ညှဉ်းပန်းမှုတွေ ကျူးလွန်ဟု HRW စွပ်စွဲ
ကချင်ပြည်နယ် မြောက်ပိုင်းမှာ၂ဝ၁၁ ဇွန်လကတည်းက ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ပြည်တွင်း မှာ နေရာမဲ့ ဖြစ်နေတဲ့ သောင်းနဲ့ ချီတဲ့ ပြည်သူလူထုများ အပေါ် မြန်မာအစိုးရက ဆိုးရွားတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ပြီး ကူညီ ထောက်ပံ့ တာတွေ ပိတ်ပင်ထားတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (HRW)က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
နယူးယောက် အခြေစိုက် လူ့အခွင့် အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ‘ဒုက္ခပင်လယ်ဝေခြင်း’ – မြန်မာနိုင်ငံ ကချင်ပြည်နယ်စစ်ပွဲ ကာလအတွင်း မတရား ညှဉ်းပန်းမှု များနှင့် စစ်ကြောင့် အိုးအိမ်မဲ့ဖြစ် ရခြင်းများ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ ထုတ်ပြန်ပြီး ခုလို စွပ်စွဲလိုက်တာပါ။
စာမျက်နှာ ၈၀ကျော်ပါ ဒီ အစီရင်ခံစာမှာ မြန်မာစစ်တပ်က ကချင်ရွာတွေကို တိုက်ခိုက် ဖျက်ဆီးခဲ့ တာတွေ၊ ပိုင်ဆိုင်မှုတွေကို ခိုးယူလုယက် တာတွေ သောင်းနှင့် ချီတဲ့ ပြည်သူတွေ နေအိမ်ကနေ စွန့်ခွာသွား နေရတာတွေကို အထောက်အထားတွေနဲ့  တကွ ရေးသား ထားပါတယ်။
စစ်ပွဲကြောင့် ခန့်မှန်းခြေ ၇၅၀၀၀ ၀န်းကျင် ရှိတဲ့ ကချင် တိုင်းရင်းသားများနဲ့ ဒုက္ခသည်တွေဟာ အစားအစာ၊ ဆေးဝါးနဲ့  ခိုလှုံရာ နေရာများ အလွန်လိုအပ်လျက် ရှိတယ်လို့ HRW အဖွဲ့က ဒေးဗစ် မက်သီဆန် ပြောပြပါတယ်။
“ကချင်ပြည်နယ်မှာ မြန်မာ့ တပ်မတော်က အရပ်သားတွေကို မတော်မတရား လုပ်တာတွေ၊ စစ်တပ် အတွင်းမှာ ခိုင်းစေတာတွေ၊ ကလေးစစ်သား အသုံပြုတာတွေ၊ ပိုင်ဆိုင်တဲ့ ပစ္စည်း ဖျက်ဆီးတာတွေနဲ့ ကချင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တာတွေကို HRW ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ ပြုစု ထားပါတယ်။ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က ကလေး စစ်သား အသုံးပြုတာ၊ မြေမြုပ်မိုင်း အသုံးပြုတာ၊ မတော်မတရား လုပ်တာတွေကလည်း နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်နေသလို ပါပဲ။”
စစ်သားများက သတင်းရရှိဖို့ စစ်ဆေး မေးမြန်းတဲ့ အခါမှာ အရပ်သားတွေကို ညှဉ်းပန်း နှိပ်စက် ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့သလို အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့်ခဲ့တဲ့ သက်သေ အထောက်အထားများကို လည်း HRWအဖွဲ့က တွေ့ရှိခဲ့တယ် လို့ အစီရင်ခံစာ မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာအစိုးရက ဖွဲ့စည်း တည်ထောင်ထားတဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဟာ ကချင်ပြည် နယ်ရှိ ညှဉ်းပန်းမှုတွေကို ကြီးကြပ်ရာမှာ ထိထိရောက်ရောက် လုပ်ဆောင်တာ မရှိဘူးလို့ HRWအဖွဲ့က ဝေဖန်ပါတယ်။
HRWအဖွဲ့ ဟာ ၂၀၁၁ မှာ ကချင်ပြည်နယ်ကို ၂ ကြိမ် သွားရောက်ခဲ့ပြီး ပြုလုပ် ခဲ့တဲ့ တွေ့ဆုံမေးမြန်းချက် ၁၀၀ လောက် ပေါ်မှာ အခြေခံပြီး အစီရင်ခံစာကို ရေးသား ထားပါတယ်။
မြန်မာ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကတော့ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ လဆန်းက ကချင်ပြည်နယ်ကို ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ စေလွှတ်ကာ စုံစမ်း စစ်ဆေး မှုတွေ ပြုလုပ်ခဲ့ပြီး ဒုက္ခသည်တွေကို လူမှု အကူအညီပေးရေး ကိစ္စတွေမှာ ပါဝင် ဆောင်ရွက်မယ် လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ရော ကေအိုင်အေ တပ်ဖွဲ့တွေပါ နှစ်ဘက်စလုံး ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့လည်း တိုက်တွန်း ထားပါတယ်။

by ကိုထွေး DVB