ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့် မြန်မာ့ သဘာဝသယံဇာတ
Written by လှရွှေ
လွန်ခဲ့တဲ့ ခြောက်လ လောက်ကစပြီး မြန်မာ့နိုင်ငံရေး အပြောင်းအလဲက ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်ကို ရောက်လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ ပထ၀ီဝင် အနေအထား၊ အမေရိကန်ရဲ့ မဟာဗျူဟာ ပြောင်းလဲမှုနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကလည်း တိုက်ဆိုင်နေသလို ဖြစ်နေပါတယ်။ ၂၁ ရာစုဟာ အမေရိကန်က ပစိဖိတ်ဒေသ စိုးမိုးရေး ဖြစ်ကြောင့် တရားဝင် ကြေငြာထားပြီး ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မြန်မာ့နိုင်ငံရေး ရေချိန်ကလည်း မြင့်လာနေပါတယ်။ အတိုက်အခံနှင့် လက်ရှိ အုပ်ချုပ်သူတို့ရဲ့ ပြိုင်ပွဲကို ကြည့်ရင်း အနာဂတ်မြန်မာ့နိုင်ငံရေး အခြေအနေကို ခန့်မှန်းတွက် ချက်မှုများလည်း ရှိနေတာကို တွေ့ရပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းက ရွေးကောက်ပွဲအခြေခံ နိုင်ငံရေး (သို့) ဒီထက်ရှုပ်ထွေးနက်နဲမှု ရှိသလားဆိုတာ ဆန်းစစ်ရမယ့် အချိန်ရောက်နေပြီပါပြီ။
အတိတ်ကာလ မြန်မာ့နိုင်ငံရေး
အတိတ်ကာလ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို သုံးသပ်မယ်ဆိုရင် အမြင်နှစ်ခုနဲ့ချဉ်းကပ်ရပါမယ်။ ၁၉၄၈ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး ရေစီးကြောင်း နှစ်ခု ဖြစ်ပ်ါခဲ့ပါတယ်။ ပထမအမြင်ကတော့ လက်ဝဲ၀ါဒရေးရာ အခြေခံတဲ့ အမျိုးသား စည်းလုံးရေးအမြင် လို့ပြောရပါမယ်။ ဒုတိယ အမြင်က ဒီမိုကရေစီ အခြေခံ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ရေး ဖြစ်ပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဗမာအမျိုးသားတွေ တိုင်းရင်းသားတွေကို ဦးဆောင်ခဲ့ပါတယ်။ လွန်လပ်ရေးရပြီး ပေါ်ပေါက်လာတဲ့ ပါလီမန် ဒီမိုကရေစီ စနစ်အောက်မှာ ဗမာ့အမျိုးသားရေး ၀ါဒဟာ လက်ဝဲကို အခြေခံပြီး တည်ဆောက်ခဲ့တာကို တွေ့ရပါတယ်။ အယူဝါဒအရေး တနည်းအားဖြင့် လူတန်းစားပြသနာက ရှေ့တန်းကိုရောက်ပြီး တိုင်းရင်းသားအရေးက နောက်တန်းကို ရောက်ခဲ့ပါတယ်။ လူတန်းစားပြသနာ ပြေလည်သွားရင် တိုင်းရင်းသား ပြသနာ ပြေလည်သွားမယ်လို့ တွက်ချက်ခဲ့ကြတယ်။
ပါလီမန် ဒီမိုကရေစီ စနစ်အောက်မှာ လူမျိုးစု ပြသနာကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ ဗမာ အမျိုးသားရေးဝါဒနဲ့ အတူ စစ်အာဏာရှင်လက်အောက်ကို မြန်မာတနိုင်ငံလုံး နှစ်ပေါင်း ၅၀ ကျော် ရောက်သွားခဲ့ပါတယ်။ ဒီအချက်ကို ကြည့်ရင် မြန်မာ့နိုင်ငံရေး ပဋိကပက္ခမှာ အယူဝါဒ ရေးရာထက် တိုင်းရင်းသား အမျိုးသားတန်းတူရေးက ပိုပြီး အရေးကြီးမယ်လို့ တွက်ချက်လို့ ရပါတယ်။
လက်ရှိ မြန်မာနိုင်ငံရေး
၁၉၄၈ ကနေ ၁၉၆၂ ခုနှစ်အထိ မြန်မာ့နိုင်ငံရေးဟာ ဗမာအမျိုးသားရေး ၀ါဒအောက်မှာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ရေးက အဓိက ဖြစ်ပါတယ်။ တိုင်းရင်းသားများ ပြည်ထောင်စုထဲက ခွဲမထွက်ရေးကို အဓိကထား စဉ်းစားချက်သာဖြစ်ပါတယ်။ ၁၉၆၂ ကျော် ခုနှစ်များ ကိုရောက်တဲ့ အခါမှာ စစ်အာဏာရှင်စနစ်နဲ့အတူ တိုင်းရင်းသား ဒေသတွေမှာ ထွက်ရှိတဲ့ သဘာဝသယံဇာတ ပိုင်ဆိုင်လိုမှုတွေကြောင့် မဟာစစ်ဝါဒ ပေါ်ထွက်လာပါတယ်။ စစ်ဝါဒနဲ့အတူ တိုင်းရင်းသားများအပါ် နိုင်ငံရေးအရ ဘေးဖယ်ထားလိုမှုတွေက ပြည်တွင်း စစ်မီးကို ပိုမိုတောက်လောက်စေခဲ့တာဟာ ပကတိ အခြေအနေဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ တုန်းက ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးနဲ့ တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။ ဒီမိုကရေစီ စနစ်မှာ လူသားတဦးချင်းရဲ့ အခွင့်အရေးတွေကို ပေးထားတဲ့အတွက် တိုင်းရင်းသား အရေးဟာ ကျွဲကူးရေပါ ဖြစ်လာမယ်ဆိုတဲ့ သဘောတရားကို တွေ့ရပါတယ်။
အတိုက်အခံ နိုင်ငံရေး သမားတွေရော၊ နိုင်ငံတကာ ဖျန်ဖြေရေး သမားတွေဘက်ကပါ ဒီမိုကရေစီရေးက တိုင်းရင်းသားအရေးထက် ပထမ ဦးစားပေးဖြစ်တယ်လို့ ခံယူထားပုံရတယ်။ ဒါကြောင့် နိုင်ငံတကာအင်အားစုတွေကလည်း မြန်မာ့အရေးကို စဉ်းစားတဲ့အခါ ဒီမိုကရေစီအရေးက ရှေ့တန်းရောက်ပြီး တိုင်းရင်းသားအရေးက နောက်ကို ရောက်နေပါတယ်။ ဒီမိုကရေစီနှင့်အတူ တိုင်းရင်းသားအခွင့်အရေးတွေ ပါလာမယ်လို့ တွေးပုံရပါတယ်။
ကျိန်စာသင့်တဲ့ နိုင်ငံလား
Resources Curse ဆိုတဲ့စကားလုံးက နှစ်ဆယ်ရာစု ကုန်ခါနီး ဆယ်စုနှစ်တွေမှာ ဖေါဖေါသီသီသုံးလာတဲ့ စကားလုံးဖြစ်ပါတယ်။ “သဘာဝ သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတွေဟာ တိုးတက် မယ့်အစား၊ သံယံဇာတ ကျိန်စာဆိုတဲ့ သဘာဝ အရင်းအမြစ် ကြွယ်ဝမှုတွေက အကျုင့်ပျက် ခြစားမှု၊ ဖိနှိုပ်ချုပ်ချယ်မှု၊ ဆင်းရဲမွဲတေမှုနဲ့ စစ်ပွဲတွေဆီကို ဦးတည်သွားစေတယ်” လို့စာတမ်းတခုမှာ ဖေါ်ပြထားပါတယ်။
၁၉၆၂ နောက်ပိုင်းမှာ တိုင်းရင်းသားတွေကို နိုင်ငံရေးအရ ဘေးဖယ်ထားလိုတဲ့ ဗမာအမျိုးသားရေး အခြေခံ စစ်ဝါဒီ နေ၀င်း လက်ထက်မှာ တိုင်းရင်းသား နယ်မြေတွေမှာ ထွက်ရှိတဲ့ သဘာဝ အရင်းအမြစ် ကို ရှာဖွေမှု စတင်ဆောင်ရွက် လာပါတယ်။ အဆိုးဆုံးက ၁၉၈၈ လူထုအုံကြွမှုတွေကို နှိမ်နှင်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံခြားငွေ ပြတ်လတ်နေတဲ့ စစ်ခေါင်းဆောင်တွေဟာ တိုင်းရင်းသား ဒေသထွက် သယံဇာတတွေကို စိတ်ကြိုက် ထုတ်ရောင်းပြီး လက်နက်နဲ့ ငွေကြေး ဖြည့်ဆည်း ခဲ့ကြတယ်။
ရေနံနဲ့ သဘာဝဓါတ်ငွေ့က မြန်မာစစ်အစိုးရ ရရှိတဲ့ဝင်ငွေက ၂၀၁၁ ခုနှစ်မှာ ၂.၅၂၂ ဘီလီယံရှိပါတယ်။ ကျောက်မျက်ရတနာက ရတဲ့ အခွန်ဘဏ္ဍာက ၂၀၁၁ မတ်လ လေလံတင် ရောင်းချခဲ့ချိန်က ၂.၈ ဘီလီယံရရှိခဲ့ပါတယ်။ အကောင်အထည် ဖေါ်နေဆဲ စီမံကိန်းများနှင့် အကောင်အထည်ဖေါ်ရန် လုပ်ထားတဲ့ ရေကာတာစီမံကိန်းများ၊ သစ်ထုတ်လုပ်ရေး၊ ရေလုပ်ငန်း စတဲ့ သဘာဝ သယံဇာတ တွေကရမယ့် ဘဏ္ဍာငွေဟာ စစ်ခေါင်းဆောင်တွေ အတွက် မက်မောစရာ ဖြစ်လာခဲ့တယ်။ ဒီသယံဇာတ ၉၀ ရာခိုင်နှုန်းက တိုင်းရင်းသား ဒေသတွေမှာဘဲ တည်ရှိပါတယ်။
မြန်မာ စစ်ခေါင်းဆောင်တွေဟာ အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စု မပြိုကွဲရေး ကိုဘန်းပြပြီး တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ သဘာဝသယံဇာတ ရရှိရေးကို အာရုံစိုက်လာပါတယ်။ ၂၁ ရာစု အစောပိုင်းကာလ စစ်ခေါင်းဆောင်တွေရဲ့ မဟာဗျူဟာက တိုင်းရင်းသားတွေကို ထိမ်းချုပ်ပြီး မြေပေါ်မြေအောက် သယံဇာတကို ထုတ်ယူရောင်းချရေး ဖြစ်လာခဲ့ပါတယ်။ ဒီလို ထုတ်လုပ်ရောင်းချခြင်းက စစ်ခေါင်းဆောင်တွေရဲ့ တဦးချင်း ကြွယ်ဝချမ်းသာမှုကို ဖြစ်ပေါ်စေပါတယ်။
သဘာဝ သယံဇာတတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အနေအထားကလည်း အင်အား တောင့်တင်း ခိုင်မာလာခဲ့ပါတယ်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ အင်အားတောင့်တင်းလာမှုက စစ်ဝါဒီတွေအတွက် အခွင့်ကောင်းတရပ် ဖြစ်လာပြန်ပါတယ်။ စစ်တပ် အင်အား ချဲ့ထွင်ဖို့ လမ်းစပွင့်ခဲ့ပြီး၊ စစ်အာဏာရှင်စနစ် ခိုင်မြဲဖို့ အကြောင့် ဖန်လာပြန်ပါတယ်။ သယံဇာ ကြွယ်ဝခြင်းဟာ ဋိပက္ခတွေနဲ့ တိုက်ရိုက် ဆက်စပ်လာခဲ့တယ်။
တောင်းပိုင်းဆူဒန် ဘာကြောင့် ခွဲထွက်သွားသလဲ
တောင်ပိုင်း ဆူဒန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံအတွက် ဥပမာ တရပ် ဖြစ်ပါတယ်။ သဘာဝ သယံဇာတ ခွဲဝေသုံးစွဲရာမှာ မျှတမှုမရှိတဲ့အတွက် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုမှုနှင့်အတူ ပြည်တွင်းစစ်ပွဲ ဖြစ်ပွားခြင်းနှင့် အကျိုးရလဒ် အဖြစ် တောင်ပိုင်း ဆူဒန်ဟာ ၂၀၁၁ ဇူလိုင် ၉ ရက်နေ့မှာ သီးခြားလွတ်လပ်သော နိုင်ငံဖြစ်လာခဲ့ပါတယ်။
၁၉၅၆ ခုနှစ်မှာ လွတ်လပ်ရေးရတော့ လွတ်လပ်ရေးမရခင်က သဘောတူထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး မူကိုဆန့်ကျင်ပြီး မြောက်ပိုင်းအာရပ် မျိုးနွယ်စုတွေ ကြီးစိုးတဲ့ အုပ်ချုပ်ရေးဖြစ်ပေါ်လာခဲ့ပြီး ဘာသာမတူ၊ လူမျိုးမတူတဲ့ တောင်ပိုင်းသားတွေ အပေါ်ဖိနှိပ်မှုတွေနှင့် အတူ ပြည်တွင်းစစ်ကြီး ပေါ်ပေါက်လာခဲ့ပါတယ်။
ဆူဒန်နိုင်ငံရဲ့ ရ၅ ရာခိုင်နှုန်းသော ရေနံသိုက်ဟာ တောင်ပိုင်း ဆူဒန်မှာ တည်ရှိပေမယ့် ရေနံလုပ်ငန်းနှင့် ပတ်သတ်တဲ့ စက်မှုလုပ်ငန်းတွေက မြောက်ပိုင်း ဆူဒန်မှာ တည်ရှိနေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှု ကွာဟချက်က ဆယ်စုနှစ် နှစ်ခုကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မီးကို ပိုမို တောက်လောင် စေခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်အရ ပြည်တွင်းစစ် ကိုရပ်စဲနိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး စာချုပ်နှင့်အတူ တောင်ပိုင်းဆူဒန်ဒေသလည်း ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဗဟိုအစိုးရနှင့် အာဏာခွဲဝေ သုံးစွဲခွင့် ရရှိခဲ့ပြီး ရေနံလုပ်ငန်းမှ ရရှိတဲ့ အကျိုးအမြတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို ခံစားပိုင်ခွင့် ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဇူလိုင် ၉၊ ၂၀၁၁ ခုနှစ်မှာ တောင်ပိုင်းဆူဒန်ဟာ မြောက်ပိုင်းကနေ အပြီးအပိုင်ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ တောင်ပိုင်း ဆူဒန်ပြသနာကို လေ့လာကြည့်ရင် လူမျိုးမတူ၊ ဘာသာမတူသူတွေ အပေါ်ဖိနှိပ်ထားလိုတဲ့ မြောက်ပိုင်းအာရပ် မျိုးနွယ်တွေရဲ့ အမျိုးသားရေးဝါကို တွေ့ရမှာဖြစ်ပြီး၊ တောင်ပိုင်း ဆူဒန်က ထွက်ရှိတဲ့ ရေနံ ရောင်းလို့ရတဲ့ အကျိုးအမြတ်ကို တောင်ပိုင်းဆူဒန် ပြည်သူတွေကို ခွဲဝေခံစားပိုင် မပေးခဲ့ခြင်းဟာ နောက်ဆုံးရလဒ် အဖြစ် နိုင်ငံ နှစ်ခြမ်းကွဲတဲ့ အထိ ဦးတည်စေခဲ့တာကို တွေ့ရှိပါတယ်။
သမိုင်းကြောင်းအရ ဖြစ်ပေါ်လာတဲ့ အမုန်းတရား၊ လူမျိုးကြီးဝါဒအပြင်၊ နိုင်ငံခြားတိုင်းပြည်များရဲ့ စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး သဘာဝသယံဇာကို အရူးအမူးထုတ်လုပ်မှုဟာ ဆူဒန်အတွက် အကွဲအပြဲဇာတ်လမ်း ပေါ်ပေါက်စေတဲ့ အဓိက အကြောင်းအရင်း တရပ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဆူဒန်အပါအ၀င် အာဖရိက ဒေသထွက် လောင်စာကို အဓိက မှီခိုနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံ လိုအပ်ချက်ရဲ့ ၁၁ ရာခိုင်နှုန်းကို အာဖရိက တင်သွင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။
ရှေ့ဆက်ရမယ့် မြန်မာ့ နိုင်ငံရေး
သမိုင်းကြောင်းအရ ဖြစ်ပေါ်နေဆဲ ဖြစ်တဲ့ မြန်မာ့နိုင်ငံရေးပဋိပက္ခမှာ တိုင်းရင်းသားအရေးနှင့် ဒီမိုကရေစီ ကို ခွဲထားလို့မရနိုင်ကြောင်း တွေ့ရပါမယ်။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို မေ့လျော့ပြီး ဒီမိုကရေစီရေးကိုဘဲ အာရုံစိုက်နေခြင်းဟာ သဘာဝ မကျလှတဲ့ အဖြေရှာမှု တခုဖြစ်သာ ဖြစ်ပါတယ်။ ဒုတိယ ပင်လုံညီလာခံမျိုး လုပ်ရမယ်ဆိုတာ တိုင်းရင်းသားတွေရဲ့ ပြသနာ အရေးပါမှုကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက တိုင်းရင်းသားတွေ အရေးဟာ ပြည်တွင်းရေး သီးသန့်မဟုတ်ဘဲ ပြည်ပနိုင်ငံကြီးတွေ ၀င်ရောက်စွက်ဖက်နေတာကို တွေ့ရပါမယ်။ “၀” ပြည်နယ်လို အခြားနိုင်ငံတခု သြဇာခံ ပြည်နယ်တွေ မပေါ်ပေါက်လာဖို့ အတိုက်အခံတွေမှာပါ တာဝန်ရှိနေပါတယ်။
ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲက သယံဇာထိမ်းချုပ်ရေး၊ လူမျိုးရေးဆန်တဲ့ စစ်ပွဲဖြစ်လာတာ မြန်မာ့နိုင်ငံရေးအတွက် အလားအလာ ကောင်းတွေ မဟုတ်ပါဘူး။ ဧရာဝတီ မြစ်အရေးလို ကချင်အရေးကို မတားဆီးနိုင်တာ၊ အရေးတယူ မရှိတာအတွက် နယ်ပယ်အသီသီးက ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ အဲဒီအတွက် နောက်မျိုးဆက်တွေ ပြန်လည်ပေးဆပ်ရ နိုင်ပါတယ်။
နိုင်ငံခြားတိုင်းပြည်အချို့ဟာ သူတို့အကျိုးအမြတ် တခုတည်းကိုသာ ဦးတည်ပြီး ရင်းနှီးမြုတ်နှံနေတာဟာ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်ထက် အပြစ်တွေက ပိုများတယ်ဆိုတာ ဆူဒန်လို နိုင်ငံမျိုးက သက်သေတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးကို အဖြေရှာ စဉ်စားတဲ့အခါ ဒီမိုကရေစီရေး၊ တိုင်းရင်းသားအရေးနှင့် နိုင်ငံကြီးအချို့ရဲ့ သဘာဝသယံဇာတ အကျိုးစီးပွားတွေကြောင့် ဖြစ်ပေါ်နေတဲ့ ပကဓိအခြေအနေကိုပါ ထည့်သွင်းစဉ်းဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း။ ။
လှရွှေ
References;
1. Arakan Oil Watch Report
2. The role of the State in the natural resources and civil war paradigm.
3. Grievances and the roots of insurgences; south Sudan and Darfur.
4. China’s involvement with in armed conflict and post war reconstruction in Africa; Sudan in comparative context.
Source :Maukkha Education Magazine