Latest Highlight

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ နိမိတ်ကြီးလေးပါးနှင့် အနိစ္စတရား(ဆောင်းပါး)




ပါမောက္ခပညာရေးမဂ္ဂဇင်း . ၃၁ မတ်လ ၂၀၁၂ —- ပြည်သူများအပေါ် ရက်စက်လှသော၊ အဂတိလိုက်စားမှု အဓမ္မလုပ်အားခိုင်းစေမှု မူးယစ်ဆေးဝါးအမှု တို့ဖြင့် နာမည်ဆိုးထွက်သော၊ တိုင်းရင်းသား သူပုန်တွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းပြီး လူအခွင့်အရေးအရေး ချိုးဖောက်မှု မျိုးစုံဖြင့် နာမည်ကြီးလှသော၊ ချမ်းသာတဲ့နိုင်ငံကို ဆင်းရဲမွဲတေမှု ချောက်ကမ်းပါးထဲ ရောက်သွားအောင် အလွဲစီမံခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရသည် လွန်ခဲ့သည့်နှစ်က ဗိုလ်ချုပ်ဟောင်းအများစုနှင့် ဖွဲ့စည်းထားသည့် အရပ်သားအစိုးရကို အာဏာလွှဲခဲ့ပြီး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရိပ်အယောင်၊ တိုင်းရင်းသား သူပုန်တပ်တွေနှင့် အပစ်ရပ်စဲရေး၊ စီးပွားရေးကို ခေတ်မှီအောင် ပြုပြင်ဖော်ဆောင်ရေးတို့ကို လုပ်ဆောင်ခဲ့သည်။

ထိုအပြောင်းအလဲများအပေါ် တကယ်မှ ဟုတ်ရဲ့လား၊ ဟန်ပြလား၊ နောက်ပြန်လှည့်နိုင်သလား စသဖြင့် စောကြောနေသူများအတွက် ဦးနှောက်မုန်တိုင်းဆင်ဖို့ အချက် (၄) ချက်ကို တင်ပြထားပါသည်။ ၄င်းအချက်များသည် CSMonitor.com ၏ အာဘော်မျှသာ ဖြစ်ပါသည်။

လက်ဇောင်းထက်သည့် အာဏာရှင်ကို ကြောက်သည်လည်းတပါး

မနှစ်က အနားယူသွားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မျက်မြင်ဒိဌ သမိုင်းအဖြစ်အပျက်များ အပေါ် သင်ခန်းစာ ယူသွားတာ ဖြစ်နိုင်သည်။ အစဉ်အလာအားဖြင့် မြန်မာပြည်က အာဏာရှင်တိုင်း သူ့ထက် လက်ဇောင်းထက်သည့် အာဏာရှင်ပေါ်သောအခါ နေ့ချင်းညချင်း အကျဉ်းစံဘ၀၊ သို့မဟုတ် အိမ်ချုပ်ဘ၀ ရောက်ရ၊ ဆွေမျိုးသားချင်းတွေ စည်းစိမ်ချမ်းသာတွေလည်း ပျက်စီးရသည့် အခြေအနေများနှင့် အဆုံးသတ်ရလေ့ ရှိသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတွက်မူ အရပ်သားအစိုးရကို ထိုးတင်ပေးလိုက်သည့်အတွက် သူ့ကို ဒုက္ခပေးလောက်သည့် နောက်ထပ် အာဏာရှင်တယောက်ပေါ်ပေါက်လာမည့်အရေးကို တွေးပူစရာမလိုတော့ပေ။ လက်ရှိ အာဏာသည် စစ်တပ်၊ အစိုးရအဖွဲ့၊ တဖြည်းဖြည်းအသက်ဝင်လာသော လွှတ်တော် အသီးသီးတို့တွင် ဖြန့်ကျက် ပျံ့နှံ့ကုန်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက်လည်း သဘာဝ သံယံဇာတကြွယ်ဝသော မြန်မာပြည်ကို သူထင်တိုင်းကျဲ အုပ်ချုပ်ခဲ့သည့်အချိန်က စုမိဆောင်းမိသည့် စည်းစိမ်ချမ်းသာ မပွန်းမပဲ့ဘဲ ကားလိပ်နောက်ကွယ်တွင် တိုးတိုးသက်သာ နေနိုင်သည်။



ပေါက်ဖော်ကြီး တရုတ်လက်မှ ရုန်းထွက်လိုခြင်းလည်း တပါး



စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အနောက်ကမ္ဘာနှင့် ဝေးကွာနေသော စစ်အစိုးရသည် အိမ်နီးချင်း ပေါက်ဖော်ကြီး လက်ထဲသို့ တစတစ ကျရောက်ခဲ့ရသည်၊ နိုင်ငံတကာ နိုင်ငံရေး ဇာတ်ခုံတွင်လည်း တရုတ်က အကာအကွယ် ပေးပြန်သဖြင့် စစ်အစိုးရနှင့် ခွဲမရသည့် သွေးသောက် ရဲဘော်ဖြစ်ခဲ့ရပြန်သည်။

မန်မာ စစ်ဗိုလ်ချုပ်တွေကို အဓိက လက်နက်ထောက်ပံ့ပေးသည်က လည်း တရုတ်၊ ကုန်သွယ်ရေးမှာလည်း ၃၅ ရာခိုင်နှုန်းက တရုတ်၊ အငြင်းပွားဖွယ် ရေကာတာများကိုလည်း တရုတ်ကုမ္မဏီများ လက်ကို ၀ ကွက် အပ်ခဲ့သည်။



မကြာသေးခင်နှစ်များ အတွင်းမှာ တရုတ် စီးပွားရေးသမားတွေ မြန်မာပြည်မြောက်ပိုင်းကို ဒီရေလို တလိမ့်လိမ့် ၀င်ခဲ့ကြသည်။ အမှန်တကယ် မြန်မာလူမျိုးတွေက တရုတ်အပေါ်မှာ မယုံကြည်သလို၊ စစ်တပ်ကိုယ်တိုင်ကလည်း တရုတ်အစိုးရက ထောက်ပံ့ပေးခဲ့သည့် ကွန်မြူနစ်သူပုန်ကို ကာလအတန်ကြာ၊ အသက်ပေါင်းများစွာပေးပြီး တိုက်ခဲ့ရသည့် အတွေ့အကြုံကို ဘယ်တော့မှ မမေ့ပေ။



စစ်အစိုးရအနေဖြင့် တရုတ်အပေါ် လုံးလုံးလျားလျားမှီခိုလာသဖြင့် ရှက်လာသဖြင့်၊ အနောက်နိုင်ငံတွေနှင့် ဆက်ဆံရေး ထူထောင်ပြီး တရုတ်ကို ထိန်းညှိရန် နည်းလမ်းကို ရှာဖွေလာသည်။ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြောင်းပြု၍ အမေရိကန်နှင့် ဥရောပသမဂက ချမှတ်ထားသော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့များကို ရုပ်သိမ်းစေလိုသည်။



အကောင်းဆုံးနည်းလမ်းက နိုင်ငံရေးကို ဖွင့်ပြီး မြန်မာပြည်ကြီးလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပါပြီဟု ပြသပြီး ကမ္ဘာကြီးကို စည်းရုံးရန် ပင်ဖြစ်သည်။ သို့နှင့်ရွေးကောက်များပေါ်ပေါက်လာရသည်။

စီးပွားရေးဒဏ်ခတ်မှုနှင့် စီးပွားရေးဒုက္ခအပေါင်းတို့မှ ချုပ်ငြိမ်းလိုခြင်းလည်းတပါး



မြန်မာပြည်တွင် ၁၉၈၈ ခုနှစ်မတိုင်ခင် အရှေ့ပိုင်း ၂၆ နှစ်လုံးလုံး ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက အုပ်ချုပ်ခဲ့သည်။ စီးပွားရေးအရ မြောက်ကိုရီးယား လမ်းကြောင်းနှင့်ဆင်ပြီး တူသောအဆိုးကိုသာ ပေးခဲ့လေသည်။



နောက်ပိုင်းတွင် စီးပွားရေးတံခါး ပြန်ဖွင့်ခဲ့သဖြင့် အကျိုးရလဒ်တစုံတရာ ရလာသည်ဟု ဆိုနိုင်သည့်တိုင်အောင် မြန်မာစစ်အစိုးရအရာရှိများသည် အရှေ့တောင်အာရှတခွင့် ခရီးသွားသည့်အခါတိုင်း ခေါ်မကြား၊ အော်မကြား နောက်ကျခဲ့မှန်း ပိုပိုသိလာကြသည်။

လွန်ခဲ့သော နှစ်ငါးဆယ်က မြန်မာပြည်သည် ကမ္ဘာတွင် ဆန်စပါးအများဆုံး တင်ပို့သော နိုင်ငံဖြစ်ခဲ့လင့်ကစား ယခုအခါ အရှေ့တောင်အာရှတွင် အဆင်းရဲဆုံး တိုင်းပြည်ဘ၀ရောက်နေသည်၊ ဗိုလ်ချုပ်ကြီးများကိုယ်တိုင်းလည်း အရှက်ရ၊ ဂုဏ်သိက္ခာကျစရာဖြစ်ရသည်။ မြန်မာပြည်သည် ၂၀၁၅ အရောက်တွင် အာဆီယံ ဘုံဈေးကွက်ကို ပေါင်းစည်းရန် သံဓိဌာန်ချထားသဖြင့် ၂၁ ရာစု စီးပွားရေးဘ၀ကို အမီလိုက်ရန် နိုင်ငံတကာက ဘက်စုံထောင့်စုံ အကူအညီလိုအပ်သည်။



ထို့အတွက် အနောက်နိုင်ငံများက ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းသွားရန်လိုအပ်လာသည်။ ထို့ကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း (ဒီမိုကရက်တိုက်ဇေးရှင်း) လိုအပ်လာသည်၊ အနည်းဆုံး အနောက် ကမ္ဘာက ကျေနပ်သည့်အခြေအနေ လိုအပ်လာသည်။



အာရတ်နွေဦး ပစ္စရော – ဟောတု

မြန်မာပြည်အဖြစ်အပျက်များက အာရတ်နွေဦးကို အာရှဇာတ်သွင်းထားသော အပြောင်းအလဲမျိုး မဟုတ်ပြန်ပေ။ မြန်မာစစ်ဗိုလ်ချုပ်များသည် မြန်မာပြည်မှာ ဒီမိုကရေစီလမ်းပြမြေပုံဆိုသော အစီအစဉ်ကို အာရတ်နွေဦး မတိုင်ခင် နှစ်ပေါင်းအတန်ကြာတည်းက ချမှတ်ထားလေသည်၊ အရှေ့အလယ်ပိုင်းက အဖြစ်အပျက်များကြောင့် ကြောက်ဖျားမဖျားခင် ကတည်းက ဖြည်းဖြည်းနှေးနှေး ရွေ့ခဲ့ကြပေသည်။

ပို၍ အရေးကြီးသည့်ကိစ္စမှာ အစိုးရသည် ၁၉၈၈ နှင့် ၂၀၀၇ လူထုအုံကြွမှုများကို အောင်မြင်စွာ (ရက်ရက်စက်စက်) နှိမ်နင်းနိုင်ခဲ့သဖြင့် မြန်မာပြည်အပြောင်းအလဲသည် လူထုလှုပ်ရှားမှုများကြောင့် အပြောင်းအလဲများ ဖြစ်ပေါ်လာ သည်လည်း မဟုတ်ပြန်ပေ။ အပြောင်းအလဲဖြစ်စဉ်သည် အထက်မှ လာသော ပုံစံဖြစ်သည်၊ ဗိုလ်ချုပ်များကိုယ်တိုင်က အပြောင်းအလဲ အပြောင်းအလဲလုပ်ရန် သူ့အကြောင်းနှင့်သူ (တခြားအချက်များတွင် ဖော်ပြခဲ့ပြီး) ရှိခဲ့သည်။

အရှေ့အလယ်ပိုင်း အာရှနွေဦး၏ မငြိမ်သက်မှုများကို မြင်တွေ့ရသောအခါတွင် ငါတို့ အမြော်အမြင်ကြီးလှပါတကားဟု သူတို့ကိုယ်သူတို့ အမှတ်ပေးကောင်းပေးနေကြလိမ့်မည်။

ညီစောလွင်

Source: Christian Science Monitor

Write A Comment

Rohingya Exodus