Latest Highlight

ရွေးကောက်ပွဲ ကြည့်ရှုဖို့ အမေရိကန်အဖွဲ့ရောက်ရှိ

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ကြည့်ရှုလေ့လာဖို့ အမေရိကန် ပြည်ထောင်စုက စေလွှတ်မယ့် ကိုယ်စားလှယ် အဖွဲ့ဝင်နှစ်ဦးရဲ့ အမည်တွေကို နိုင်ငံခြားရေးဌာနက မနေ့က ကြေညာသွားပါတယ်။



US Department of State
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းတင်ပြနေစဉ်။


ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အမျိုးသား ဒီမိုကရက်တစ်အဖွဲ့ NDI က Peter Manikas နဲ့ နိုင်ငံတကာ ရီပါပလင်ကင်အဖွဲ့ IRI က Johanna Kao တို့ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland က ပြောပါတယ်။

ဒါပေမယ့် သူတို့တွေဟာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဆိုတာထက် ရွေးကောက်ပွဲ ဘယ်လိုကျင်းပသလဲ ဆိုတာ ကိုယ်တိုင်မျက်မြင် သွားရောက်ကြည့်ရှုကြမှာ ဖြစ်တယ်လို့ Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။

သူက ဆက်လက်ပြောဆိုရာမှာ- အမေရိကန်က စေလွှတ်မယ့်အဖွဲ့ဟာ ရွေးကောက်ပွဲကို စောင့်ကြည့်တယ်ဆိုတဲ့ အဆင့်မှာတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရက ရွေးကောက်ပွဲကျင်းပမယ့် ရက်ပိုင်းအလိုမှ ဖိတ်ခေါ်ခဲ့တာမို့ ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အချက်တွေနဲ့အညီ စစ်ဆေးနိုင်မှာ မဟုတ်လို့ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၂၈ ရက်နေ့ ကနေ ဧပြီလ ၃ ရက်နေ့အထိ လေ့လာကြည့်ရှုမှာ ဖြစ်ပါတယ်။

အလားတူပဲ ကုလသမဂ္ဂက စေလွှတ်မယ့် အဖွဲ့နဲ့ ပတ်သက်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရုံးရဲ့ ပြောခွင့်ရအမျိုးသမီး Eri Kaneko က မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကို တုန့်ပြန်တဲ့ အနေနဲ့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကနေ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာပါ၊ အဲဒီအဖွဲ့ကနေ ရွေးကောက်ပွဲ အစီရင်ခံစာကို အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းကို တင်ပြမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

Source : RFA


Write A Comment

Rohingya Exodus