“အစိုးရတရပ် မျက်နှာနှစ်ခု”
ကြားဖြတ်ရွေးကောက်ပွဲနီးလာနဲ့အမျှ၊ လူထုဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးခရီးစဉ်တလျှောက်လုံးမှာ ပြည်သူလူထုတွေ အင်နဲ့အားနဲ့ တက်ရောက်အားပေး ထောက်ခံလာတာနဲ့အမျှ၊ အာဏာရ ကြံ့ဖွံ့အစိုးရ ကြံ့ဖွံ့ပါတီက လက်ကိုင်ဒုတ်တွေ၊ အလိုတော်ရိတွေ၊ အာဏာပါးကွက်သားတွေရဲ့ မဲထည့်ဖို့ပြင်နေ ကြတဲ့ ပြည်သူလူထုကို ခြိမ်းခြောက်တာတွေ၊ မသမာတဲ့နည်းနဲ့ သွေးဆောင်ဖျားယောင်းတာတွေ၊ မက်လုံးပေးစည်းရုံး တာတွေ၊ အာဏာနဲ့လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး လူထုကိုနည်းအမျိုးမျိုးနဲ့ နှောက်ယှက်ဟန့်တားတာတွေ ပိုလို့ ပိုလို့ ကြားရမြင်ရ ဖြစ်လာပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စလှယ်ကို မဲမပေးရဲအောင်၊ မဲပေးရင် လွဲမှားပြီး ပယ်မဲဖြစ်သွားအောင် လုပ်နေတာ တွေ၊ မဲစာရင်းတွေ မှားယွင်းအောင် အသက်ပြည့်သူတွေမထည့်။ နေရာမမှန်တဲ့သူတွေထည့်၊ မှန်တဲ့သူတွေကိုလည်း ဟိုနေရာပါ ဒီနေရာပါဖြစ်အောင် လုပ်နေတာ၊ သေပြီးသူတွေကို မဲစာရင်းထဲ ထည့်ပေးထားတာတွေ လက်တွေ့ရင်ဆိုင်နေ ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ၊ မဲအနိုင်ရရေး ဆောင်ရွက်သူတွေနဲ့ တခြားပါတီဝင်တွေ၊ တသီး ပုဂ္ဂလိက ကိုယ်စလှယ်လောင်းတွေက မကျေမနပ် တိုင်တန်းပြောဆိုကြတာတွေ သတင်းမီဒီယာတွေကို ဖွင့်ချလာကြတာ တွေကိုလည်း ပိုလို့ကြားလာ၊ တွေ့လာရပါတယ်။
ဒါတွေဟာ အောက်ခြေက လက်ကိုင်ဒုတ်တွေ အလိုတော်ရိတွေနဲ့ အာဏာရှိသူ တာဝန်ရှိပုဂ္ဂိုလ်တွေက သူတို့စိတ် သူတို့ ကိုယ်နဲ့ လုပ်နေကြတာဟုတ်ရဲ့လားလို့ စဉ်းစားသင့်ကြတယ်ထင်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ ခု ဦးသိန်းစိန် ခေါင်းဆောင် တဲ့ အရေခွံလဲ စစ်အစိုးရအဖွဲ့ထဲက ဗိုလ်ချုပ်တဖြစ်လဲ ၀န်ကြီးတွေရဲ့ အာဏာပါဝါတွေအကြောင်း ကောင်းကောင်းသိခဲ့ကြ တဲ့ သူတွေ ဖြစ်နေလို့ပါပဲ။ သူတို့က အမိန့်မပေး မခိုင်းစေဘဲ ခုလို ဥပဒေမဲ့ နှောက်ယှက် ဟန့်တားတာတွေ၊ အာဏာအ လွဲသုံးစားလုပ်တာတွေကို ဘယ်တုံးကမှ မလုပ်ရဲခဲ့ဖူးပါဘူး။ စစ်အာဏာရှင် အဆက်ဆက် လက်တွေ့ဖြတ်သန်းလာခဲ့ပြီး ငါးခြောက်ဆို ဖုတ်ပြီးသား လုပ်ခဲ့ကြရတဲ့ သူတွေဖြစ်ပါတယ်။ ခိုင်းလိုက်တဲ့အတိုင်း ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားသူ တွေကို ကျားမ မရွေး သားကောင်ကို ခွေးအတွေဝိုင်းဆွဲသလို လုပ်ခဲ့ကြတာကိုတော့ မမေ့သင့်ကြပါဘူး။
ပြောလိုရင်းကတော့ ဒီကနေ့အရေခွံလဲ စစ်အစိုးရဟာ နိုင်ငံတကာက ကျေနပ်လက်ခံအောင် တဘက်က ဘယ်တုံးကမှ မလိုက်လျှော ခွင့်မပြုဘူးတဲ့ အခွင့်အရေးတွေကို ပေးနေသလို အောက်ခြေက သူတို့ရဲ့လက်ကိုင်ဒုတ်တွေ၊ အလိုတော်ရိ တွေနဲ့ အာဏာရတာဝန်ရှိ ၀န်ထမ်းတွေရဲ့မတရားအနိုင်ကျင့်မှု၊ အာဏာအလွဲသုံးစား လုပ်မှုတွေကိုလည်း မသိချင်ယောင် နေတာကို တွေ့ရပါတယ်။ ကျနော် အထက်မှာတင်ပြခဲ့သလို အောက်ခြေမှာ လုပ်နေတဲ့သူတွေဟာ အမိန့်တစုံတရာ မရှိ ဘဲ၊ ညွှန်ကြားချက်တစုံတရာ ရမထားဘဲ မလုပ်ရဲတဲ့သူတွေဆိုတာ ရှင်းပါတယ်။ အမိန့်ကိုသာ အမြဲစားသုံးခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ အမိန့်မရရင် ဘာမှမလုပ်ရဲသလို အမိန့်ရရင်လည်း ဘာမှဆိုလုပ်ရဲသူတွေ ဖြစ်ကြပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ တရားဟောဖို့နေရာကို ခွင့်မပြုတာ တွေ လုပ်လာတဲ့မြို့ရွာတွေ များလာနေတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီကိုစလှယ်လောင်းတွေရဲ့ ဓာတ်ပုံတွေကို ဆုတ်ဖြဲဖျက်ဆီးတတွေကိုလည်း လုပ်လာကြတာတွေကို ဆက်တိုက်ဆို သလို ကြားလာနေရပါပြီ။ ကြံ့ဖွံ့အောက်ခြေပါတီဝင်တွေက သူတို့သဘော သူတို့ဆန္ဒနဲ့ ဒီလိုဖျက်ဆီးရေးတွေ လုပ်နေကြ တာ ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ။
နောက် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးတရားပွဲနဲ့ တိုက်ပြီး တက္ကသိုလ်ကျောင်းတချို့မှာ စာမေးပွဲကျင်းပတာ၊ ရုံးဝန်ထမ်းတွေ၊ တပ်မတော်သားတွေကို ရုံးပြင်၊ ကျောင်းပြင် မထွက်ရလို့ တားမြစ်တာတွေဟာ အဲဒီကျောင်းရဲ့ ကျောင်း အုပ်ကြီးတွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေ၊ တပ်မှူးတွေက သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့တော့ အဲဒီလိုအမိန့်မျိုးတွေ မ ထုတ်ရဲလောက်ပါဘူး။ သေချာပါတယ်။ နောက်တခုက လူထုကြည်ညိုလေးစားတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးသိက္ခာချတဲ့ စာရွက်စာတန်းတွေကို လူထုကြားမှာဖြန့်တာ၊ ကပ်တာတွေအထိလုပ်လာတာ တွေ့နေရပါပြီ။ ဒါဟာလည်း ၈၉၊ ၉၀ ခုနှစ်လောက်ကတည်းက စစ်အစိုးရက လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်ဆိုတာ သိမီသူတွေ သိခဲ့ကြပြီ ဖြစ်ပါတယ်။
နိုင်ငံတော်သမတ ကိုယ်တိုင်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးပါမယ်။ နိုင်ငံတော်တည်ဆောက်ရေးမှာ အ စိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပါ။ မိဘပြည်သူတွေရဲ့ဆန္ဒသဘောထားကို လေးစားလိုက်နာပါမယ်လို့ တဖွဖွပြောနေတဲ့ အ ချိန်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ပါတီအဖြစ် ပြန်လည်မှတ် ပုံတင်ခွင့်ပြု ရွေးကောက်ပွဲမှာတောင်ပြန်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့် ပြုထားလိုက်တဲ့အချိန်မှာ ခုလို ပိတ်ပင်ဟန့်တားရဲတာ၊ နှောက်ယှက်ရဲတာတွေကတော့ သူတို့ရဲ့စိတ်ဆန္ဒ သဘောထားနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တာ ဘယ်လိုနည်းနဲ့ မဖြစ် နိုင်ဘူးဆိုတာကတော့ စဉ်းစားတွေးတောတတ်သူတိုင်း အတွေ့ကြုံရှိသူတိုင်း သိကြပြီး ဖြစ်ပါတယ်။
ကောက်ချက်ဆွဲရရင်တော့ အရေခွံလဲစစ်အစိုးရဟာ မျက်နှာနှစ်ဘက်ထား ပြီးသူတို့လိုလားချက်တွေကို ပြည့်ဝရအောင် လုပ်နေတယ်လို့ ပြောရင်မမှားလောက်ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ကိုယ်စလှယ်နေရာ ၄၈ နေရာဟာ လွှတ်တော် မှာ သူတို့အသာစီးယူထားတဲ့ ကိုယ်စလှယ်နေရာတွေအားလုံးနဲ့ ယှဉ်လိုက်ရင် ဘာမှမဖြစ်လောက်ပေမယ့် အဲဒီ ၄၈ နေရာ လုံးနိုင်သွားမှာကိုတောင် မလိုလားပါဘူး။ ဒါကြောင့် စစ်အစိုးရအဆက်ဆက် မွေးလာခဲ့တဲ့ လက်ကိုင်ဒုတ် အလိုတော်ရိ ပြည်သူ့သစ္စာဖောက်တွေကို ကျိတ်ပြီး ကလိန်ကျဖို့ နှောက်ယှက်ဖျက်စီးခိုင်းဖို့ ဘီလူးမျက်နှာ တဖက်ထားပြီး၊ သူတို့ရဲ့ ပိုင် ဆိုင်မှု ငွေကြေး စည်းစိမ်ဥစ္စာတွေကို တရားဝင်ပြန်လည်သုံးစွဲခွင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးနိုင်တဲ့ သူတွေကို၊ သူတို့ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရောက်သွားအောင် လုပ်နိုင်တဲ့သူတွေကိုတော့တဖက်မှာ မင်းသားမျက်နှာပြထားတာဖြစ်တယ် လို့ ပြောချင်တာပါ။
ဒီကနေ့ လုပ်နေတဲ့ အနှောက်အယှက်အဟန့်အတားတွေ၊ မတရားမှုတွေ၊ မဲဆန္ဒရှင်တွေရဲ့မဲတွေကို လိမ်လည်ရယူဖို့ ကြိုးစားနေတာဟာ တခြားသူတွေမဟုတ်ဘဲ အရေခွံလဲ စစ်အစိုးရသာဖြစ်တယ်။ ဒီမိုကရေစီအင်အားစုတွေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုတရပ်လုံး သတိကြီးကြီးထားကြဖို့ လိုတဲ့အကြောင်း သတိပေး တင်ပြလိုက်တာ ပါ။
ပြည်သူလူထုတရပ်လုံးရဲ့အင်အားနဲ့ ၀ိုင်းဝန်းဆန့်ကျင်ကြဖို့သာ ကြိုးစားကြရပါလိမ့်မယ်။ ။
စိုးနေလင်း
Source :နေ့သစ်