ကျားရှာဖွေခန်း
လွန်ခဲ့တဲ့ သုံးလေးနှစ်က ကျောင်းဖွင့်ချိန်မှာ သားကို ကျောင်းအပ်ဖို့  ကျောင်းကို ရောက်ခဲ့တယ်..။ ကျောင်းဝင်းထဲ ၀င်ဝင်ချင်း အခန်းမှာ ဆိုင်းဘုတ်အကြီးကြီးနဲ့  “ကျား ရှာဖွေခန်း” လို့  ရေးထားတဲ့  အခန်းတခန်းကို တွေ့ရလို့  ရင်တွေ ပန်းတွေ တုန်သွားတယ်..။
ဘယ်နှယ့်  မြို့ လည်ကောင် မြို့ ကျက်သရေဆောင် ကျောင်းဝင်းထဲမှာ တောကောင်တွေ ၀င်နေပြီလား.. ဘုရား.. ဘုရား ပေါ့..။ နောက်မှသိရတာက ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေ ဖြေချိန်တုံးက စာဖြေကျောင်းသားတွေကို စာမေးပွဲခန်းထဲ မ၀င်ခင် ခိုးကူးစာရွက်တွေ မသမာတာတွေ ပါ မပါ စစ်ဖို့  လိုအပ်ရင် ခန္ဓာကိုယ်တခုလုံးကို လှန်လှော ရှာဖွေဖို့  အထူးစီမံထားတဲ့ အခန်းပါတဲ့။ အော်.. ဒါဆို “မ ရှာဖွေခန်း” လည်း ရှိဦးမယ်ပေါ့..။
ကိုယ်တွေ ခေတ်က တခါမှ မကြားဖူးခဲ့တဲ့  အစီအမံတွေပါလား။ အင်းလေ..အဲဒီ အချိန်က တိုင်းပြည်ကို ခုလို လွှတ်တော်နဲ့ ဘာနဲ့ ပြည်သူကိုယ်စားပြုပါတယ်လို့ တွင်တွင်ပြောနေတဲ့ အရပ်သား(တပိုင်း) အစိုးရမင်းများ အုပ်ချုပ် နေချိန် မဟုတ်ပေဘူးကိုး..။ စစ်တပ်က အာဏာသိမ်းထားတဲ့  စစ်မင်းများ အုပ်ချုပ်နေချိန်ကိုး။ စစ်ပုံစံနဲ့ ခပ်တင်းတင်း ခပ်ကြပ်ကြပ်ပေါ့ ..။
တခါမှ မမြင်ဘူး မကြားခဲ့ဘူးတဲ့ မြင်ကွင်းတွေပါ။ ကျောင်းတွေမှာ စစ်တပ်လို ရှာဖွေရေး အခန်းတွေနဲ့မို့  ကြည့်မကောင်း ဘ၀င်မကျ..။ ရန်သူ့ နယ်မြေ ၀င်စီးနေတာကျ နေတာပဲလို့ တွေးမိနေတယ်။ အဲဒါနဲ့ မေးစမ်းကြည့်တော့ တချို့  ကျောင်းသားတွေကလည်း ခိုးကြတာ တရားလွန်တယ်တဲ့။ ခိုးနည်းကို မျိုးစုံနေတာပဲတဲ့။ ခိုးကူး စာရွက်ကလေးတွေကိုက ဈေးကွက်တခု ရှိသတဲ့။ ဒီလို ခိုးစရာ အထောက်အကူတွေ လွယ်လွယ်ရနေတော့ ကလေးတွေ ခိုးတာ ဘာဆန်းလဲတဲ့ ..။
တချို့ ကလည်း ပြောကြတယ်..။ တတိုင်းပြည်လုံး သူ့ နေရာနဲ့ သူ ခိုးနေကြတာ ကလေးတွေလည်း အတုမြင် အတတ်သင် ပေါ့တဲ့ ..။ အော်..စစ်အုပ်ချုပ်ရေးခေတ်ကိုး..။
ကျောင်းသားတွေဖက် မေးစမ်းကြည့်တော့  ကျောင်းသားတွေကတော့ ဒီလုပ်ရပ်ကို ဘယ်သူမှ သဘောမကျကြဘူး။ စာတကယ်ကျက်ထားတဲ့ မခိုးတဲ့ ကျောင်းသားတွေခမျာ စာမေးပွဲဖြေကာနီး စိတ်အနှောင့်အယှက် ဖြစ်ကြရတာပေါ့။ တချို့ဆို တုန်ရင်ပြီး ကျက်ပြီးသားစာတွေတောင် မေ့ကုန်ကြရသတဲ့။ ရှာတဲ့  ဆရာတွေထဲမှာလည်း တချို့  ဆရာတွေကတော့ သိပ်မလုပ်ချင်ကြပါဘူး။ အထက်အဆင့်ဆင့်က အမိန့်နဲ့  ခိုင်းလို့သာ လုပ်ရရှာတာကိုး..။ စစ်အုပ်ချုပ်ရေး ခေတ်ကိုး..။ စတိလောက် အဟန့် လောက်ပဲ စစ်ကြရှာသတဲ့..။
တချို့ ဆရာတွေကတော့ တော်တော်ဆိုးသတဲ့ ..။ ရလာတဲ့  အာဏာ ရွေးစိလောက်ကို ဂုဏ်မောက်ပြီး အတွင်းခံပါမကျန် လှန်ကြသတဲ့ ..။ ကျောင်းသားတော်တော်များများက မခံချင်ကြဘူး..။ တချို့ ကလေးတွေများ… တော်တော် သိတယ်..။ ဒါ..လူ့အခွင့် အရေး ချိုးဖောက်တာတဲ့။ အင်းလေ.. စစ်အုပ်ချုပ်ရေးခေတ်ကိုး။
ကိုယ်တွေ ငယ်ငယ်တုံးကကော ဒီလိုဖြစ်ရပ်မျိုးတွေ ရှိခဲ့လားလို့ ပြန်တွေးကြည့်တော့ ဒီလောက် မြင်မကောင်းရှုမကောင်း မရှိပါဘူး။ ဘာပဲပြောပြော ဒီနေရာမှာ ကိုယ့်ဖေဖေကို ကျေးဇူးတင်ရတယ်..။ ငယ်ငယ်ထဲက သူ့ သွန်သင်ဆုံးမ မှုကြောင့်  စာမေးပွဲခန်းထဲမှာ စာမရရင်တောင် ခိုးချဖို့တော့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး..။ မဖြေနိုင်ရင် အိပ်ချင်အိပ်နေမယ်..။ ဒါမှမဟုတ်.. ဂဏန်းအကြီးကြီးတွေကို မြှောက်လိုက် စားလိုက်နဲ့  အလုပ်ရှုပ်နေလိုက်တာပဲ။ ကိုယ့်ကလေးတွေ ကျတော့လည်း ခပ်တင်းတင်း ဂုဏ်လုပ်ပြောနိုင်ခဲ့တယ်။ ဟေ့.. တို့တွေ ငယ်ငယ်ကတည်းက ကျောင်းတက်လာတဲ့  တလျှောက်လုံး ဘယ်တုန်းကမှ စာခိုးမချခဲ့ဖူးဘူးလို့လေ။
အခု သားတို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ဖြေနေတာ တ၀က်ကျိုးမှ သတိရပြီး သားတို့ သူငယ်ချင်းတသိုက်ကို မေးကြည့်မိတယ်။ ကျားရှာဖွေခန်း ဆိုတာ ရှိသေးလားလို့။ စိတ်ထဲမှာတော့ မရှိလောက်တော့ဖူး ထင်တာပေါ့။ ခေတ်ပြောင်းသွားပြီလေ..။ စစ်အုပ်ချုပ်ရေး ခေတ်မဟုတ်တော့ဘူးလေ။ လွှတ်တော် နဲ့ ဘာနဲ့လေ။ လူ့အခွင့်အရေး ကော်မရှင်တွေ ဘာတွေ ရှိနေပြီလေ..။ သန့်ရှင်းသော အစိုးရရဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးတွေ စတင်ကြဖို့  နိုင်ငံတော် သမတကြီး မိန့် ခွန်းခြွေခဲ့တာတောင် ၁နှစ်ပြည့်ပြီလေ။
သားတို့  သူငယ်ချင်းတသိုက်က ရှိတယ်လို့ ပြန်ဖြေတော့  ကိုယ်အရမ်း အံ့သြသွားပါတယ်။ သားတို့ သူငယ်ချင်းတသိုက်က တယောက်တပေါက်နဲ့ အတွေ့ အကြုံတွေပြောပြကြတယ်။ ကျားရှာဖွေခန်းကြီးထဲကို ဖြတ်ရတဲ့အကြောင်းပေါ့ ။ ဘာပဲဖြစ်ဖြစ် ကလေးတွေ စာမေးပွဲ ဖြေကာနီး စိတ်အနှောင့်အယှက် ဖြစ်ရတာ ဘယ်ကောင်းမလဲနော်..။
ထုံးစံအတိုင်း ဆရာတချို့ ကတော့ ခေတ်ပြောင်းချိန်ကို မသိတဲ့  ရှေးရိုးစွဲ အထက်လူကြီးတွေ အမိန့်အရ တာဝန်ကျေရုံ လုပ်ကြပေမဲ့ တချို့ဆရာတွေကျတော့လည်း ဟိုလှန်သည်လှောနဲ့  တော်တော်ရစ်သတဲ့။ သားသူငယ်ချင်းတယောက်က အင်္ကျီအိတ်ထဲမှာ အောင်သပြေရွက်ကလေးတွေ ထည့်ထားတာကို အထပ်ထပ် အပြန်ပြန် လာစစ်နေသေးသတဲ့။
ကိုယ်ကတော့  စိတ်ပူစွာနဲ့ ..သားတို့ ကော ပြသနာတက်သေးလားလို့ မေးတော့ “သားတို့မှာ အစဉ်အလာ မရှိဘူးလေ” လို့  တညီတညာတည်း ပြန်ဖြေကြပါတယ်။ သားတို့ သူငယ်ချင်းတသိုက်ရဲ့ အဖြေကိုကြားတော့ ကြက်သီးမွေးညှင်း ထအောင် ပီတိဖြစ်ရင်း ကိုယ်ကျေနပ်မိပါတယ်။
ဟုတ်တယ်နော်။ လူတွေမှာ သမိုင်းကြောင်းလို့ခေါ်တဲ့ အစဉ်အလာတွေ ရှိကြတယ်။ ကောင်းတဲ့  အစဉ်အလာတွေ ရှိသလို မကောင်းတဲ့ အစဉ်အလာတွေလည်းရှိတတ်ပါတယ်။ အစဉ်အလာကောင်းတွေကို ထိန်းသိမ်း စောင့်ရှောက်ကြ ရင်း၊ မကောင်းတဲ့ အစဉ်အလာတွေကိုလည်း မကောင်းမှန်းသိပြီး ပြုပြင်နိုင်ကြရင် မကောင်းပေဘူးလား…။
နောက်နှစ် နောက်နှစ်တွေမှာ ကျောင်းဆိုတဲ့  ပညာ ဖြန့်ဝေတဲ့ မင်္ဂလာကျက်သရေရှိတဲ့ နေရာမျိုးမှာ စစ်ကြောရေးစခန်းလို ရန်သူ့နယ်မြေ ရောက်နေသလို နိမိတ်တွေထင်ဟပ်နေတဲ့ ကျားရှာဖွေခန်းတွေထားတဲ့ အစဉ်အလာဆိုးတွေ လုံးဝ ပပျောက်ပါစေ။
အဲဒီလို ပပျောက်စေဖို့ ကျောင်းသားတွေဖက်ကလည်းမသမာတဲ့ စာဖြေနည်းတွေကို လုံးဝမသုံးဘဲ ကိုယ့်တာဝန် ကိုယ်သတ္တိရှိရှိယူရတဲ့ အစဉ်အလာကောင်းတွေကိုမွေးယူကြပါစေ။ တကယ်ခေတ်ကောင်းကို အစဉ်အလာ ကောင်းကောင်း ပြောင်းပါစေ။ ။
နီဇူလိုင် (ပါမောက္ခ ပညာရေးမဂ္ဂဇင်း)