Latest Highlight

ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်နဲ့ တိုင်းမ် မဂ္ဂဇင်း ၁၀၀


မြင့်လှိုင်၊ 




Time Magazine here

အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက် ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်းရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာ့ပြည်သူတွေကို လွှမ်းမိုးနိုင်တဲ့ ပုဂ္ဂိုလ် ၁၀၀ စာရင်းအတွက် ကြိုတင် ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းတွင် မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ ပါဝင်ပါတယ်။ တိုင်းမ် မဂ္ဂဇင်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံ မျက်နှာဖုံးနဲ့ ထုတ်ဝေခဲ့ဘူးသလို တိုင်းမ်မဂ္ဂဇင်းရဲ့ ထင်ရှား ကျော်ကြားသူ ၁၀၀ စာရင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့ပြီး ဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စု အခြေစိုက် မဂ္ဂဇင်းတခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကို ထပ်မံ ထည့်သွင်းမှုဟာ အဆန်းတကြယ် မဟုတ်ပေမယ့် ဦးသိန်းစိန်ရဲ့ အမည်ကို ထည့်သွင်းခဲ့တာကတော့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာစစ်အရာရှိဟောင်း ဦးသိန်းစိန်မတိုင်မီ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေဟာ ဆာဒန်ဟူစိန်၊ ကဒါဖီ၊ ကင်မ်ဂျုံအီးတို့နဲ့အတူ ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင်အဖြစ် သတ်မှတ်ခံရသူ ဖြစ်ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင်တဦးရဲ့ လက်အောက်က နိုင်ငံ၊ လွတ်လပ်မှု မရှိဘဲ နှစ်ပေါင်း ၅၀ ကြာ တံခါးပိတ် ဖိနှိပ်ခံထားရတဲ့နိုင်ငံအဖြစ် အနောက်နိုင်ငံအသိုင်းအ၀ိုင်းမှာ လူသိများပါတယ်။

သို့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဦးသိန်းစိန်ဟာ နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့ခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေး ရရှိစေခြင်း အပါအ၀င် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အချိန်တိုအတွင်း ပြုလုပ်လာခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံ အစိုးရများအကြားမှာ နာမည်ကောင်းရလာသူ ဖြစ်ပါတယ်။ ဦးသိန်းစိန်နဲ့ ပတ်သက်ပြီး တိုင်းမ်မဂ္ဂဇင်းက ဖော်ပြတဲ့အခါ ဦးသိန်းစိန်ဟာ ကမ္ဘာကြီးက အံ့အားသင့်သွားစေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ဦးသိန်းစိန်ကို တိုင်းမ် ၁၀၀ စာရင်းထဲ ထည့်သွင်းဖို့ သင့်၊ မသင့် မဲပေးကြရာမှာ (အခု သတင်းရေးသားချိန်အထိ) မဲပေးသူ ၈၈၉ ဦး (၅၀.၈၃ ရာနှုန်း) က ထည့်သွင်းသင့်တယ်လို့ ပြောကြပြီး ၈၆၀ ဦး (၄၉.၁၇ ရာနှုန်း) ကတော့ မထည့်သွင်းသင့်ဘူးလို့ ဆိုပါတယ်။ ဦးသိန်းစိန်ကို ဆန္ဒပြုလိုသူများအနေနဲ့ here ကနေ ဆန္ဒပြုနိုင်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဆန္ဒပြုသူ ၂၈၇၉ ဦး (၈၆.၉၈ ရာနှုန်း) က တိုင်းမ် ၁၀၀ စာရင်းထဲတွင် ပါဝင်သင့်တယ်လို့ သဘောထားပေးကြပြိး ၄၃၂ ဦး (၁၃.၀၂ ရာနှုန်း) ကတော့ မပါဝင်သင့်ဘူးလို့ မဲပေးထားကြပါတယ်။ ၂၀၁၁ ဇန်န၀ါရီ ၁၀ ရက်နေ့က ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးတွင် The Fighter အမည်နဲ့ တွဲဖက်ကာ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံကို ဖော်ပြခဲ့သလို တိုင်းမ် ၁၀၀ စာရင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်အမည်ကို ယခင်က ထည့်သွင်း ဖော်ပြခဲ့ဘူးပါတယ်။ ထို့အပြင် မြန်မာနိုင်ငံက ဘလော့ဂ်ဂါ နေဘုန်းလတ်ဟာလည်း တိုင်းမ် ၁၀၀ စာရင်းဝင်တဦး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ တိုင်းမ် ၁၀၀ စာရင်းအတွက် ဆန္ဒပြုလိုသူများအနေနဲ့hereအင်တာနက်စာမျက်နှာမှတဆင့် ဆန္ဒပြုနိုင်ကြပါတယ်။

၂၀၁၂ တိုင်းမ် ၁၀၀ စာရင်းအတွက် နောက်ဆုံး မဲပေးနိုင်တဲ့ နေ့ရက်ကတော့ ၂၀၁၂ ဧပြီ ၆ ရက်နေ့အထိ ဖြစ်ပြီး တိုင်းမ်မဂ္ဂဇင်းက အယ်ဒီတာတွေက အပြီးသတ် ရွေးချယ်ကြကာ ဧပြီ ၁၇ ရက်နေ့တွင် စာရင်း ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဒီနှစ် တိုင်းမ် ၁၀၀ စာရင်းတွင် အဆိုတော် အဒဲလ်၊ နစ်ကီ မနာ့(ဂ်ျ)၊ ရီယားနား၊ ဘီယွန်းစေး၊ လေဒီဂါဂါ တို့ ပါဝင်သလို တရုပ် ဒု သမ္မတ Xi Jinping ၊ မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်မ်ဂျုံအွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်၊ ရုရှားခေါင်းဆောင် ဗလာဒီမီယာ ပူတင်၊ အမေရိကန်သမ္မတ ဘာရက်အိုဘားမားနဲ့ သမ္မတကတော် မစ်ရှယ်လ် အိုဘားမား၊ ပြင်သစ် သမ္မတ နီကိုလတ်စ် စာကိုဇီတို့လည်း ပါဝင်ကြပါတယ်။ အားကစားသမားများထဲကတော့ အချိန်တိုအတွင်း ရုတ်ချည်း နာမည်ကြီးသွားတဲ့ အမေရိကန် ဘတ်စကက်ဘောသမား (နယူးယောက် နစ်က် အသင်းက ) ဂျာရမီ လင်းမ်၊ ကမ္ဘာကျော် ဘော်လုံးသမား လိုင်ယွန်နယ် မက်စီ တို့ ပါဝင်ပြီး အမေရိကန်အိုင်ဒယ်လ် အစီအစဉ်က အစီအစဉ်ကြေငြာသူ ရိုင်ယဲန် စီးကရက်၊ အမေရိကန် ရုပ်သံ အစီအစဉ်တွေမှာ နာမည်ကြီးတဲ့ အိုပရာ ၀င်းဖရီး၊ ရုပ်ရှင်မင်းသား ဂျော့ရှ် ကလူနီ၊ ဖေ့စ်ဘွတ် တည်ထောင်သူ မာ့က် ဇက်ကဘတ်တို့လည်း ၂၀၁၂ တိုင်းမ် ၁၀၀ စာရင်းအတွက် လျာထားသူစာရင်းထဲမှာ ပါဝင်ကြပါတယ်။

တိုင်းမ်မဂ္ဂဇင်းက ၂၀၁၂ အတွက် ရွေးချယ်မယ့် ကမ္ဘာပေါ်က ပြည်သူတွေကို သြဇာလွှမ်းမိုးနိုင်သူ ၁၀၀ လျာထားသူများ စာရင်းမှာ ထူးထူးခြားခြား မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်တို့ ပါဝင်ခြင်းဟာ နိုင်ငံတကာမျက်နှာစာရဲ့ ထူးခြားချက်တခု ဖြစ်သလို ထိုပုဂ္ဂိုလ် နှစ်ဦးစလုံး ဆန်ကာတင်စာရင်းထဲမှာ ပါဝင်ခဲ့မယ်ဆိုရင်တော့ ပိုလို့တောင် ထူးခြားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။



Original Source here
သတင်း - ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန် တိုင်းမ် မဂ္ဂဇင်း ၁၀၀ - 

Credit : Burma Today

Write A Comment

Rohingya Exodus