Latest Highlight

နေပြည်တော်စည်ပင်ဧည့်ရိပ်သာ နိုင်ငံရေးသမားများ တည်းခိုခွင့်မပြုဟုဆို


နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်


နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုလျှက်ရှိသော မိုးကုပ်မြို့မှ NLD ထောက်ခံသူ ၁၈ဦးအား ဧည့်ရိပ်သာ တာဝန်ရှိသူက နိုင်ငံရေးသမားများ တည်းခိုခွင့် မပြုနိုင်ကြောင်းပြောဆိုကာ ည၁၀နာရီခွဲအချိန်၌ အခြားတည်းခိုခန်းသို့ပြောင်းရွှေ့စေခဲ့သည်ဟု သိရသည်။

အထက်ပါ NLD ထောက်ခံသူ ၁၈ ဦးသည် စည်ပင်ဧည့်ရိပ်သာသို့ မတ်လ ၂၇ ရက်နေ့ညနေတွင်ရောက်ရှခဲ့ပြီး တစ်ညတည်းခိုကာ ၂၈ ရက် နေ့ည ၁၀နာရီခွဲအချိန်တွင်ပြောင်းရွှေ့ စေခြင်းခံခဲ့ရခြင်းဖြစ်သည်။

၎င်း ၁၈ဦးသည် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တွင် ယှဉ်ပြိုင် မည့် NLD ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ မိတ်ဆွေများဖြစ်သကဲ့သို့ ဦးမင်းသူ၏ မဲစွယ်စည်းရုံးပွဲများတွင် အင်အားဖြည့်ကူညီရန် ရောက်ရှိ လာခြင်းဖြစ်သည်ဟု သိရှိရသည်။

"ကို့အနေနဲ့ ဧည့်ရိပ်သာကတာဝန်ရှိသူကို ဖုန်းဆက်ပြောတယ်။ အချိန်ကလဲည ၁၀ နာရီခွဲဖြစ်နေတော့ လူမှုရေး ရှု့ထောင့်ကကြည့်ပြီး တစ်ညတော့ တည်းခိုခွင့်ပေးပါလို့တောင်းဆို လိုက် တယ်။ အဲ့ဒီ တာဝန်ရှိသူက အထက်က ညွှန်ကြားထားလို့ မထားရဲဘူး လို့ပြန်ဖြေတယ်။ အစ်ကိုက အထက်က ဘာညွှန်ကြားထား လဲလို့မေးတော့ နိုင်ငံရေးသမားတွေ တည်းခွင့်မပြုဘူးလို့ပြန်ဖြေခဲ့တယ်။

အဲ့ဒီ ဧည့်ရိပ်သာ ထဲမှာ တည်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ လှုပ်ရှား သူတွေကရော နိုင်ငံရေးသမားတွေ မဟုတ်ဘူးလားလို့မေးကြည့်တယ်။ တစ်ညတော့ တည်းခိုခွင့်ပြုပါလို့ ထပ်ပြီးတောင်းဆိုခဲ့တယ်။ သူက နိုင်ငံရေး သမားတွေ တည်းမယ်ဆိုရင် ကြိုပြီးခွင်ပြုချက် ယူကတယ် ဒါကြောင့်လုံးဝ ခွင့်ပြုလို့ မရပါဘူးလို့ပြန်ပြောခဲ့တယ်။" ဟု ဇဗ္မူသီရိမြို့နယ် NLD ရွေး ကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ ဦးစိုင်းဝင်းနိုင်ဦး ကဆိုသည်။

လက်ရှိ ၄င်း ၁၈ ဦးသည် ၂၈ ရက်နေ့ည ၁၀ နာရီခွဲ အချိန် စည်ပင် ဧည့်ရိပ်သာမှ ပြောင်းရွှေ့ခဲ့ရပြီး အထက်ပါ ဦးစိုင်းဝင်းနိုင်ဦး နေအိမ်၌ တည်းခိုလျှက် ရှိကြောင်း၊ ၄င်းတို့သည် ဧပြီလ ၂ရက်နေ့ထိ တည်းခိုမည်ဖြစ်ကြောင်း သိရသည်။

စွမ်းရဲထွဋ် + စံကျော်
Source :Popular Myanmar News Journal


Write A Comment

Rohingya Exodus