Latest Highlight

တရုတ် (သို့မဟုတ်) အန္တရာယ်ပေးမယ့် ပေါက်ဖော်လား

Written by တာကာယူကီ ကာဆူဂါ



ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ- အပိုင်း (၆)

မကြာခင်တုန်းကပဲ မြန်မာပြည် အရှေ့မြောက်ဒေသက နိုင်ငံတကာ ကုန်သွယ်ရေးနယ်မြေဖြစ်တဲ့ လားရှိုးမြို့က အသစ်ဖွင့်ထားတဲ့ တရုတ်စားသောက်ဆိုင်တဆိုင်ကို သွားခဲ့ပါတယ်။ မိုးသက်မုန်တိုင်း စဲခါစပဲ ရှိပါသေးတယ်။

စားသောက်ဆိုင်ရဲ့ ဒုတိယထပ်ကို တက်သွားတဲ့အခါမှာ လူရွယ် ၁၀ ယောက်ကျော်ကျော်၊ စာပွဲတလုံးမှာ ၀ိုင်းထိုင်နေတာကို တွေ့ရပါတယ်။ မိုးရွာနေတဲ့ အသံကို ဖုံးနိုင်ဖို့ ထင်ပါရဲ့ သူတို့တွေ အသံကျယ်ကျယ်နဲ့ စကားပြောနေကြပါတယ်။

တရုတ်စကားတွေ တရစပ်ပြောနေတဲ့ကြားမှာ ဖဲချပ်တွေနဲ့ မြန်မာငွေစက္ကူတွေက ပလူပျံနေသလား အောက်မေ့ရပါတယ်။ မြန်မာပြည်မှာ အလောင်းကစားလုပ်တာကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပေမယ့် ဒီလူရွယ်တအုပ်ကို ကြည့်ရတာ အာဏာပိုင်တွေကို အာခံပြီး အတင့်ရဲရဲ၊ ဗြောင်ကျကျပဲ အလောင်းကစားလုပ်နေကြပါတယ်။

ကျနော်နဲ့ ပါလာတဲ့ ဧည့်လမ်းညွန်က အောက်ထပ်ပြန်ဆင်းဖို့ မျက်ရိပ်ပြပေမယ့် မဆင်းသေးဘဲ ဒီလူတွေရဲ့ နောက်ခံအကြောင်းကို အသေအချာ သိရအောင် ဆက်နေလိုက်ပါတယ်။

လားရှိုးမြို့က ဆိုင်တော်တော်များများမှာ တရုတ်-မြန်မာနှစ်ဘာသာနဲ့ ဆိုင်းဘုတ်တွေကို တွေ့ရပါတယ်။ ဟိုတယ်မှာ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားတယောက် ဖွင့်ထားတဲ့ တရားမ၀င်ငွေလဲကောင်တာကနေ တရုတ်နိုင်ငံသုံး ယွမ် ငွေ တချို့လည်း ထားပါတယ်။ လေဟာပြင်ဈေးမှာ လမ်းဘေးသစ်သီးသည်လေးကို

တရုတ်ယွမ်းငွေနဲ့ ပေးဝယ်လိုက်တော့ ဈေးသည်လေးက မြန်မာငွေတချို့ ပြန်အပ်လိုက်ပါတယ်၊ ဒါသူ့အတွက် လုပ်ရိုးလုပ်စဉ်ပါပဲ။
စားသောက်ဆိုင်မှာ စားသောက်နေသူတွေက တီဗွီကနေ တရုတ်ဒရမ်မာကားကို စိတ်ပါလက်ပါ ကြည့်နေကြပါတယ်။
စားသောက်ဆိုင်က စာရေးမက “ဒီမှာ တရုတ်စကားမတတ်ရင် နေနိုင်မှာမဟုတ်ဘူး”လို့ ပြုံးရင် ပြောပါတယ်။

မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံး မန္တလေးမြို့ကနေ တရုတ်ပြည်ယူနန်ပြည်နယ်က ကူမင်ကို ဆက်သွယ်တဲ့ လမ်းကြောင်းဟာ လားရှိုးမြို့ကို ဖြတ်သွားပါတယ်၊ အလွန်အရေးပါတဲ့ ကုန်သွယ်ရေး လမ်းမကြီးပါ၊ တရုတ်ပြည်ရဲ့ စီးပွားရေးဇုန်ဟာ မြန်မာပြည်ဘက်ကို ဖြည်းဖြည်းနဲ့ မှန်မှန်ချဲ့ထွင်နေပါတယ်၊ မြန်မာပြည်အလယ်ဗဟိုက မန္တလေးမြို့ကြီးတောင် ချိုင်းနားတောင်း (တရုတ်မြို့) ဖြစ်နေပါပြီ။

စားသောက်ဆိုင်က အလောင်းကစားဝိုင်း ပြီးသွားတဲ့အခါမှာ ကျနော့်ရဲ့ ဧည့်လမ်းညွန်က လူငယ်တယောက်နားကို သွားပြီး ဗမာလိုပြောပါတယ်၊ ဒါပေမယ့် လူရွယ်က အဖက်တောင် မလုပ်ပါဘူး။ ကျနော်ကိုလည်း ဂရုတောင် မစိုက်ပါဘူး၊ ဒီလိုပဲ တခြားလူတွေကလည်း ကျနော့်တို့ကို ရှိတယ်လို့တောင် မအောက်မေ့ကြပါဘူး။

သူတို့ ထွက်သွားတဲ့အခါမှာ ဗမာစကားပြောတဲ့ စာရေးမကပဲ “ဒီလူတွေက ဒီမှာ လာပြီးအလောင်းကစားလုပ်နေကြတာ ၄ နှစ်ရှိနေပြီ” လို့ပြောပြပါတယ်၊ သဘာဝဓာတ်ငွေ့ စီးမံကိန်းနဲ့ ပတ်သက်တဲ့ တရုတ်လူမျိုးတွေဖြစ်တယ်။ ဒီအနားက ဟိုတယ်မှာ နေကြတာလို့ ပြောပြပါတယ်။ ဒီစားသောက်ဆိုင်ရဲ့ ပိုင်ရှင်ကလည်း တရုတ်နွယ်ဖွားဖြစ်ပြီး အလောင်းကစားဝိုင်းမှာ သူလည်း ပါတယ်လို့ ဆိုပါတယ်။ သူ့လို တရုတ်နွယ်ဖွားတွေရဲ့ အရေအတွက်က မြန်မာပြည်မှာ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။

မြန်မာပြည်မှာ ၂၀၀၀ ပြည့်လွန်နှစ်တွေက စလို့ သဘာဝဓာတ်ငွေ့တွေထွက်လာပြီး၊ ဓာတ်ငွေ့ တင်ပို့မှုဟာ တိုင်းပြည်ရဲ့ အဓိက ငွေဝင်ပေါက်ဖြစ်လာပါတယ်။ မြန်မာပြည်ဟာ သဘာဝသံယံဇာတတွေနဲ့ ကြွယ်ဝလို့ တကမ္ဘာလုံးက စိတ်ဝင်စားနေသလိုပဲ ၂၀၁၀ ဇွန်လမှာ တရုတ်ပြည်က ရသွားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကလည်း အခုလက်ရှိ ဆောက်လက်စပါပဲ။

လားရှိုးကို သွားတဲ့ လမ်းတလျှောက် လမ်းမကြီးဘေးက နေရာအတော်များများမှာ ဓာတ်ငွေ့ပိုက်လိုင်းတွေကို အပုံလိုက် တွေ့ရပါတယ်။ တရုတ်နိုင်ငံလုပ် ပိုက်တွေကို တင်ထားတဲ့ နောက်တွဲယာဉ်ကို ဆွဲလာတဲ့ ကုန်တင်ကားကြီးတွေကို ဖြတ်သွားတာကိုလည်း တွေ့ခဲ့ရပါတယ်။
တရုတ်နိုင်ငံကို ဆက်သွယ်မယ့် ဓာတ်ငွေ့ပိုက်လိုင်းနဲ့ အပြိုင် ရေနံစိမ်းပိုက်လိုင်းကြီးလည်း ဆောက်လက်စပါပဲ။

အခုအချိန်အထိ တရုတ်နိုင်ငံဟာ ရေနံစိမ်းတွေကို အာဖရိကနဲ့ အရှေ့အလယ်ပိုင်းကနေ တင်ပို့ပါတယ်၊ မလက္ကာ ရေလက်ကြားကို ဖြတ်ရပါတယ်၊ အခု ပိုက်လိုင်းကတော့ အဲဒီရေနံစိမ်းတွေကို မြန်မာပြည်မှာ ချပြီး၊ ပိုက်လိုင်းကနေ တဆင့်တင်ပို့နိုင်ဖို့ပါ၊ ဒီလိုတင်ပို့နိုင် မယ်ဆိုရင် သယ်ယူပို့ဆောင်ခလည်း အကုန်အကျနည်းပြီး၊ လုံခြုံရေးအရလည်း ပိုပြီး စိတ်ချရမှာဖြစ်ပါတယ်။

“ပိုက်လိုင်းတွေ ဆောက်ပြီးသွားရင် မြန်မာပြည်က ဘာမှ မလုပ်ရဘဲနဲ့ နိုင်ငံခြားငွေတွေ ဒရဟော ၀င်လာမှာ” - လို့ သံတမန်တယောက်က ပြောပါတယ်။

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက မြန်မာပြည်ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲလိုက်ပါတယ်။ သူ့အရင် သမတ ဂျော့ ဒဗလျူဘုရှ်ကတော့ မြန်မာအစိုးရကို ဖိနှိပ်တဲ့ အစိုးရဆိုပြီး တင်းတင်းမာမာပဲ ရပ်တည်ဆက်ဆံခဲ့ပါတယ်။ သံတမန်ကတော့ အိုဘားမား လက်ထက်မှာ အခုလို မူဝါဒပြောင်းသွားရတဲ့ အကြောင်းက မြန်မာပြည်ကို အမေရိကန်နဲ့ အီးယူတို့က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားတဲ့ပေါ်လစီ မထိမရောက်ဖြစ်နေတဲ့ အချိန်၊ တရုတ်က လွှမ်းမိုးလာတာကို လျစ်လျူရူ့ထားဖို့ မဖြစ်နိုင်တော့တာကြောင့်လို့ ဆိုပါတယ်။

ဒီလောက်ဆိုရင် လာရှိုးက စားသောက်ဆိုင်မှာ တရုတ်လူငယ်တွေ ဘာဖြစ်လို့ ဗြောင်ကျကျပဲ လောင်းကစား လုပ်နေကြသလဲဆိုတာကို ဇာတ်ရည်လည်သွားပါတယ်။ မြန်မာပြည်လို လုံခြုံရေးအရ အလွန်အရေးကြီးတဲ့ နေရာမှာ ရှိနေတဲ့ နိုင်ငံ၊ နှစ်နိုင်ငံ အစိုးရတွေရဲ့ အရေးကြီးတဲ့ ပေါ်လစီတွေနဲ့ ပတ်သက်နေတဲ့ စီမံကိန်းက လူတွေက အလောင်းကစားလုပ်ရုံလောက်နဲ့ မြန်မာ အာဏာပိုင်တွေကို ဘာအရေးစိုက်စရာလိုတော့မလဲလေ။ စိတ်ချလက်ချ ကစားနိုင်ကြပြီပေါ့။

ဒါပေမယ့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူတွေ၊ တရုတ်နွယ်ဖွားတွေအပေါ်မှာ မြန်မာ တိုင်းရင်းသားတွေက အမြင်ကြည်လှတာတော့ မဟုတ်ပါဘူး။
မြန်မာပြည်မှာ တရုတ်ပစ္စည်းတွေကို သုံးနေတာက နောက်တပိုင်းပါ၊ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မှာ မြို့ခံတွေက ဈေးချိုတဲ့ တရုတ်လုပ် မော်တော်ဆိုင်ကယ်တွေကို စီးကြပါတယ်၊ ဈေးဆိုင်တွေ၊ လေဟာပြင်ဈေးတွေမှာ တင်ရောင်းနေကြတာလည်း တရုတ်ပြည်လုပ် အ၀တ်အစားတွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေချည်းပါပဲ။

“တရုတ်ပစ္စည်းတွေကြောင့် (တရုတ်ကျေးဇူးကြောင့်) မြန်မာပြည်က လူတွေရဲ့ အခြေအနေ တိုးတက်လာပြီး၊ နေ့စဉ်ဘ၀တွေမှာလည်း အဆင်ပြေမှု ရှိလာတာကတော့ အမှန်ပါပဲ” လို့ ဧည့်လမ်းညွန်က ပြောပါတယ်။

သူ့ စကားက မဆုံးသေးပါဘူး၊ “ ဒါပေမယ့် တရုတ်တွေကို မြန်မာတွေက တ-ယုတ် လို့ ခေါ်ကြတယ်၊ အင်မတန် ဆိုးယုတ်တဲ့ လူတွေဆိုတဲ့ အဓိပ္ပါယ်ပေါ့” - လို့ ဆက်ပြောပါတယ်။

မြန်မာပြည်က လူကုန်ထံတွေ တော်တော်များများက တရုတ်နွယ်ဖွားတွေ ဖြစ်နေပါတယ်၊ သူတို့ အချင်းချင်း ဂွင်ရိုက်၊ တယောက်ကို တယောက် ကူညီရင်း မှောင်ခို စီးပွားရေးလုပ်ငန်းက အစ စီးပွားရေး လုပ်ငန်းမျိုးစုံ ကွန်ယက်ကြီး ထူထောင်ပြီး ကြီးပွားချမ်းသာနေကြပါတယ်၊ မြန်မာပြည်က တခြား တိုင်းရင်းသားတွေက မနာလိုဖြစ်မယ်ဆိုလည်း ဖြစ်လောက်ပါတယ်။

မြန်မာပြည် လွတ်လပ်ရေးရကတည်းက ဗမာလူမျိုးတွေ ခေါင်းဆောင်တဲ့ အစိုးရက မြန်မာပြည်က တရုတ်နွယ်ဖွားတွေရဲ့ စီးပွားရေးအကျိုးစီးပွားရေးကို အရှိန်သတ်ဖို့ အစဉ်တစိုက် စဉ်းစားခဲ့တာ ရှိပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ စစ်အစိုးရက စစ်လက်နက်ပစ္စည်းတွေ ပွဲစားလုပ်ပေးတဲ့ အုပ်စုတွေကို အထူးအခွင့်အရေးတွေ၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေ တိုးပေးလိုက်တာကြောင့် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ကြီးသထက် ကြီးမားလာခဲ့ပါတယ်၊ ဒီလုပ်ရပ်ကို စစ်အစိုးရက အာဏာ တည်မြဲရေးအတွက် လုပ်တာလို့ ဝေဖန်တာလည်း ခံရပါတယ်။

ရန်ကုန်က အိုင်တီကုမ္မဏီက ဥက္ကဌကတော့ “ဒါက မြန်မာပြည်မှာ နေရာစုံမှာ အခွင့်ထူးရနေတဲ့ တရုတ်နွယ်ဖွားတွေကို ထိန်းချုပ်ဖို့ အစိုးရက ရှေ့တလှမ်း တိုးလိုက်တဲ့ နည်းပရိယာယ်တခုပါပဲ”လို့ ပြောပါတယ်။

မြန်မာအစိုးရဟာ မြန်မာပြည်ထဲက တရုတ်တွေကိုသာမက နယ်စပ်မျဉ်းဟိုဘက်က တရုတ်ပြည်ထဲက တရုတ်တွေကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။ ၁၉၈၉ မှာ ဖျက်သိမ်းခံထားရတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီကို မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း လက်နက် အကူအညီတွေ ပေးခဲ့တာက တရုတ်အစိုးရပါပဲ။

“မြန်မာအစိုးရက တရုတ်ကို အကြောက်ဆုံးပဲ၊ မြန်မာပြည်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက်ဆိုရင် အမေရိကန်၊ ဥရောပတို့အပါအ၀င် ဘက်ပေါင်းစုံ သံတမန်ဆက်ဆံရေးကို မြှင့်တင်ထူထောင်နိုင်မှ တရုတ်ကို ထိန်းထားနိုင်မယ်လို့ ယုံကြည်နေတယ်”လို့ သံတမန်တဦးက ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများလေ့လာရေး Institute of Developing Economies အဖွဲ့က တိုရှိဟီရို ကူဒိုက တရုတ်ပြည်က မြန်မာပြည်အတွက် သက်တောင့်သက်သာရှိတဲ့ မိတ်ဖက်လို့ ရူ့မြင်ပါတယ်၊ အကြောင်းကတော့ တရုတ်အစိုးရဟာ အမေရိကန်၊ ဥပရော နိုင်ငံတွေလို ပြည်တွင်းရေး ကိစ္စတွေမှာ ၀င်ရောက်စွက်ဖက်လေ့မရှိတာကြောင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးကို လေးစားဖို့ တောင်းဆိုလာမှာကို မြန်မာအစိုးရအတွက် ပူစရာမလိုဘူးလို့ ဆိုပါတယ်။

စီးပွားရေးတိုးတက်မှုကို ဆက်ထိန်းထားနိုင်ဖို့ကတော့ မြန်မာပြည်အတွက် တရုတ်ပြည်က ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ လိုအပ်ပါတယ်၊ ဒါပေမယ့် ဒီလို သက်တောင့်သက်သာ မဟာမိတ် comfortable partner ကလည်း အန္တရာယ်ပေးတတ်တယ်ဆိုတာကို မြန်မာပြည်သူတွေက နှောကျေအောင် သိထားကြပါတယ်။

(Mainichi Japan) January 25, 2012

နေသွင်

Credit : Maukkha Education Magazine


Write A Comment

Rohingya Exodus