မလေးရှားဝန်ကြီးချုပ် မြန်မာပြည် လာမည်
မလေးရှားဝန်ကြီးချုပ် ဒါတိုဆရီ နာဂျစ်တွန်းရာဇတ်ဟာ မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခင် ရက်ပိုင်းအတွင်း ချစ်ကြည်ရေးခရီး လာရောက်ဖို့ ရှိတယ်လို့ မလေးရှား မီဒီယာတွေမှာ ဖော်ပြပါတယ်။
လာမယ့်သီတင်း ပတ်အတွင်းမှာ မြန်မာနိုင်ငံကို သွား ရောက်မှာဖြစ်ပြီး သမတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကွာလာလမ်ပူမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာအစိုး ရဟာ လာမယ့် ဧပြီ ၁ ရက်ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ မလေးရှားနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေကို ဖိတ်ကြားထားရာမှာ မလေးရှားနိုင်ငံကလည်း နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်ဖို့ ကိုယ်စားလှယ် စေလွှတ်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
မလေးရှား ဝန်ကြီးချုပ်ကတော့ နိုင်ငံတကာကို ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ဖိတ်ခေါ်မှု အပါအဝင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်ကို အားပေးတဲ့အကြောင်းနဲ့ မြန်မာရွေးကောက်ပွဲဟာ အများယုံကြည် လက်ခံနိုင်ပြီး မေးခွန်းထုတ်စရာမလိုတဲ့ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ်မယ်လို့ မျှော်လင့်ကြောင်း သတင်းထောက် တွေကို ပြောကြားထားပါတယ်။
ဒီကနေ့ ထုတ်မြန်မာအစိုးရပိုင် သတင်းစာတွေမှာ မလေးရှားဝန်ကြီးချုပ်နဲ့ ဇနီးဖြစ်သူတို့ဟာ မကြာမီကာလအတွင်း ချစ်ကြည်ရေးခရီး လာရောက်မယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် ဖော်ပြခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ သတင်းတပတ်ကျော်လောက်ကတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ အနီဖာအာမန်ဟာ မြန်မာနိုင်ငံကို ၃ ရက်ခရီး လာရောက်ပြီးနောက် ခုလို မလေးရှားဝန်ကြီးချုပ်ရဲ့ ခရီးစဉ် ထပ်ပြီးပေါ်ပေါက်လာတာပါ။
မလေးရှား ဝန်ကြီးချုပ် မြန်မာနိုင်ငံလာရောက်မယ့် အချိန်လောက်မှာပဲ မလေးရှားပို့ကုန်လုပ်ငန်းရှင် ၄၀ လောက်ပါတဲ့ စီးပွားရေးအဖွဲ့တခုဟာ ရန်ကုန်မှာ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေးအခွင့်အလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် ဆွေးနွးဖလှယ်မှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။
မြန်မာနဲ့ မလေးရှားနိုင်ငံတို့ဟာ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ နည်းပညာ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတာပါ။
နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးကတော့ ၂၀၁၁ မှာ ၂၀၁၀ ခုနှစ်ကထက် ၂၇ ရာခိုင်နှုန်းလောက် ပိုတိုးလာပြီး မလေးရှားရင်းဂစ် ၂ ဒသမ ၄၃ ဘီလျံလောက် အထိရှိတယ်လို့ မလေးရှား မီဒီယာတွေက ရေးသားပါတယ်။
မြန်မာက မလေးရှားကို အဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ ရာဘာနဲ့ ဟင်းသီးဟင်းရွက်တွေ တင်ပို့ပြီး မလေးရှားဆီက သံ၊ သံမဏိထွက်ကုန်တွေ၊ လျှပ်စစ်ပစ္စည်း စားသောက်ကုန်တွေ ပြန်တင်သွင်းပါတယ်။
မလေးရှား နိုင်ငံက မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဖွင့်ပေးလိုက်တဲ့ ၁၉၈၈ နောက်ပိုင်းကတည်းက ခုနှစ်ဆန်းပိုင်းထိ စီမံကိန်း ၄၀ လောက်မှာ အမေရိကန်ဒေါ်လာ ၉၇၇ သန်း ခွဲလောက် ရင်းနှီးမြှုပ်နှံထားပါတယ်။
by ပီတာအောင်
Source :DVB News