Latest Highlight

အကျဉ်းသား လွတ်မြောက်ရေး KNU က စာရင်းပြုစုနေ



KNU ကရင်အမျိုးသားအစည်းအရုံးက အစိုးရနှင့် ယခုလအတွင်း တွေ့ ဆုံဆွေးနွေးသည့်အခါ ၎င်းတို့နှင့် ဆက်နွယ်မှုရှိသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုနိုင်ရန်အတွက် စာရင်းပြုစုလျက် ရှိသည်ဟု KNU ထိပ်တန်းခေါင်းဆောင်များက ပြောသည်။

KNU ဒုတိယဥက္ကဌ စောဒေးဗစ်သာကပေါ က “ကျွန်တော်တို့ အခု ယာယီရထားတာက ၇၀ ၀န်းကျင် ရှိတယ်ပေါ့ဗျာ။ အဲဒီသူတွေ ပြန်လည် လွတ်မြောက် ရေးအတွက် တင်ပြ တောင်းဆိုသွားမှာပါ" ဟု ပြောသည်။

ဖေဖော်ဝါရီလလယ်၌ ပြည်တွင်းတစ်နေရာတွင် ထပ်မံပြုလုပ်မည့် ၀န်ကြီးဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ဆွေးနွေးပွဲတွင် အမှုသစ်များဖြင့် စွဲချက်တင် ခံနေရသည့် ကရင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင် အပါအ၀င် အကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးကို ဆွေးနွေးသွားမည်ဖြစ်သည် ဟု ၎င်းက ဆက်ပြောသည်။
ဇန်န၀ါရီလ ၁၂ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အစိုးရနှင့် KNU တို့ တွေ့ဆုံဆွေးနွေးပွဲ အပြီး ပဒို မန်းငြိမ်းမောင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးကို မူအားဖြင့်သဘောတူခဲ့ကြပြီး ငြိမ်းချမ်းရေး အတွက် နောက်(၄၅)ရက်အတွင်း ထပ်မံ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန်လည်း သဘောတူညီထားသည်။

ထိုဆွေးနွေးပွဲအပြီး နေပြည်တော်သို့ သွားရောက်ခဲ့စဉ်က KNUနှင့် ဆက်နွယ်၍ အကျဉ်းကျနေသူများ စာရင်းကို တင်ပြရန် ၎င်းတို့နှင့် တာဝန်ခံဆွေးနွေးနေသည့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ပြောကြားခြဲ့ခင်း ဖြစ်သည်။

KNU ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ စောဒေးဗစ်ထောကလည်း ဒုက္ခသည်များ ပြန်လည်နေရာ ချထား ရေးကိစ္စ၊ ဆက်သွယ်ရေးရုံး ဖွင့်လှစ်ထားရှိမည့်ကိစ္စ၊ KNU တပ်ဖွဲ့ဝင်များ မှတ်ပုံတင်ရရှိရေးကိစ္စ နှင့် ပထမအကြိမ်ဆွေးနွေးစဉ်က မပြီးပြတ်သေးသည့် ကိစ္စရပ်များကို ယခုလအတွင်း ဆက်လက် ဆွေးနွေးရန် ရှိသေးသည်ဟု ဆိုသည်။

“ကိစ္စတော်တော်များများ ပါပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လောက်အချိန်ယူပြီး ဆွေးနွေးရမယ်ဆိုတာတော့ မပြောတတ်သေးဘူး ”ဟု ၄င်းက ပြောသည်။ 

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ်ကာလမှာပင် KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်သည် ယခင် လူဝင်မှု ကြီးကြပ်ရေး ပုဒ်မများအပြင် နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရာတွင် ပါဝင်မှုဖြင့် ထပ်တိုး စွဲချက် တင်ခံခဲ့ရသည်။
ထို့အတွက် စိတ်မကောင်းဖြစ်ရသော်လည်း “အဲ့ဒီကိစ္စ ပြေလည်လိမ့်မယ်လို့လဲ ယုံကြည်တယ်” ဟု စောဒေးဗစ်ထောက ဆိုသည်။

ဇန်န၀ါရီလ(၁၃)ရက်နေ့က နိုင်ငံတော်သမ္မတက ခွင့်ပြုပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် KNUအဖွဲ့သားအား ညအိပ်လက်ခံခဲ့မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရသူ ဦးစောဆေးဂလယ်ဟဲ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

Source : Messenger News Journal


Write A Comment

Rohingya Exodus