ကာကွယ်ရေးတာဝန်ပဲ ထမ်းဆောင်တဲ့ တပ်မတော် ဖြစ်လာနိုင်မယ်
တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို တနှစ်ပြည့်ပြီးတဲ့ နောက်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကနေ ဖေဖော်ဝါရီ ၃ ရက်နေ့ နိုင်ငံတော်ပြန်တမ်း ထုတ်ပြန်ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် အတည်ပြု ပြန်လည်ခန့်အပ်လိုက်ပါတယ်။
တနှစ်အတွင်း မှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ မြန်မာတပ်မတော်ကို ဘာတွေ လုပ်ဆောင်နိုင်ခဲ့သလဲ ဆိုတဲ့အမြင်နဲ့ ပတ်သက်ပြီး ဒီဗွီဘီ သတင်းထောက် ကိုမင်းလွင်က ပြည်ပအခြေစိုက် ဒီမိုကရေစီနဲ့ဖွံဖြိုးတိုးတက်ရေးအင်အားစုမှ ဦးဌေးအောင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေနဲ့ တပ်မတော်အပေါ် ဘာတွေလုပ်ဆောင်ခဲ့လဲ။
“ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေနဲ့ သူကာကွယ်ရေး ဦးစီးချုပ်တာဝန် ထမ်းဆောင်နေတဲ့ သက်တမ်းမှာ သူအနေနဲ့ ပြည်တွင်းစစ် ပြန်ပြီးတော့ ရင်ဆိုင်လာရတာ ရှိတယ်။ အထူးသဖြင့် ဗမာ့တပ်မတော်အနေနဲ့ နောက်ပိုင်းမှာရှိတဲ့ ကေအိုင်အိုနဲ့ တိုက်ပွဲတွေမှာ အပြင်းအထန် ဖြစ်ပွားပြီးတော့ အကျအဆုံးတွေ များခဲ့တဲ့ အနေအထားတွေလည်း ရှိတယ်။ အဲဒါကြောင့် ဒီသမ္မတက အပစ်အခတ် ရပ်စဲဖို့ အမိန့်ပေးတာတောင်မှ မလိုက်နာဘဲနဲ့ အခုထိ စစ်ဆင်ရေးတွေ နွှဲနေတဲ့ အနေအထားမျိုးတွေရှိတယ်။ နောက်တချက်က ပြန်ကြည့်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ သမ္မတဦးသိန်းစိန် အစိုးရနဲ့ ဆက်ဆံရေးတွေ ပြန်ပြီးတော့ ပြေလည်လာတဲ့အပေါ်မှာ တပ်မတော်ကိုလည်း ချဉ်းကပ်လာတဲ့ပုံမျိုး၊ ကမ်းလှမ်းလာတဲ့ ပုံစံမျိုးရှိတယ်။ အမေရိကန်ရဲ့ အထူးကိုယ်စားလှယ် ဒဲရစ်မီရှယ်ကနေ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သာဓကတွေလည်း ရှိတယ်။ နောက်တခုက ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အနေနဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့ နေရာမှာ နိုင်ငံတကာအနေနဲ့ သံသယရှိစေတဲ့ တပ်မတော်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကနေ နောက်ကြောင်းပြန်လှည့်သွားမလား ဆိုတဲ့ စိုးရိမ်ချက်တွေအပေါ်မှာ သူ့အနေနဲ့ နောက်ကြောင်းပြန်လှည့်သွားစရာ မရှိပါဘူးဆိုတဲ့ ကတိပြု ပြောကြားသွားတာမျိုးကို ကျနော်တို့အနေနဲ့ ထူးခြားချက်အနေနဲ့ တွေ့ရတယ်။”
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လူပုဂ္ဂိုလ်တယောက်အနေနဲ့ ဘယ်လိုလူစားမျိုးလို့ သုံးသပ်ပြောဆိုလို့ ရမလဲ။
“တခုတော့ ရှိပါတယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေနဲ့ပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က စိတ်ကြိုက်ရွေးချယ် တာဝန်ပေးခဲ့တာပဲလေ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ယေဘုယျ ပြောမယ်ဆိုရင်တော့ သူ့အနေနဲ့ကတော့ အထက်ကပေးတဲ့ အမိန့်၊ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဩဇာသက်ရောက်မှုက ပိုများနေတယ်လို့ ကျနော်တို့ ပြောလို့ရနိုင်ပါတယ်။”
ကျ နော်တို့တွေ ကြားသိရသလောက် ဥပမာ သံတမန် အသိုင်းအဝိုင်းကနေ သတင်းတွေ ထွက်နေတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ စစ်တပ်ကို professional army မျိုး ဖြစ်စေချင်တယ်လို့ အမေရိကန် ကိုယ်စားလှယ်တွေကို သူတွေ့ဆုံတဲ့အခါမှာ ပြောပြတယ်ဆိုပြီးတော့၊ ဦးဌေးအောင်တို့ အနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။
“ဟုတ်ပါတယ်။ ဒါကတော့ နဝတ၊ နအဖ သူတို့ အာဏာ စသိမ်းကတည်းက တပ်မတော်ကို ခေတ်မီပြီး အင်အားတောင့်တင်းတဲ့ တပ်မတော်ဖြစ်အောင် တည်ဆောက်မယ်ဆိုပြီး သူတို့စီမံချက်တွေ ချပြီး လုပ်ခဲ့တာပဲလေ။ ဒါပေမယ့်လည်း အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားတဲ့ အနေအထားမှာ သူတို့ စိတ်ကြိုက် တပ်မတော်ကို အစွမ်းထက်မြက်အောင် မလုပ်နိုင်ခဲ့ဘူး။ သူတို့ အနေနဲ့ မလွှဲသာ မဖြစ်သာ တရုတ်နိုင်ငံလို၊ မြောက်ကိုရီးယားလို နိုင်ငံမျိုးနဲ့ ဆက်ဆံခဲ့ရတယ်။ အဲဒီ နိုင်ငံတွေကနေပြီး ဈေးပေါပေါနဲ့ ရောင်းချတဲ့ လက်နက်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲခဲ့ရတာမျိုး ရှိတယ်။ အဲဒီ အနေအထားနဲ့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ လူအင်အားအရ များပေမယ့် စစ်ရေးစွမ်းရည်မှာတော့ အိမ်နီးချင်း ထိုင်းနိုင်ငံကို လိုက်မမီတဲ့ သဘော ရှိတယ်လေ။ ဒီတော့ အမေရိကန်နဲ့ ဦးသိန်းစိန်အစိုးရ ဆက်ဆံရေး ပြန်ကောင်းလာတဲ့ အပေါ်မှာ မြန်မာတပ်မတော်ကိုလည်းပဲ အမေရိကန်တပ်မတော်က ကမ်းလှမ်းလာတဲ့ အနေအထားတွေ ရှိတယ်။ မကြာသေးခင်ကပဲ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံကို သွားပြီး ထိုင်းမှာ အမေရိကန်က နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေမှာ မြန်မာ့တပ်မတော်အနေနဲ့လည်း ပါဝင်ဖို့ သူတို့ကမ်းလှမ်းလာတဲ့ အနေအထားမျိုး စုံစမ်းနေတဲ့ အနေအထားမျိုး ရှိတာကို ကျနော်တို့ တွေ့ရတာ ရှိတယ်။
“ နောက်တခုကလည်း အစဉ်အဆက်ကို ဦးနေဝင်းလက်ထက်ကတည်းက ကြည့်မယ်ဆိုရင် မြန်မာ့တပ်မတော်အနေနဲ့ အမေရိကန်မှာ စစ်ဦးစီး သင်တန်းတွေ သွားတက်တာမျိုး၊ နောက်တခုက မြန်မာထောက်လှမ်းရေး အနေနဲ့လည်း အမေရိကန် စီအိုင်အေမှာ သွားပြီး သင်ကြားတာမျိုးတွေ ရှိတယ်။ အခုလည်းပဲ အမေရိကန် စီအိုင်အေ ညွန်ချုပ်ကိုယ်တိုင် မြန်မာပြည်ကိုလာဖို့ ပြင်ဆင်နေတယ်လို့ ကြားရတယ် ဆိုတော့ ရေရှည်မှာတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေနဲ့ သူ့အနေနဲ့ ဆန္ဒ ရှိမယ်ဆိုရင် အမေရိကန် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာနိုင်တယ်။ အဲဒီလို လုပ်တာဟာ တနည်းအားဖြင့်လည်း မြန်မာ့တပ်မတော် အနေနဲ့ စစ်ရေးစွမ်းရည်ပိုင်းမှာရော၊ လက်နက်ခေတ်မီတဲ့ အပိုင်းမှာပါ အများကြီး ပြောင်းလဲနိုင်တယ်လို့ ကျနော်က ယူဆပါတယ်။”
တကယ်လို့ သူရည်မှန်းသလိုမျိုး မြန်မာ့တပ်မတော်ကို professional army လမ်းကြောင်းပေါ် ရောက်သွားတဲ့အခါကျရင် မြန်မာ့တပ်မတော်ကရော ရေရှည် အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တာ၊ နှောင့်ယှက်တာမျိုးတွေ အဲလို ဖြစ်လာနိုင်ဖို့ ရှိလား။
“တခုတော့ ရှိပါတယ်။ အဲဒါကတော့ သူတို့အနေနဲ့ စိုးရိမ်စိတ်တွေ ပျောက်ကွယ်သွားမယ် ဆိုရင်တော့ ဗမာ့တပ်မတော်အနေနဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ တပ်မတော်နည်းတူ၊ professional တပ်မတော်အနေနဲ့ ပြန်ပြီးတော့ အသွင်ပြောင်းလာနိုင်ပါတယ်။ ဒါပေမယ့် လတ်တလော အနေအထားမှာတော့ ကျနော့်ရဲ့ အမြင်အရကတော့ သူတို့မှာ စိုးရိမ်စိတ်တွေက နက်နက်ရှိုင်းရှိုင်း ရှိနေသေးတယ်။ စိုးရိမ်စိတ် ဆိုတဲ့နေရာမှာ သူတို့ရဲ့ အကျိုးစီးပွားတွေအတွက် ပါသလို ပြည်ထောင်စု တကယ်ပြိုကွဲသွားမှာကိုလည်း တကယ်စိုးရိမ်တဲ့ အချက်တွေ တပ်မတော်ရဲ့ အစိတ်အပိုင်းတချို့မှာ ရှိနေနိုင်ပါတယ်။ အဲ့တော့ ဒီစိုးရိမ်ချက်တွေကို ပျောက်သွားအောင် မြန်မာပြည်မှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာနိုင်ငံသားတိုင်းက ကြိုးစား လုပ်ဆောင်ကြမယ်ဆိုရင်တော့ သူတို့အနေနဲ့ တဖြည်းဖြည်း ယုံကြည်မှုတွေ ရလာတာနဲ့အမျှ တပ်မတော်ဟာ နိုင်ငံရေးနဲ့ တိုက်ရိုက်ပေါ့ ဆက်စပ်မှု မရှိဘဲနဲ့ အခုလို နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ မပါဝင်ဘဲ တပ်မတော်ဟာ ကာကွယ်ရေး တာဝန်တွေကိုသာ ထမ်းဆောင်တဲ့ professional army ဖြစ်လာနိုင်တဲ့ အလားအလာတွေ အများကြီးရှိတယ်လို့ ကျနော်က ထင်ပါတယ်။”
Source :မင်းလွင် DVB