Latest Highlight

မြန်မာကျောင်းသားများအတွက် နော်ဝေကသီးသန့်ပညာသင် ဆုစီစဉ်

 မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကန့် သတ်မှုများကို မကြာသေးခင်က ပယ်ဖျက်လိုက်သည့် နော်ဝေနိုင်ငံက ဘန်ကောက်အခြေစိုက် အာရှနည်း ပညာတက္ကသိုလ်(အေအိုင်တီ)မှ တစ်ဆင့် မြန်မာ ကျောင်းသားများအတွက် သီးသန့်ပညာသင်ဆုအစီအစဉ်တစ်ရပ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်က စတင် လိုက်သည်။ နော်ဝေငွေကြေး သန်း ၃၀ (အမေရိကန် ဒေါ်လာ ခြောက်သန်းခန့်) သုံးစွဲမည့် ယင်းအစီအစဉ်သည် ဥရောပသမဂ္ဂ နိုင်ငံတစ်နိုင်ငံက မြန်မာကျောင်းသားများအတွက် သီးသန့်ရည်ရွယ်စီစဉ်သည့် ပထမဆုံး အစီအစဉ်ဖြစ်သည်။ တစ်နှစ်လျှင် မဟာတန်းကျောင်းသား အယောက် ၄၀ ဖြင့် သုံးနှစ်ပေးအပ်မည့် ယခုအစီအစဉ်နှင့် ဆက်စပ်၍ မကြာမီအတွင်း တက္ကသိုလ်လျှောက်လွှာလက်ခံ ဌာနတစ်ခုကို ရန်ကုန်တွင်လာရောက် ဖွင့်လှစ်မည်ဖြစ်ကြောင်း အာရှနည်းပညာ တက္ကသိုလ် ကျောင်းအုပ်က ဖေဖော်ဝါရီ လ ၆ ရက်နေ့က ကြေညာသည်။

၂၀၁၂ – ၂၀၁၃ ပညာသင်နှစ်မှ စ၍ အေအိုင်တီဝင်ခွင့်ရ မည်သည့် မြန်မာနိုင်ငံသားမဆို ယင်းပညာသင်ဆု လျှောက်ထားနိုင်ပြီး သင်တန်းစရိတ် အားလုံး၊ သုတေသနစရိတ်၊ ပညာသင် ဆုကြေးငွေသား၊ နေထိုင်စရိတ်၊ အသွား အပြန် လေယာဉ်စရိတ်နှင့် ပေါင်းကူး အစီအစဉ်နှစ်ခုအတွက် လိုအပ်သည့် စရိတ်အားလုံးပါဝင်မည် ဖြစ်သည်။

ပညာသင်ဆုရွေးချယ်မှုကို နိုင်ငံ အဆင့်အဖွဲ့တစ်ဖွဲ့က ပဏာမအဆင့် လူတွေ့ရွေးချယ်ကာ အေအိုင်တီက အပြီးသတ် ရွေးချယ်မည်ဟု ၎င်းကျောင်းအုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Source : စန္ဒာလွင် ( The Myanmar Times )


Write A Comment

Rohingya Exodus