ကျန်ရှိ ယုံကြည်ချက်အကျဉ်းသားများ စိစစ်၍ ထပ်မံလွှတ်ပေးမည်ဟု သူရဦးရွှေမန်း ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တွေ့ဆုံစဉ်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့အား တွေ့ရစဉ်
ယုံကြည်ချက် အကျဉ်းသားများ ကျန်ရှိနေသေးကြောင်း NLD မှ ထပ်မံ စာရင်းပေးလာပါက သက်ဆိုင်ရာမှ စိစစ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana နှင့်တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက “လူ့အခွင့်အရေးနဲ့ပတ် သက်လို့ သူက UNကို လာမယ့် မတ်လမှာ အစီရင်ခံစာတင်မယ်။ အဲလိုတင်နိုင်ဖို့အတွက် မြန်မာနိုင်ငံ က သတင်း အချက်အလက်တွေကို လာလေ့လာတာ။ သူပြောတာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက အင်မတန် အားရစရာ ကောင်းပါတယ်။ ကျေနပ်စရာ ကောင်းပါတယ်။ ဒီအတွက်လည်း သူတို့ဘက်က ဆက်လက်ပြီးတော့ ဒီလိုတိုးတက်အောင် ဆောင်ရွက်ဖို့အတွက် မျှော်လင့်တယ်ဆိုတဲ့အကြောင်း ပြောတယ်။