အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်းပစ်ဆူဝမ် မြန်မာနိုင်ငံရောက်
အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ် |
အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်းပစ်ဆူဝမ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်လာတဲ့ တချိန်တည်းမှာပဲ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်းမြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ (AIPMC) က တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ လူ့အခွင့်အရေးတွေ နဲ့ပတ်သက်ပြီး တိုးတက်မှု နှေးကွေးနေတာဟာ စိုးရိမ်စရာ ဖြစ်နေတုန်းပဲလို့ ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ မြန်မာအစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ သေချာ အခိုင်အမာ ဖြစ်လာနိုင်ဖို့အတွက် အကူအညီပေးသင့်တယ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Agung Putri Astrid က ပြောလိုက်ပါတယ်။
“ဒေါက်တာ ဆူရင်းပစ်ဆူဝမ် အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်း မြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်ပါတယ်။ မစ္စတာ ဆူရင်း မြန်မာနိုင်ငံကို သွားရောက်တာဟာ အာဆီယံဥက္ကဋ္ဌ တစ်ယောက် ဖြစ်တဲ့ သူ့အတွက်တော့ အလွန်ကို အရေးပါတဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သတ်နေတဲ့ သူတွေ အားလုံးနဲ့ ကျိန်းသေ ဆွေးနွေးနိုင်ဖို့အပြင် အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍကိုလည်း အပြည့်အ၀ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အပြည့်အ၀ ဖြစ်လာဖို့အတွက် အသွင်ကူးပြောင်းမှုတွေ တိုးတက်လာဖို့အတွက် အစိုးရကိုလည်း အကူအညီ ပေးသွားလိုပါတယ်။”
အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးအဖြစ်နဲ့ ဒီကနေ့မှာ စတင် ရောက်လာတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာဖို့အတွက် ဖိတ်ကြားချက်နဲ့ အခုလို လာရောက်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသစ်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ် ဆိုပေမဲ့လည်း တဘက်မှာလည်း မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ စိုးရိမ်နေရဆဲဖြစ်ကြောင်း မစ္စ် Agung Putri Astrid က ပြောပါတယ်။
“လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေ အပေါ်မှာ ကျမတို့ အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မူဝါဒတွေဟာ သိပ်ပြီးတော့ ခိုင်မာမှုမရှိတဲ့ မူဝါဒတွေ အပေါ်မှာ တည်ဆောက်ထားတယ် ဆိုတာကိုလည်း ကျမတို့အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ ခိုင်မာတည်ငြိမ်တဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ကျမတို့ မတွေ့ရပါဘူး။ အစိုးရတွင်းမှာရော ပါလီမန်အတွင်းမှာရော ၊ တခြား တနိုင်ငံလုံးမှာ ရှိတဲ့ အဖွဲ့အစည်းတွေမှာပါ မတွေ့ရသေးပါဘူး။ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ တကယ်တမ်း အပြောင်းအလဲကို ဖော်ဆောင်ချင်တယ် ဆိုရင်တော့ ဒီမိုကရေစီစနစ်ကို အခိုင်အမာ တည်ဆောက်ဖို့ လိုပါတယ်။ ဒါကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကလွဲပြီး ကျန်တဲ့ကိစ္စတွေမှာတော့ အာဆီယံအဖွဲ့ဟာ စိုးရိမ်မှုတွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။”
မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ပြောဆိုတာတွေ ရှိနေပေမဲလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာ အဲဒီကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်ပြီး ကျူးလွန်တာတွေ ဖြစ်စေတယ်လို့ သူမက ပြောပါတယ်။
“မြန်မာအစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေး နေတာတွေဟာ အတော်လေးကို မြန်မြန်ဆန်ဆန်နဲ့ ဖြစ်နေတာကို ကျမတို့ တွေ့နေပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း အဲဒီလို ဆွေးနွေးပြောဆိုတာဟာ တဘက်နဲ့ တဘက် အပြန်အလှန် သဘောတူညီမှုတွေ မရတာတွေကိုလည်း ကျမတို့ တွေ့နေရပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ဖော်ဆောင်တဲ့နေရာမှာ အစိုးရဘက်မှာလည်း ပွင့်လင်းမြင်သာမှု မရှိသလို ဘယ်လိုပုံစံမျိုးနဲ့ လုပ်မယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ အခြေခံမူ မရှိတာကိုလည်း တွေ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား ပြဿနာနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းဆောင်ရွက်မယ့် နည်းလမ်းတွေလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတိုင်းရင်းသားအရေး ကိစ္စက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေလို့ ဖြစ်ပါတယ်။”
အာဆီယံအတွင်းရေးမှူးချုပ်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံသွားဖို့ရှိသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေပါတယ်။ မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးစဉ်အတွင်းမှာ လာမယ့် ၂၀၁၄ ခုနှစ် ကျရင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့်ကိစ္စကို ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပဋိညာဉ်ကို လိုက်နာပြီး အဖွဲ့ရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့ ဆွေးနွေးသွားဖို့ လိုတယ်လို့လည်း AIPMC က တိုက်တွန်းပါတယ်။ မစ္စတာ ဆူရင်း အနေနဲ့ သူ့ရဲ့ ဒီခရီးစဉ်အတွင်းမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မယ့်ကိစ္စအပြင် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အားကစားပွဲကိစ္စ နဲ့ပတ်သက်ပြီးတော့ ဆွေးနွေး ပြောဆိုသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
Source :ကိုရန်နိုင် (VOA Burmese)
________________________________________________________
အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် တွေ့ဆုံမေးမြန်းခြင်း
နာဂစ်သည် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့
အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်သည် မြန်မာ နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၀ နှင့် ၂၁ ရက် အတွင်း အလည်အပတ် လာရောက်ရန်ရှိရာ ကျွန်ုပ်တို့၏ အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက် ရော်ဂျာ မစ်တန်က ဒေါက်တာဆူရင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံ မေးမြန်းခဲ့သည်။ အသက် ၆၂ နှစ်ရှိ ဒေါက်တာဆူရင်ပစ်ဆူဝမ်သည် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဟောင်း ဖြစ်ပြီး ယခုနှစ်တွင် သူ၏အာဆီယံအတွင်းရေးမှူးချုပ် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်ဆင်း ဒေါက်တာ ဆူရင်သည် ရှင်းလင်းပြတ်သားစွာ ပြောဆိုတတ်သူဖြစ်သည်။
(ကိုကို ဘာသာပြန်သည်။)
အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)
ဟားဗတ် တက္ကသိုလ်ဆင်း ဒေါက်တာဆူရင်သည် ရှင်းလင်းပြတ်သားစွာ ပြောဆိုတတ်သူ ဖြစ်ရာ သူ့အရင် အာဆီယံအတွင်းရေးမှူးချုပ်များထက် ထင်ရှားသည်။
ထက်မြတ် သူတစ်ဦးဖြစ်သည့်အလျောက် မိမိအယူအဆကို ထုတ်ဖော် ပြောဆိုရန် မည်သည့်အခါမျှ တွန့်ဆုတ်သူမဟုတ် သဖြင့် တစ်ခါတစ်ရံ ဒေသတွင်းမှ ခေါင်းဆောင်တချို့၏ ငြိုငြင်မှုကို ခံရတတ်သူဖြစ်သည်။
သူ၏ အကြီးမားဆုံးစွမ်းဆောင် အောင်မြင်မှုတစ်ခုမှာ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း 'နာဂစ်' တိုက်ခတ်ခံရစဉ်က ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးကို ယခင်ကရှိခဲ့သည့် ယုံကြည်ချက်များကို ဘေးဖယ်ထား၍ မြန်မာကို အကူအညီပေးကြရန် စည်းရုံးနိုင်ခဲ့ခြင်းပင် ဖြစ်တန်ရာသည်။
ထိုအချိန်တွင် ဒေါက်တာဆူရင်က "လူ လေးသန်းလောက် ထိခိုက်
ခဲ့ရပြီး ၁၄၀,၀၀၀ လောက် သေဆုံးခဲ့ကြရတယ်။ ဒါဟာကျွန်တော်တို့ အားလုံးအတွက် ကြီးမားတဲ့ လူသားချင်းစာနာမှု တာဝန်ကြီးတစ်ခု ဖြစ်တယ်"ဟု ပြောကြားခဲ့သည်။
ဒေါက်တာဆူရင်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်တွင် သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အခြားထိပ်တန်းပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်။
ထို့နောက် ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသသို့ သွားမည်။ ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု မျှော်လင့် ရသည်။
* ခင်ဗျား မြန်မာပြည်ကို ဘာကြောင့် သွားမှာလဲ။
ကျွန်တော့ကို မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ဖိတ်ထားတယ်။ မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌဖြစ် လာတော့မှာမို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရာမှာ ကျွန်တော်တို့ အကူအညီ ပေးနိုင်တာတွေ ပေးရအောင်လို့ပါ။ အဖွဲ့ဝင် နိုင်ငံအားလုံးကို ဒီလိုအကူ အညီပေးမြဲပါ။ ဒါပေမယ့် မြန်မာအတွက်တော့ အထူးစပယ်ရှယ်ပေါ့။ နောက်နှစ်နှစ်ကြာရင် ဥက္ကဋ္ဌအဖြစ် တရားဝင် လွှဲတော့မှာမို့ပါ။ ဒီဆုံးဖြတ် ချက်ချပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ အလွန် နက်ရှိုင်းပြီး အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကို ကျွန်တော်မျက်မြင် ကိုယ်တွေ့ကြည့်ချင်ကြားချင်ပါတယ်။
* ၁၉၉၇ တုန်းက မြန်မာကို အာဆီယံ ထဲဝင်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ အခု လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကြောင့် သံသယ ရှင်းသွားသလား။
မြန်မာနိုင်ငံဟာ သူ့ရဲ့လမ်းပြမြေပုံ အတိုင်း တစ်သမတ်တည်းရှိခဲ့ပါတယ်။ အာဆီယံဝင်ခွင့်ရသွားတော့ ဒါကို အကောင်အထည်ဖော်ဖို့ သူတို့ယုံကြည်မှု ပိုရှိသွားတာပါ။ အခုသူတို့ တံခါးဖွင့်ဖို့ ပြင်ဆင်နေကြပြီ။ အာဆီယံမူဘောင်ထဲကနေပြီး ဒေသနဲ့ ပြန်လည်ဆက် သွယ်ဖို့ လုပ်နေကြပါတယ်။ တစ်ခါတလေ သူတို့ကို နှုန်းမြှင့်တင်ဖို့ ကျွန်တော်တို့ အားပေးကြတယ်။ တစ်ခါတလေ ပြင်ပကမ္ဘာက စိတ်မသက်မသာ ဖြစ်ကြရတာတွေကို သူတို့ကို ပြန် ဖောက်သည်ချရတယ်။ တစ်ခါတလေ ကျတော့လည်း မြန်မာပြည်မှာ ဖြစ်ပျက် နေတာတွေကို ကမ္ဘာကို ရှင်းပြဖို့ ကျွန်တော်တို့ ကြိုးစားကြရပါတယ်။
* နာဂစ်မုန်တိုင်းအပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေက ဒီဖြစ်စဉ်အပေါ်ဘယ်လို သက်ရောက်မှုရှိခဲ့ပါသလဲ။
နာဂစ် ဆိုက်ကလုန်းမုန်တိုင်းဟာ အလှည့်အပြောင်းပါပဲ။ ၂၀၀၈ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီနှစ်မှာပဲ ကျွန်တော်ဟာ အာဆီယံအတွင်း ရေးမှူးဖြစ်ခဲ့တာမို့ ကျွန်တော့ကို 'နာဂစ်'က အသင်းဝင်အဖြစ် ရေဖျန်းမင်္ဂလာပြုပေးခဲ့တာလို့ ကျွန်တော် ပြောပြောနေခဲ့တာပါ။ ဒီ အဖြစ်ဆိုးကြီးကို မြန်မာခေါင်းဆောင်များနဲ့အတူ ကျွန်တော်တို့ကိုင်တွယ် လုပ်ကိုင်ကြရင်း မြန်မာနိုင်ငံကို တံခါးဖွင့်ပြီး တစ်ကမ္ဘာလုံး က အကူအညီတွေ စုလာအောင် ကြံဆောင်ခဲ့ရပါတယ်။ ခင်ဗျား မှတ်မိချင် မှတ်မိမှာပါ။ နာဂစ် အကူအညီပေးဖို့ ရန်ကုန်မှာ လုပ်တဲ့ ကွန်ဖရင့်မှာ မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန်သဘောထားတဲ့ နိုင်ငံတွေက အထက်တန်းအရာရှိတွေတောင် တက်ရောက်ခဲ့ကြ ပါတယ်။ ဒီမှာတင် မြန်မာအစိုးရဟာ ကမ္ဘာက သူတို့ကို လုံးဝ ရန်လိုမုန်းတီးကြတာ မဟုတ်ဘူး။ ခြွင်းချက်တွေထားဖို့ စိတ်ဆန္ဒတွေ ရှိကြသေးတယ်ဆိုတာ သူတို့ မြင်တွေ့သွားကြပါတယ်။
* အာဆီယံရဲ့ ပါဝင်ဆောင်ရွက်မှုတွေက ဘာတွေပါလဲ။
ပထမမြန်မာအစိုးရအား နိုင်ငံတကာရဲ့ ကယ်ဆယ်ရေးကြိုးပမ်းမှုတွေကို တံခါးဖွင့်ပေးဖို့ နားချရတယ်။ ဒုတိယအနေနဲ့ နိုင်ငံတကာက လှိမ့်ဝင်လာတဲ့ အကူအညီတွေကို ကြီးကြပ်စီမံရာမှာ ကူညီရတယ်။ 'နာဂစ်'အပေါ် တုံ့ပြန်လုပ် ဆောင်မှုတွေဟာ ယနေ့မြန်မာနိုင်ငံမှာ တွေ့မြင်နေရတဲ့ လူမှုရေး၊ နိုင်ငံရေး အပြောင်းအလဲတွေရဲ့ အစလို့ဆိုနိုင်ပါတယ်။ ဒါ့အရင်က မြန်မာနိုင်ငံဟာ အထီးကျန်နေခဲ့ပြီး ပြင်ပကမ္ဘာနဲ့ သိပ် အနေမကျခဲ့လှပါဘူး။ ကျွန်တော်တို့ ၀င်သွားပြီးတဲ့နောက်မှာ ကျွန်တော်တို့နဲ့ ဆက်ဆံလို့ရတယ်ဆိုတာကို မြန်မာတွေ သဘောပေါက်သွားတယ်။ သူတို့ နေသာထိုင်သာရှိမယ်ဆိုရင် ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တယ်။ ကမ္ဘာက ၀င်လာပြီး သူတို့အပေါ်မှာ စီးပိုးမှာ မဟုတ်ဘူးဆိုတာတွေကို သဘောပေါက်သွားတယ်။ ဒါကြောင့် ဒါဟာ အလှည့်အပြောင်းပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ တံခါးဖွင့်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သူတို့ကိုယ်ပိုင်လမ်းပြ မြေပုံကို အားဖြည့်ပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။
* မြန်မာက ဘာကြောင့်ဒီပြုပြင် ပြောင်းလဲရေး စလုပ်တာလဲ။
ပွင့်လင်းဖို့၊ ပွင့်ပွင့်လင်းလင်းနေဖို့ ဆန္ဒတွေကို မြန်မာတွေမျိုသိပ်ထားခဲ့ရတဲ့ သဘောပါ။ ပွင့်လင်းလိုက်လို့ ရလာနိုင်တဲ့ အကျိုးရလဒ် တွေကို မြန်မာခေါင်းဆောင်တွေ တွက်မိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ပြည်တွင်း တည်ငြိမ်မှုကို သူတို့ စိတ်ချထားနိုင်ပြီလို့ ခုသူတို့ ယုံကြည်ထားတယ်။ ဒီတော့ နောက်ထပ် နှောင့်နှေးနေရင် ဒေသတွင်း တိုးတက်မှုတွေရဲ့ အကျိုးရလဒ်တွေကို မခံစားရရုံပဲ ရှိမှာပဲ။ ဘာကြောင့် နောက်ချန်နေခဲ့ရမှာလဲ၊ မှန်ပါတယ်။ အတူလုပ်ဆောင်ဖို့ အချိန်အတော်ယူခဲ့ရပါတယ်။ ဒီလောက်အကြာကြီး အထီးကျန်နေခဲ့ရပြီးတော့မှ ချက်ချင်းထပြီး "ကောင်းပြီဟေ့၊ ငါတို့ တံခါးဖွင့်ဖို့ အဆင်သင့်ပဲ"လို့ ရုတ်တရက်ပြောဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အာဆီယံက ဒီဖြစ်စဉ်အရှိန်ရအောင် ကူညီခဲ့တယ်။ ဒီလမ်းအတိုင်း ဆက်လျှောက်ရင် သူတို့ အကျိုးပဲဆိုတာကို သေချာ အာမခံပေးတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အာဆီယံဟာ သူတို့အားထားနိုင်တဲ့ အကြောင်းရင်းတစ်ခုပဲ။ ၂၀၁၄ မှာ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာနိုင်ပြီလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာလည်း ဒီအတိုင်းပါပဲ။
* နောက်ကြောင်းပြန်မလှည့်နိုင်ဘူးလား။
ကျွန်တော်တို့အနေနဲ့ သူတို့နောက်ကြောင်း ပြန်မလှည့်ဖို့ သေချာစေချင်တာ အထူးပြောဖို့တောင် မလိုပါဘူး။ "အာဆီယံဆိုတဲ့ ဝေါဟာရဟာ 'နောက်ကြောင်းပြန်မလှည့်ခြင်း'ပါ။ အရှိန်အဟုန်ကောင်းနေတယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ သူတို့ဟာ မှန်ကန် တဲ့ လားရာအတိုင်း ရွေ့လျားနေတယ်။ အလွန်လျင်မြန်စွာ ရွေ့လျားနေတယ်။ စေတနာကောင်း ရေတံခါးတွေ ပွင့်သွားခဲ့ပြီ။ ဒါပေမယ့် နောက်ကြောင်းပြန် မလှည့်တော့ဘူးလို့တော့ ကံသေကံမ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ ဒါကြောင့်လည်း မြန်မာကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ရွေ့လျားရာမှာ ကျွန်တော်တို့ဟာ သူတို့ကို ထောက်ခံ ကူညီပါ့မယ်လို့ ပြောနေတာပါ။ ဒါကို ကမ္ဘာကိုလည်း ကျွန်တော်တို့ ရှင်းပြမယ်၊ တစ်ချိန်တည်းမှာ ကမ္ဘာက ဘာတွေ မျှော်လင့်နေတယ် ဆိုတာကိုလည်း မြန်မာကို ရှင်းပြမယ်။
* မြန်မာနိုင်ငံမှာ နောက်ထပ် ဘာတွေ မြင်ချင်ပါသေးသလဲ။
အပြောင်းအလဲလက္ခဏာတွေကို ထိပ်ဆုံးကနေပြီး အစိုးရဌာနအဆင့်ဆင့် အထိ သက်ရောက်သွားတာကို တွေ့ချင်မြင်ချင်တယ်။ ဒါကို အားဖြည့်ပေးဖို့ ဖွံ့ဖြိုးလာဖို့ လိုအပ်တယ်။ ဒါကိုလည်း ထင်သာမြင်သာရှိဖို့ လိုအပ်တယ်။ သူတို့ အပေါ်မှာ ကမ္ဘာနဲ့ အာဆီယံက ယုံကြည်မှု ဘယ်လောက်ရှိတယ်၊ သူတို့အပေါ် ဘယ်လိုအားဖြည့်မှုတွေ ပေးနိုင်တယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီး အပြောင်း အလဲဖြစ် ပေါ်မှု အနှေးအမြန်ရှိလိမ့်မယ်။
* 'အာရပ်နွေဦး'မှာလို 'မြန်မာနွေဦး' က တခြားအာဆီယံနိုင်ငံတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။
ဒါဟာ အာဆီယံရဲ့ အကျပ်အတည်းပါပဲ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား အုပ်ချုပ်ရေးဖွဲ့စည်းပုံတွေဟာ အမျိုးမျိုး ကွဲပြားကြ တယ်။ တချို့နိုင်ငံတွေမှာ တစ်ပါတီစနစ်ရှိနေတုန်းပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာလို ကာလရှည်ကြာတဲ့ စစ်အာဏာရှင် အုပ်ချုပ်ရေး မျိုးတော့ မရှိကြဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲများကို ကမ္ဘာက မည်မျှစိတ်လှုပ်ရှားစွာ စောင့်ကြည့်နေ ကြတယ် ဆိုတာကို တစ်ပါတီအုပ်ချုပ်တဲ့ နိုင်ငံတွေက တစ်ချိန်ချိန်မှာ သတိပြုမိလာပြီး သူတို့လည်း မြန်မာနိုင်ငံမှာလို အပြောင်းအလဲတွေလုပ်ဖို့ စဉ်းစားလာနိုင်ပါတယ်။ အတက်အကျရှိပါတယ်။ တစ်ခါတလေ သိပ်မြန်တယ်။ တစ်ခါတလေ စိတ်လှုပ်ရှား တုံ့ပြန်မှုမရှိပါဘူး။ ခြုံကြည့် လိုက်ရင်တော့ ဦးတည်လားရာက ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးဆီကို ဦးတည်နေပါတယ်။ မှန်ပါတယ်။ နိုင်ငံအတွင်း မှာရှိတဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေမှာ ခြားနားမှုရှိပါတယ်။ တခြားအာဆီယံနိုင်ငံတွေမှာက အပြောင်းအလဲ အတွက် ပေါင်းရုံးစုစည်းရာ ဗဟိုချက်ဖြစ်တဲ့ မဒမ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးမရှိကြပါဘူး။
* ဒီခရီးစဉ်မှာ ခင်ဗျား ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မှာလား။
ကျွန်တော့ခရီးစဉ် နောက်ဆုံးနေ့မှာ သူနဲ့တွေ့ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် သူနဲ့ မတွေ့ဖူးသေးဘူး။ သူ့ရဲ့ စိတ်ထဲ ဘာတွေရှိ နေတယ်၊ အာဆီယံက သူ ဘာတွေမျှော်လင့်တယ်ဆိုတာတွေကို ကျွန်တော် ကြားချင်တယ်။ အတိတ်မှာတုန်းကတော့ ကျွန်တော်တို့ ဟာ အစိုးရနဲ့ပဲ ဆက်ဆံခဲ့ကြရတယ်။ အတိုက်အခံနဲ့ မတွေ့ကြရဘူး။ အာဆီယံရဲ့ အစဉ်အလာက ဒီလိုရှိတယ်။ ဒီတော့ အဖွဲ့ဝင် နိုင်ငံအချို့ဆီက တုံ့ပြန်လာမှုတွေကို ဂရုထားခဲ့ကြရတယ်။ ဒါပေမယ့် မြန်မာကိုယ်တိုင်ကပင်လျှင် အခြေအနေတွေကို ပြောင်း လိုက်ပြီ။ သူဟာ ထိုင်းဝန်ကြီးချုပ်တို့၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ခဲ့တယ်။ သူဟာ တားမြစ်ထားတဲ့ ပုဂ္ဂိုလ်မဟုတ် တော့ဘူး။ အရင်တုန်းကတော့ အာဆီယံဥက္ကဋ္ဌက သူ့ဆီ သွားတွေ့ဖို့ ကြိုးစားရင် ဒါဟာ သံတမန်ရေး စည်းကမ်းကို ချိုးဖောက်တာပဲ။ နိုင်ငံရေးအရ မှားယွင်းတဲ့လုပ်ရပ်ပဲ။ ခုတော့ လုံးဝပြောင်းပြန်ဖြစ်သွားပြီ။ ဘာလို့ မဖြစ်ရမှာလဲ။ သူ့ရဲ့ပါတီကိုလည်း မှတ်ပုံတင်ပြီးပြီ။ သူကိုယ်တိုင် တက်တက် ကြွကြွ ပါဝင်နေပြီး သူရဲ့ပါတီဟာ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်နေပြီ။ ဒါတွေ အားလုံးဟာ အသိအမှတ်ပြုသင့် ပြုထိုက်တာတွေပဲ။ ကျွန်တော်တို့ အားပေးရမှာပေါ့။
* မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အဓိကစိုးရိမ်မှုတွေကဘာတွေလဲ။
ကျွန်တော် စိုးရိမ်နေတာက စင်ကာပူ နဲ့ ဘန်ကောက်မှာ ခုကတည်းက စုရုံးပြီး မြန်မာနိုင်ငံက သယံဇာတနဲ့ စီးပွားရေး အခွင့်အလမ်း တွေကို စားဖို့ ၀ါးဖို့ ဟန်ပြင်နေကြတဲ့လူတွေပဲ။ အာဆီယံ လုပ်ရမှာ၊ ကျွန်တော် လူတစ်ယောက်အနေနဲ့ လုပ်ဖို့လိုအပ်တာ၊ မြန်မာနိုင်ငံ ရဲ့ မိတ်ကောင်းဆွေကောင်းတွေလုပ်ဖို့ လိုအပ်တာက အရေးအကြီးဆုံးအချက်ဟာ မြန်မာလူထု သက်သာချောင်ချိရေးပဲဆိုတာ မြန်မာ့ခေါင်းဆောင်တွေကို အသေအချာ သတိပေးဖို့ပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ သယံဇာတနဲ့ အခွင့်အလမ်းတွေကို စီမံခန့်ခွဲရာမှာ လူသား မျက်နှာကို ကြည့်ရမယ်ဆိုတာ သေချာစေဖို့ပါပဲ။ စီးပွားရေးစွန့်ဦးလုပ်ကိုင်လိုတဲ့ စိတ်ဓာတ်ဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ သောက်သုံးရေတွေ၊ လျှပ်စစ်ဓာတ်အားတွေရဲ့အပေါ်မှာ အရိပ်မိုးမနေစေရပါဘူး။ မညီမျှမှုတွေနဲ့ ဖရိုဖရဲ မငြိမ်သက်မှုတွေ ပိုဆိုးလာ စေမယ့် တံခါးဖွင့်တာမျိုးကိုတော့ ကျွန်တော်တို့ မလိုချင်ပါဘူး။
Source : Myanmartimes