“တိုးတက်မှုတွေကို အသိအမှတ်ပြု၊ ပြုပြင်ပြောင်းလဲရေးတွေကို အားပေး၊ ပြောင်းလဲရေးအတွက် ဆက်ပြီး ဖိအားပေး” ဘင်နီဒစ်ရိုဂျာစ်
by Yangon Press International
ချစ်ဦးမောင် မေးမြန်းသည်။
“Than Shwe: Unmasking Burma’s Tyrant” အမည်ရှိ ဦးသန်းရွှေအကြောင်း စာအုပ်ရေးသားသူ ဘင်နီဒစ်ရိုဂျာစ်ကို အံ့အားသင့်သွားစေတဲ့အချက်ကတော့ သူ့ကို မြန်မာသံရုံးက ဗီဇာထုတ်ပေးလိုက်တဲ့ ကိစ္စပါ။ တကယ်တော့ သူ့ကို မြန်မာအစိုးရက ဗီဇာပေးလိမ့်မယ်လို့ လုံးဝကို မျှော်လင့်မထားခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ် မြန်မာပြည်လာလည်တုန်းက သူ့ခရီးစဉ်ပြီးဆုံးခါနီးမှာပဲ မြန်မာအစိုးရဟာ ဦးသန်းရွှေစာအုပ်ရေးတဲ့သူဟာ သူပဲဆိုတာ တွေ့ရှိသွားပြီးနောက်ပိုင်း နှင်ထုတ်ခံခဲ့ရလို့ပါပဲ။ အစဉ်အလာအားဖြင့်တော့ အနှင်ထုတ်ခံရပြီဆိုရင် အမည်ပျက်စာရင်းထဲမှာ ပါသွားပြီပေါ့။ ဒါပေမဲ့လည်း မြန်မာပြည်မှာ တကယ်ပြောင်းလဲနေတာ ဟုတ်မဟုတ် စမ်းကြည့်ဖို့၊ နောက်ပြီး ခံစားကြည့်ဖို့ ဗီဇာလျှောက်ဖို့ကို သူ့ကို မိတ်ဆွေတွေက တိုက်တွန်းရာကနေ ဗီဇာလျှောက်ဖြစ်သွားပါတယ်။ ဒီလိုနဲ့ အိပ်မက်မက်နေတဲ့ လူတစ်ယောက်လို မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Christian Solidarity Worldwide အဖွဲ့က အရှေ့အာရှခေါင်းဆောင် ဘင်နီဒစ်ရိုဂျာစ်ဟာ ရန်ကုန်မြို့ကို ရောက်လာခဲ့တယ်ဆိုပါတော့။ ဇန်န၀ါရီ ၂၄ ရက်ကနေ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့မှာ လည်ပတ်သွားခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံ၊ ပြောင်းလဲနေ တဲ့ အခြေအနေတွေကို သူဘယ်လိုမြင်လဲဆိုတာကို Yangon Press International (YPI) က အင်တာဗျူးထားပါတယ်။
YPI: ပြီးခဲ့တဲ့နှစ်က မြန်မာပြည်ကို လာလည်တုန်းက ခင်ဗျား နှင်အထုတ်ခံခဲ့ရတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာ ခင်ဗျားဗီဇာရတယ်။ ဘာကြောင့် ဗီဇာရလာတယ်ထင်လဲ။
Rogers: ဒါဟာဘာလဲဆိုရင် နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲကြောင့်ပဲ။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အစစ်အမှန်ဖြစ်တယ်ဆိုတာ၊ သူတို့ပြောင်းလဲနေတယ်ဆိုတာကို နိုင်ငံတကာကို ယုံကြည်စေချင်တယ်။ အဲလိုပြတဲ့အခါမှာ ပြီးခဲ့တဲ့နှစ်က သူတို့ နှင်ထုတ်လိုက်တဲ့ နိုင်ငံတကာမှာ ထင်ရှားကျော်ကြားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ၊ စာရေးဆရာတစ်ယောက်ကို ပြန်လာလည်ခွင့်ပေးပြီး အပြောင်းအလဲတွေကို လာကြည့်ခိုင်းတဲ့နည်းဟာ ပိုကောင်းတဲ့နည်းဖြစ်တယ်ဆိုတာ ယူဆလို့လဲဖြစ်နိုင်ပါတယ်။ ဒါတကယ့်အစစ်အမှန်ပြောင်းလဲမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းလို့လဲ ကျနော်ယုံကြည်ပါတယ်။ ကျနော် ဘာထပ်သတိထားမိလဲဆိုတော့ နာမည်ပျက်စာရင်းမှာ ထည့်အသွင်းခံရတဲ့ နိုင်ငံခြားသား တော်တော်များများဟာ အခုနောက်ပိုင်း (မြန်မာနိုင်ငံကို) လာလည်ပတ်ခွင့်ရနေကြတယ်။ ပြည်ပအခြေစိုက်မီဒီယာသမားအချို့အပါအ၀င်ပေါ့။
YPI: ဒီတစ်ကြိမ်တော့ ခင်ဗျား နှင်အထုတ်မခံရဘူး။ ဘာကြောင့်လို့ထင်လဲ။
Rogers: အစိုးရက ကမာမှာ သူ့ရဲ့ပုံရိပ်ကို ကောင်းလာအောင် တအားကြိုးစားနေတယ်။ နောက်ပြီး အစစ်အမှန်အပြောင်းအလဲတွေကို တကယ်လုပ်နေပါတယ်ဆိုတာကိုလဲ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ယုံကြည်စေချင်တယ်။ ကျနော်ကို ထပ်ပြီးနှင်ထုတ်ရင် သူတို့ နိုင်ငံတကာကို ပေးချင်တဲ့ message က မှားသွားမှာပေါ့။ ဒါကြောင့်လဲ ကျနော်ကို သူတို့နှင်မထုတ်တာ။
YPI: ရန်ကုန်မှာ လည်ပတ်တဲ့အခါ ဘယ်လိုမျိုးခံစားရလဲ။ နောက်က တစ်ယောက်ယောက်လိုက်နေတယ်လို့ ခံစားရလား။
Rogers: ရိုးရိုးသားသားပြောရရင် နေ့တိုင်းလိုပဲ…ကျနော် အိပ်မက်မက်နေသလား ခံစားရတယ်။ မကြာခင် အိပ်မက်ကနေ နိုးထလာလိမ့်မယ်လို့လည်း ခံစားမိတယ်။ တော်တော်ထူးခြားပါတယ်။ ဒီတစ်ကြိမ်တော့ နောက်ယောင်ခံလိုက်နေတယ်လို့ လုံးလုံးကို မခံစားရဘူး။ (ရန်ကုန်) လေဆိပ်ရောက်တဲ့အချိန်မှာကော၊ ရန်ကုန်မှာလည်ပတ်တဲ့အချိန်မှာကော၊ နောက်ပြီး ပြန်တဲ့အခါမှာပါ ဘာပြဿနာမှမရှိဘူး။ ပြီးခဲ့တဲ့နှစ် ကျနော်နောက်ဆုံးအကြိမ်ရောက်ခဲ့တဲ့အချိန်ကတည်းက သိသိသာသာပြောင်းလဲသွားတယ်လို့ ခံစားမိတယ်။ တီရှပ်တွေ၊ ပြကဒိန်တွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံတွေကို တွေ့ရတာ၊ မြို့လည်က ဆိုင်တွေမှာ အဲဒီဓာတ်ပုံ၊ ပြက္ခဒိန်တွေ ချိတ်ဆွဲရောင်းချနေတာတွေကို တွေ့ရတာဟာ အံ့သြစရာကောင်းနေတယ်။ နောက်ပြီး မီးပွိုင့်တွေမှာ၊ ဆိုင်တွေမှာ The Lady ရုပ်ရှင်ကားအခွေတွေ ရောင်းချနေတာကို တွေ့ရတာဟာလဲ အံ့သြစရာဖြစ်နေတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကဆိုရင် အဲသလိုဟာမျိုးကိုတွေ့ရဖို့ဆိုတာ စဉ်းစားလို့ကိုမရနိုင်ဘူး။ နောက်ပြီး နာမည်ကြီးတဲ့ နိုင်ငံရေးလှုပ်ရှားသူအတော်များများကိုလည်း တွေ့နိုင်ခဲ့တယ်။ သွားရမယ့်လမ်းကြောင်းကတော့ ဝေးနေသေးတယ်။ အခုတွေ့နေရတဲ့အပြောင်းအလဲတွေကိုကြည့်မယ်ဆိုရင် နောက်ပြန်မလှည့်မယ့် အုပ်ချုပ်မှုဆိုင်ရာ အပြောင်းအလဲတွေလို့တော့ ပြောမရဘူး။ ဒါပေမယ့် မျှော်လင့်ချက်ရှိတဲ့ ညွှန်ကိန်းတွေပဲ။ အစိုးရကို ပြုပြင်ပြောင်းလဲရေးတွေ ပိုပြီးလုပ်ဆောင်လာအောင် အားပေးနေတဲ့တစ်ချိန်တည်းမှာ အစိုးရလုပ်ဆောင်နေတဲ့ အပြောင်းအလဲတွေကို အသိအမှတ်ပြုသင့်တယ်၊ ချီးကျူးဂုဏ်ပြုသင့်တယ်လို့ ကျနော်ယုံကြည်တယ်။
YPI: နိုင်ငံအတွင်းအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ လိုက်မေးတဲ့အခါမှာ လူတွေဆီက ဘယ်လိုတူညီတဲ့ တုံ့ပြန်မှုမျိုးကို ရလိုက်သလဲ။
Rogers: တွေ့ခဲ့တဲ့သူတိုင်းနီးပါးကတော့ သတိနဲ့ အကောင်းမြင်ကြတာကို တွေ့ရတယ်။ တစ်ယောက်ပဲ အနှုတ်လက္ခဏာဆောင်တဲ့အမြင်မျိုးရှိတာကို တွေ့ရတယ်။ သူက အခုအပြောင်းအလဲတွေအားလုံးဟာ အစိုးရရဲ့ ထောင်ချောက်တွေဖြစ်တယ်၊ ကျားသစ်ဆိုတဲ့အကောင်မျိုးဟာ သူတို့ကိုယ်ပေါ်က အစက်အပြောက်တွေကို မပြောင်းလဲနိုင်ဘူးဆိုပြီး အဲဒီအတိုင်း သူယုံကြည်နေတယ်။ ဒါပေမဲ့ အားလုံးကတော့ အပြောင်းအလဲတွေဟာ အစစ်အမှန်လို့ထင်မြင်ယူဆကြတယ်။ နောက်ပြီး သမ္မတကြီးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်သူတွေဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို တကယ်ကို အောင်မြင်စေချင်ကြတဲ့သူတွေဖြစ်တယ်လို့ ယူဆကြတယ်။ ပြီးတော့ အခြေအနေတွေဟာ အရင်အခြေအနေမျိုး ပြန်မဖြစ်သွားနိုင်ဘူးလို့လဲယုံကြည်ယူဆကြတယ်။ တွေ့ခဲ့တဲ့လူတွေက အထူးအလေးအနက်ထား ပြောကြတာက သမတကြီးနဲ့ အခြားပြုပြင်ပြောင်းလဲရေးလုပ်သူတွေကို အားပေးသင့်တယ်၊ ထောက်ခံသင့်တယ်၊ အားထုတ်မှုတွေကို ချီးကျူးသင့်တယ်၊ ဒီမိုကရေစီလှုပ်ရှားသူတွေအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သင့်တယ်၊ ဒါပေမဲ့ သွားရမယ့်လမ်းက လမ်းအရှည်ကြီး၊ လုပ်ဆောင်စရာတွေကလည်း အများကြီးရှိသေးတယ်ဆိုပြီး ပြောကြတယ်။ မတရားတဲ့ တရားဥပဒေတွေကို ဖျက်သိမ်းသင့်တယ် (သို့) ပြင်ဆင်သင့်တယ်။ တရားဥပဒေစိုးမိုးမှုရှိလာအောင် လုပ်ဆောင်ပေးဖို့လိုတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုတယ်။ နောက်ပြီး တိုင်းရင်းသားပြဿနာတွေကို တိုင်းရင်းသားတွေလက်ခံနိုင်မယ့် နိုင်ငံရေးဖြေရှင်းနည်းမျိုးနဲ့ ဖြေရှင်းပေးဖို့ လိုပါတယ်။ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့တော့ ကျနော်နဲ့ တွေ့ခဲ့တဲ့သူ အားလုံးနီးပါးက ရုပ်သိမ်းသင့်တယ်လို့မြင်ကြတယ်။ ဒါပေမဲ့ တစ်ခါတည်း ရုပ်သိမ်းတာမျိုးမဟုတ်ဘဲ အပြောင်းအလဲတွေကို အသိမှတ်ပြု၊ တုံ့ပြန်တဲ့အနေနဲ့ တစ်ဆင့်ချင်း ရုပ်သိမ်းသင့်တယ်လို့ မြင်ကြတယ်။ ပိတ်ဆို့မှုတွေအားလုံးကို တစ်ခါတည်းနဲ့ ပြန်ရုပ်သိမ်းလိုက်တာဟာ မဟာဗျူဟာအမှားတစ်ခုဖြစ်လိမ့်မယ်။ တချို့အရေးယူထားတာတွေကိုတော့ ဆက်ထားသင့်သေးတယ်…တိုင်းပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရမသေးချင်း၊ မှန်ကန်တဲ့ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ မဖြစ်မသေးချင်းပေါ့။
YPI: တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ၊ လူ့အခွင့်အရေးအခြေအနေတွေကို ဘယ်လိုသုံးသပ်လဲ။
Rogers: အကောင်းဘက်ကကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD နိုင်ငံရေးလုပ်ငန်းစဉ်ထဲမှာ ပါဝင်လာတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တာ၊ မီဒီယာအပေါ်ချုပ်ချယ်ထားမှုတွေကို ဖြည်လျှော့ပေးတာ၊ ကျနော့်လို နိုင်ငံခြားသားတွေကို ၀င်ခွင့်ပေးတာ၊ လူထုကြားထဲမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပိုပြီး ပြောရေးဆိုခွင့်ရှိလာကြတာ တွေဟာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေဖြစ်တယ်၊ နွေးနွေးထွေးထွေးကိုမှ ကြိုဆို၊ အားပေးသင့်တယ်လို့ယုံကြည်ပါတယ်။ ဒါပေမဲ့ ခရီးလမ်းက အရှည်ကြီးကျန်ပါသေးတယ်။ တကယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အနိုင်ရတယ်ဆိုပါတော့…လွှတ်တော်ထဲမှာ တကယ်တန်း ဘာတွေလုပ်နိုင်မလဲ။ ဝေေ၀၀ါးဝါးပဲ။ မျှော်လင့်လို့ရတာကတော့ သူတို့အနေနဲ့ အစိုးရအတွင်းက ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့ အတူအလုပ်လုပ်နိုင်လိမ့်မယ်၊ ပြည်ခိုင်ဖြိုးအပါအ၀င် တခြားပါတီက သူတွေနဲ့လည်း ပူးပေါင်းပြီး အခြေခံဥပဒေကိုပြင်ဆင်တာတွေ၊ မတရားတဲ့ ဥပဒေတွေကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာတွေ၊ တရားဥပဒေစိုးမိုးရေးတွေ၊ လူ့အခွင့်အရေးကာကွယ်ရေးနဲ့ မြှင့်တင်ရေးတွေ၊ အားလုံးလက်ခံနိုင်ပြီး ရေရှည်ခံမယ့် အစစ်အမှန်ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးစကားဝိုင်းတွေ ပူးပေါင်းလုပ်ဆောင်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်လို့ရတာပေါ့။ ဒါဟာလည်း မျှော်လင့်ချက်တစ်ခုသက်သက်ပါပဲ။ ရန်ကုန်ကို လာမလည်ခင် ကချင်ပြည်နယ်နဲ့ တရုတ်-မြန်မာနယ်စပ်ကို သွားလည်ပတ်ဖြစ်တယ်။ အဲဒီမှာ တစ်နေရာကနေ တစ်ရာရွှေ့ပြောင်းသွားလာနေကြတဲ့ သူတွေ ပြန်ပြောပြတဲ့ အတော့်ကို ဆိုးရွားတဲ့ ဖြစ်ရပ်တွေ အတော်များများကို ကြားခဲ့ရတယ်။ သတ်တာ၊ဖြတ်တာတွေ၊ အဓမ္မအကျင့်ခံရတဲ့ကိစတွေ၊ အနှိပ်စက်ခံရတာတွေ၊ အလုယက်ခံရတာတွေ၊ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ၊ အိမ်တွေ၊ ဘုရားကျောင်းတွေ အဖျက်ဆီးခံရတဲ့ ကိစ္စတွေ။ ဒီလိုလုပ်ရပ်တွေဟာ ဆက်ဖြစ်နေတုန်း။ အတော်စိုးရိမ်စရာအခြေအနေပါ။ သမတကြီးနဲ့ အစိုးရဟာ စစ်မြေပြင်မှာရှိနေတဲ့ စစ်တပ်တွေကို ထိမ်းချုပ်ပြီး ကချင်ပြည်နယ်အပါအ၀င် တခြားဘယ်နေရာမှာမှ အဲသလိုလုပ်ရပ်မျိုးတွေ မဖြစ်ပွားအောင် ကြပ်မတ်လုပ်ဆောင်ကြဖို့လိုတယ်။ စိုးရိမ်စရာကောင်းတာက အရပ်သားတွေအပေါ် တိုက်ခိုက်နေတာကို ရပ်တန့်ဖို့ သမ္မတကြီးက နှစ်ကြိမ်တိုင်တိုင် အမိန့်ထုတ်ခဲ့ပေမယ့် တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေတဲ့ကိစ္စပဲ။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ကျူးလွန်တဲ့ဖြစ်ရပ်တွေလည်းရှိပါတယ်။ ဒီဖြစ်ရပ်တွေကိုလည်း စုံစမ်းစစ်ဆေးသင့်တယ်။ အဲဒီလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေ၊ ဥပဒေတွေကို ချိုးဖောက်နေတဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြရပါလိမ့်မယ်။ ဒါပေမဲ့ အချိုးချကြည့်မယ်ဆိုရင်တော့ မကောင်းတဲ့လုပ်ရပ်တွေကို အများအပြားလုပ်တာကတော့ တပ်မတော်က အလုပ်အများဆုံးပါ။ အစိုးရအနေနဲ့ အစစ်အမှန်ပြောင်းလဲချင်တယ်ဆိုရင်တော့ အဲဒီလုပ်ရပ်တွေကို အဆုံးသတ် ဖို့ အဓိပ္ပါယ်ရှိတဲ့ ခြေလှမ်းတွေကို လှမ်းရပါလိမ့်မယ်။ အရေးယူတာတွေပါမယ်၊ ပညာပေးတာတွေလည်းပါမယ်။ ပြုပြင်ပြောင်းလဲရေးတွေကို ဒေသအာဏာပိုင်အဆင့်တွေ၊ တိုင်းမှူးတွေ၊ စစ်တလင်းပေါ်က တပ်ဖွဲ့ဝင်တွေအထိ လိုက်လုပ်ရပါလိမ့်မယ်။ လူ့အခွင့်အရေးလေးစားလိုက်နာရေး ပညာပေးတာတွေလည်း ပါကောင်းပါပါလိမ့်မယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်း(ကုလသမဂ္ဂ၊ NGO နဲ့ တခြားပညာရှင်တွေ) အနေနဲ့ ဒီကိစနဲ့ပတ်သက်ပြီး အစိုးရနဲ့ ထိတွေ့ဆက်ဆံပြီး အကူအညီတွေ ပေးဖို့ အဆင်သင့်ဖြစ်သင့်ပါတယ်။
YPI: ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ပတ်သက်ပြီး ဘာတွေကြားထားလဲ။ သူဘယ်မှာနေပြီး ဘာတွေလုပ်နေတယ်ထင်လဲ။ နောက်ကွယ်ကနေ ကြိုးဆွဲနေတုန်းလို့ပဲထင်လား။
Rogers: နေပြည်တော်မှာ သူ့အိမ်ရှိတယ်လို့တော့ မှန်းဆရပေမယ့် ဘယ်မှာနေလဲဆိုတာ အတိအကျတော့ မသိဘူး။ သူဘာတွေလုပ်နေလဲဆိုတာကိုလည်း ကျနော် အတိအကျမသိဘူး။ လူအနည်းငယ်လောက်ကပဲ သူဘာလုပ်နေလဲဆိုတာ သိလိမ့်မယ်။ ဒါပေမဲ့ လူအတော်များများနဲ့ စကားပြောကြည့်ပြီးတဲ့နောက်မှာ သဘောပေါက်လာတာက သူဟာ ကောင်းကောင်းအနားယူနေတယ်၊ ဒါပေမဲ့ လုံးဝကြီး မပတ်သက်ဘဲ နေနေတာတော့မဟုတ်ဘူး။ တစ်နည်းပြောရရင် နေ့စဉ်ချမှတ်နေရတဲ့ ဆုံးဖြတ်ချက်ချရတဲ့အထဲမှာတော့ သူမပါဝင်၊ မပတ်သက်တော့ဘူး။ ဒါပေမဲ့ အစိုးရအတွင်းက စီနီယာတွေဟာ သူ့ဆီသွားပြီး အရေးကြီးတဲ့ ကိစ္စတွေမှာ အကြံဥာဏ်တောင်းခံယူနေရတယ်။ ဒါဟာလည်း ဗမာပြည်မှာ အလေ့အထဖြစ်နေတဲ့ အပိုင်းပါ။ ဒါပေမဲ့ မှေးမှိန်ကွယ်ပျောက်သွားမှာပါ။ သူ့ရဲ့ လွှမ်းမိုးမှုဟာလည်း မှေးမှိန်သွားမှာပါ။ ဒါပေမဲ့ ကျနော်ထင်တယ်…ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ခုလုံးကို သူသဘောတူထောက်ခံတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ဦးစားပေးက သူ့ကိုယ်ကို ကာကွယ်ဖို့နဲ့ သူ့မိသားစု၊ ပြီးတော့ ခေတ်ပျက်သူဌေးတွေကို ကာကွယ်ဖို့ပဲမို့လို့ပါ။ ပြီးတော့ ပြုပြင်ပြောင်းလဲရေးမလုပ်တဲ့ မူဘာရက်တို့၊ ဂဒါဖီတို့၊ တခြားအာဏာရှင်တွေ ဘယ်လိုဇာတ်သိမ်းကုန်တယ်ဆိုတာကိုလည်း သူမြင်ထားရပြီလေ။ ကျနော်ထင်တယ်…တော်လှန်ပုန်ကန်မှု တွေဖြစ်ပြီး သူကျဆုံးသွားမှာထက် သူ့လုံခြုံရေးကို အာမခံတဲ့ ဖြည်းဖြည်းချင်း ပြောင်းလဲမှုဖြစ်စဉ်ကို သူပို သဘောကျပုံရတယ်။ နောက်ပြီး ရှေးဘုရင်တွေလိုပဲ သူမရှိတော့တဲ့နောက်မှာ အမွေချန်သွားချင်တာလဲဖြစ်နိုင်တယ်။ တိုင်းရင်းသားတွေကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တဲ့သူ၊ ၂၀၀၇ မှာ ရဟန်းသံဂါတွေကို ရက်ရက်စက်စက်ဖြိုခွင်းခဲ့တဲ့သူ အဖြစ်နဲ့ပဲ သူ့ကို သတိရစေချင်ပုံမပေါ်ဘူး။ အသက်ကြီးလာတဲ့အခါမှာ သူချန်ထားရစ်ခဲ့ရမယ့်အမွေနဲ့ ပတ်သက်ပြီး စဉ်းစားလာတဲ့ပုံပဲ။ နောက်ပြီး သူ့နှလုံးသားကို ပြန်လည်မွေးဖွားဖို့ စဉ်းစားလာတဲ့ပုံပဲ။
YPI: သူနဲ့တွေ့ဖို့ကြိုးစားဖူးလား။ သူနဲ့တွေ့ပြီး နောက်ပိုင်းမှာ စာအုပ်တစ်အုပ်ထပ်ရေးဖို့ကော အစီအစဉ်ရှိလား။
Rogers: မကြိုးစားဖြစ်ပါဘူး။ တွေ့ဖို့လည်း အစီအစဉ်မရှိဘူး။ သူနဲ့ပတ်သက်ပြီး စာအုပ်တွေလည်း ထပ်ရေးဖို့ အစီအစဉ်မရှိဘူး။ တစ်အုပ်ဆိုရင် လုံလောက်ပြီပေါ့။ တကယ်လို့ သူ့အနေနဲ့ပဲဖြစ်ဖြစ်၊ အစိုးရအတွင်းက လူတွေကပဲဖြစ်ဖြစ် ကျနော်နဲ့ တွေ့ချင်ကြတယ်ဆိုရင်တော့ ကျနော့်အနေနဲ့ တွေ့ဖို့ အမြဲတံခါးဖွင့်ထားပါတယ်။ အခုကျနော် စာအုပ်တစ်အုပ်ရေးနေတယ်။ ဇူလိုင်လထဲမှာ ပုံနှိပ်ဖြစ်မှာ။ ဗမာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေနဲ့ နယ်စပ်ဒေသ၊ တိုင်းရင်းသားဒေသတွေက အခြေအနေတွေ၊ (လွတ်လပ်ရေးရပြီး) နှောင်းပိုင်းကာလတွေ၊ ပစပန်အခြေအနေတွေ၊ အနာဂတ်အကြောင်းတရားတွေကို ကြည့်မြင်သုံးသပ်ရေးထားတယ်။ အစကတော့ စာအုပ်နာမည်ကို Burma: A Captive Nation လို့ နာမည်ပေးခဲ့တယ်။ ဒါပေမဲ့ ခေါင်းစဉ်ကိုပြောင်းလိုက်တယ်။ Burma: A Nation at the Crossroads ဆိုပြီးတော့…ပြောင်းလဲနေတဲ့ အခြေအနေကို ထင်ဟပ်အောင်ဆိုပြီးတော့။ ။
Credit :YPI