နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် လှုပ်ရှားခဲ့သူ GWလူငယ်များ ဖမ်းဆီးခံထားရဆဲ
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ပိုစတာ ကမ်ပိန်းပြုလုပ်ခဲ့လို့ ဖမ်းဆီးခံခဲ့ရသူ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW)မှ ကိုဝေဖြိုး နှင့် ကိုဇာနည်ထွန်း တို့ကို ပြည်မြို့နယ် တရားရုံးမှ စီရင်ချက် ချဖို့ ဒီကနေ့ ရုံးချိန်းခေါ်ထားပြီး စီရင်ချက် မချဖြစ်ပဲ လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ပါတယ်။

" သူ ထောင်ကျသွားပစေ။ ကိစ္စ မရှိဘူး။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ သူ ကပ်တယ်။ အဲဒီ ကပ်တာမှာ သူ မလွတ်ဘူး။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်နေတယ်။ အဲတာကို သူ ဝမ်းသာတယ်"လို့ ကိုဇာနည်ထွန်းက ရုံးချိန်းထွက်လာစဉ် သူရဲ့ရှေ့နေ ဦးမြင့်အေးကို ပြောခဲ့ပါတယ်။
" အခု နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတကြီးက လွှတ်နေတယ်။ လာမည့် ၁၃ ရက်နေ့မှာလဲ လွှတ်မယ်လို့ ကြားနေရတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်စေချင်တဲ့ ဆန္ဒနဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဗီနိုင်းပိုစတာတွေ လိုက်ကပ်တဲ့ ကျနော့ အမှုသည်နှစ်ယောက်က မလွတ်သေးတာတော့ ကျနော်တော်တော် စိတ်မကောင်းဘူး။ ဒီအမှုမှာ တရားဥပဒေက စိုးမိုးလိမ့်မယ်လို့ ကျနော်ယူဆတယ်။ တရားသူကြီးချုပ် ဦးမြင့်ဆွေကလည်း တရားဥပဒေအတိုင်း ဆောင်ရွက်လိမ့်မယ်။ တရားသေ လွှတ်ရတော့မယ်လို့ ကျနော် ယူဆပါတယ်။"လို့ တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးက ဘားမား ဗီဂျေကို ပြောပါတယ်။
ကိုဝေဖြိုးနှင့် ကိုဇာနည်ထွန်းတို့သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ပြည်မြို့နှင့် အင်းမမြို့တို့တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ လွတ်မြောက်ရေး ဗွီနိုင်းပိုစတာများကို ကပ်ခဲ့သူများဖြစ်ပြီး အင်းမ ရဲစခန်းမှ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၁၉၆၂ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၁၇ နှင့် တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။ ပုံနှိပ် ဥပဒေ ပုဒ်မ ၁၇ သည် အနိမ့်ဆုံး ထောင်ဒဏ် ၁ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်ထိ အပြစ်ဒဏ် ချမှတ်လို့ရပါတယ်။



Source : Burma VJ