ဦးသိန်းစိန် အစိုးရ လွတ်ငြိမ်း ချမ်းသာခွင့် အပေါ် အေအေပီပီ သဘောထား ထုတ်ပြန်ချက်
ထုတ်ပြန်ကြေညာချက်
ရက်စွဲ ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၄ ရက်
သမ္မတ ဦးသိန်းစိန် အစိုးရသည် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ဇန်န၀ါရီလ ၁၃ ရက်နေ့မှ စပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ကြောင်း ကြေညာ ခဲ့သည်။ထို ကြေညာချက် အရ လွတ်မြောက် လာသည့် အကျဉ်း
သားများထဲတွင် ပါဝင်သည့် နိုင်ငံရေး အကျဉ်းသား အရေအတွက်မှာ ဇန္န၀ါရီလ ၁၄ ရက် နံနက် အထိ အေအေပီပီမှ စုဆောင်း ရရှိထားသလောက် ၂၇၂ ဦး ရှိပြီဖြစ်သည်။
လွတ်မြောက် လာသူများထဲတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်ဆောင် အချို့နှင့် အထင်ကရ နိုင်ငံရေး အကျဉ်းသား များ ပါလာသည်ကို သိရှိရသည်။ ထို့အတွက် မိမိတို့ အေအေပီပီ အနေဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရ၏ လုပ်ဆောင်မှု အပေါ် ကြိုဆို လိုက်ပါသည်။
သို့သော် မြန်မာ အတိုက်အခံများ၊ မြန်မာ ပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ တောင်းဆို နေသော ချွင်းချက်မရှိ လွှတ်ပေးခြင်းမျိုး မဟုတ်ပဲ ၄၀၁ပုဒ်မခွဲ(၁) ဆိုသည့် အနှောင်အဖွဲ့ဖြင့် လွှတ်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသား အားလုံးအား လွှတ်ပေးခြင်းမျိုး မဟုတ်ပဲ အကန့်အသတ်နှင့် လွှတ်ပေးခြင်း
လွှတ်ပေးခြင်း အပေါ် မိမိတို့ အေအေပီပီ အနေဖြင့် စိတ်မသက်မသာ ဖြစ်ရပါသည်။ ထိုသို့ နောက်ကြောင်းပြန် ပြစ်ဒဏ် သက်ရောက်မှု ဖြစ်စေမည့် ၄၀၁ပုဒ်မခွဲ(၁) ကြောင့် လွတ်မြောက် လာသော နိုင်ငံရေး အကျဉ်းသားများ၏ လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်ခွင့်နှင့် လူ့ အခွင့်အရေးကို များစွာ
ထိခိုက်စေမည် ဖြစ်သည်။
ထိုသို့ခွဲခြား၍ လွှတ်ပေးခြင်းသည် လွတ်မြောက်မှု မရှိဘဲ အကျဉ်းထောင်များ ထဲတွင် ကျန်ရှိ နေသေးသည့် ၁၀၀၀ နီးပါး အရေအတွက် ရှိသော နိုင်ငံရေး အကျဉ်းသားများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာအရ များစွာ ထိခိုက်စေမည် ဖြစ်သည်။ တနည်းအားဖြင့် ညှင်းပန်း နှိပ်စက်ခြင်းတမျိုးပင် ဖြစ်သည်ဟု
မိမိတို့မှ ယူဆပါသည်။ တဆက်တည်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ အကျဉ်း ကျခံနေရသူတို့ကို ချန်ပစ်ခဲ့ခြင်းမှာလည်း အမျိုးသား ရင်ကြား စေ့ရေးကို များစွာ ထိခိုက်စေမည့် လုပ်ရပ်ပင် ဖြစ်ပါသည်။
ယနေ့ နံက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှ လွှတ်ပေးရန် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသား ဦးရေမှာ ၄၃၀ ဦးသာ
ရှိပြီး ယခု တခေါက်တွင် ၃၀၂ ဦးလွှတ်ပေးခဲ့ပြီး ၁၂၈ မှာ ဖောက်ခွဲရေး ကဲ့သို့သော အကြမ်းဖက်မှု ဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆို ဖမ်းဆီးထားသဖြင့်
လွှတ်ပေးနိုင်ခြင်း မရှိသေးကြောင်း ဆိုခဲ့ပါသည်။ ထို အရေအတွက်သည် လုံးဝ လက်ခံနိုင်ဖွယ် မရှိသည့် အရေအတွက်ပင် ဖြစ်ပါသည်။လက်ရှိ အေအေပီပီ စာရင်းအရ နိုင်ငံရေး အကျဉ်းသား ၁၀၀၀ ကျော် ကျန်ရှိနေမည် ဖြစ်ပြီး ထိုအထဲမှ ၆၀၀ ကျော်မှာ ထောင်များထဲတွင် ရှိကြောင်း အတည်ပြုချက် ရထားပြီး
ဖြစ်ပါသည်။ ကျန်ရှိနေသူများအားလည်း ဆက်လက် အတည်ပြုနေဆဲ ဖြစ်ပါသည်။ ကွဲပြားနေသည့် ကိန်းဂဏာန်း အရေအတွက်ကိစ္စ နှင့် ပတ်သက်ပြီး လွတ်လပ်ပြီး အမှီအခိုကင်းသော နိုင်ငံတကာ အဖွဲ့အစည်း တခုခု ဥပမာ ကုလသမဂ္ဂမှ ကမကထပြုသော အဖွဲ့တဖွဲ့ဖွဲ့မှ ဦးဆောင်ကာ ဝင်ရောက် စစ်ဆေး
သင့်ကြောင်းနှင့် မိမိတို့ အေအေပီပီမှ မည်သူနှင့်မဆို ပူးပေါင်း လက်တွဲဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ထပ်မံ သဘောထား ထုတ်ပြန် လိုပါသည်။
ထို့ကြောင့် မိမိတို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အနေဖြင့် ကျန်ရှိ နေသေးသော နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် သမ္မတ ဦးသိန်းစိန် အစိုးရအား အလေးအနက် တိုက်တွန်း လိုပါသည်။
နိုင်ငံရေး အကျဉ်းသားများ အားလုံးကို အမြန်ဆုံး လွှတ်ပေးပြီး ၎င်းတို့၏ ရာဇဝတ် မှတ်တမ်းများကို ချေဖျက်ပစ်၍ ဒီမိုကရေစီရေး၊ အမျိုးသား ရင်ကြားစေ့ ရေး နှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် လွတ်လပ်စွာ ပါဝင်နိုင်မည့် အခင်းအကျင်းများကို အမြန်ဆုံး ဖန်တီးပေးရန် ထပ်မံ တိုက်တွန်း လိုက်ပါသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃
Credit :Burma VJ