Latest Highlight

ပြည်သူ့ ဒီမိုကရေစီလား ငါတို့ ဒီမိုကရေစီလား


 ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ ယခုအချိန်ကာလဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြိုးပမ်းလုပ်ဆောင်နေတဲ့၊သမ္မတကြီး ဦးသိန်းစိန်ပြောကြားခဲ့တဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အုပ်ချုပ်မှုကို ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။

ဒီလိုဒီမိုကရေစီလမ်းစဉ်ကိုကျင့်သုံးဖို့ ကြိုးပမ်းနေစဉ်ကာလမှာ သမ္မတကြီး ပြောကြားခဲ့တဲ့ စကားတွေကို အလေးအနက်ထားဖော်ဆောင်ပေးမယ့် အရေးကြီးဆုံးမောင်းနှင်အားက အစိုးရယန္တရားရဲ့ လည်ပတ်မှုပါပဲ။ အစိုးရယန္တရားကို အဓိကမောင်းနှင်နေသူတွေဆိုတာ ထိပ်ဆုံးအဆင့် ညွှန်ချုပ် မှသည် အောက်ခြေအဆင့်စာရေးအထိပါဝင်သော ပြည်သူ့ဝန်ထမ်းများပဲ ဖြစ်ပါတယ်။

သမ္မတကြီးက တိုင်းပြည်ကို ပိုမိုကောင်းမွန်တဲ့၊ တိုးတက်တဲ့ နိုင်ငံအဖြစ် ထူထောင်လိုပေမယ့်သူတစ်ယောက်တည်း စွမ်းအားနဲ့တော့ မဖြစ်နိုင်ပါဘူး။ အစိုးရယန္တရားထဲမှာ ပါဝင်ထမ်း ဆောင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းများက အစိုးရယန္တရားရဲ့မူဝါဒဦးဆောင်သည့်အပိုင်းဖြစ်သော သမ္မတဦးဆောင်သည့် ၀န်ကြီးအဖွဲ့၊ အစိုးရအဖွဲ့၏ ကောင်းမွန်သော စိတ် ဆန္ဒအမှန်ကို ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ပြီး ထိရောက်မှန်ကန် စွာပြုမူဖို့ လိုပါတယ်။

၎င်းတို့ရဲ့ စွမ်းဆောင်ရည်မြင့်မားအောင်၊ Effectiveness and Efficiency အမြင့်ဆုံးရရှိမယ့် စီမံခန့်ခွဲမှုပုံစံတွေ၊ ကြိုးပမ်းအားထုတ်မှုတွေ၊ ဒီလိုကြိုးပမ်းအားထုတ်လိုတဲ့စိတ်စေတနာတွေနဲ့ အစိုးရယန္တရားကို မောင်းနှင်ဖို့အလွန်အရေးကြီးပါတယ်။ အစိုးရ ယန္တရားကို မူဝါဒဖြင့် ဦးဆောင်ပေးသော သမ္မတနှင့် ၀န်ကြီးအဖွဲ့ကလည်း ကိုယ်ချမှတ်တဲ့ မူဝါဒတကယ်အကောင်အထည်ပေါ်လာစေရန်လိုအပ်သောပတ်ဝန်း ကျင်အနေအထားကို ဖန်တီးပေးဖို့၊ မူဝါဒကို လိုက်နာလာအောင်တွန်း အားပေးဖို့တာဝန်ရှိပါတယ်။

ပြည်သူ့ဝန်ထမ်းဆိုသည်မှာ ပြည်သူ့တို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရမယ့်၊ တိုးပွားစည်ပင်လာအောင် ကူညီပေးရ မယ့်၊ ပြည်သူ့လူထုအခက်အခဲကို ၀ိုင်းဝန်းဖြေရှင်းပေးရမယ့်သူတွေလို့ အကြမ်းဖျင်းနားလည် သဘောပေါက်ထားပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကတော့ ပြည်သူလူထုကို ကိုယ်စားပြုပေးမယ့်၊ ပြည်သူ့အသံတွေကို နားထောင်ပေးမယ့် ပြည်သူ့ဝန်ထမ်းတွေ အလွန်ပါးရှားပါသေးတယ်။ အများစုသော ပြည်သူ့ဝန်ထမ်းများဟာ အစိုးရ၀န်ထမ်းအဖြစ်ခံယူပြီး ၎င်းင်းတို့ ကိုယ်၎င်းတို့ အာဏာပိုင်များအဖြစ် အထင်ရောက်ကာ ဘယ်လိုအာဏာကို အသုံးပြုခြယ်လှယ်ရမလဲဆိုတဲ့ စိတ်ဓာတ်မပျောက်ကြသေးပါဘူး။

စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်နေသော နေရာများမှ ပြည်သူ့ဝန်ထမ်းများရဲ့ အကျင့်စရိုက်နဲ့ စိတ်ဓာတ်များဟာ ပျက်ယွင်းမှုပိုများပါတယ်။ နယ်မြို့များတွင် အုပ်ချုပ်မှုအပိုင်း၌ရှိသော ပြည်သူ့ဝန်ထမ်းများမှာ ဘုရင်တစ်ပါးအလားဖြစ်နေကြသည်။ ဒါ့အပြင် ဟိုသို့ဒီသို့ အာဏာပြအနိုင်ကျင့်မှုများမှာ နယ်မြို့များတွင် အလွန်အဖြစ်များနေသောကိစ္စများဖြစ် နေဆဲပါ။

ဝိသမလောဘစီးပွားရေးသမားများကလည်း အာဏာပိုင်များအကြိုက်လိုက်ပေါင်းပြီး အားနည်းသော ပြည်သူလူထုကို အနိုင်ကျင့်အမြတ် ထုတ်နေတဲ့ ဖြစ်ရပ် များမှာလည်းအများအပြားပါပဲ။ ဒီလိုဖြစ်ရပ်များဟာ အလွန်မှအရုပ်ဆိုးအကျည်းတန်လှပါတယ်။ ပြည်သူ့ဝန်ထမ်း ဆိုတာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုရအောင်၊ ပြည်သူတွေရဲ့အမြင်မှာ အားကိုးသင့် အားကိုးထိုက်သူဖြစ်အောင် ပြည်သူ့ဝန်ထမ်း ဂုဏ်ကိုထိန်းသိမ်းသင့်ပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ ဒေါက်တိုင်အဖြစ်ရပ်တည်နေတဲ့ ပြည်သူ့ဝန်ထမ်းများဟာ မိမိတို့ရဲ့ဒေါက်တိုင် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရမယ့်အပြင် လက်ရှိအသိပညာဖွံ့ဖြိုးမှုအားနည်းနေသေးတဲ့ပြည်သူလူထုရဲ့ ဒေါက်တိုင်ကိုပါ ကူညီထောက်ပံ့ပေးရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကို လျစ်လျူရှုပြီး မိမိတို့အဆင် ပြေသလို အခွင့်အရေးယူနေခြင်းဟာ တိုင်းပြည်တိုးတက်ဖို့ အတွက် အနှောင့်အယှက်ဖြစ်နေပြီလို့ မြင်တတ်ဖို့ အရေးကြီးလာပါပြီ။

ဒီလို အသွင်ကူးပြောင်းဆဲကာလအရေးကြီးသော အချိန်အခါမှာ ပြည်သူ့ဝန်ထမ်းများဟာ မိမိတို့ကျင့်ကြံရမည့် အပြုအမူများနဲ့ ထားရှိရမည့်စိတ်ဓာတ်ကို ရှင်းလင်း ပြတ်သားစွာနားလည်ဖို့လိုအပ်ပါတယ်။ ပြည်သူ့ဒီမိုကရေစီ ကို ကိုယ့်ဒီမို ကရေစီလို ကျင့်သုံးချင်နေ တဲ့ ပြည်သူ့ဝန်ထမ်းများအနေနဲ့ ယခု လိုအချိန်ကာလမှာ အချိန်မီပြင်ဆင်သင့်နေပါပြီ။ ပြည်သူလူထုကလည်း မိမိတို့အဆင်မပြေ အခက်အခဲဖြစ်နေသောကိစ္စရပ်များကို ရဲရဲဝံ့ဝံ့ဖော်ထုတ်အသိပေးဖို့ လိုပါတယ်။ ထိရောက်နိုင် သည်ဖြစ်စေ၊ မထိရောက်နိုင်သည်ဖြစ်စေ တရားဝင်လမ်းကြောင်းမှ ဆိုင်ရာသို့တိုင်တန်းခြင်းကို တွန့်ဆုတ်နေဖို့ မသင့်ပါဘူး။

တိုင်ကြားချက်များကို အရေးတယူရှိမှု တုံ့ပြန်အရေးယူခြင်းတို့ ထိရောက်မှု၊ မထိရောက်မှုဆိုသည်မှာ မတရားပြုကျင့်ခံရခြင်းအပေါ် မမျှတစွာဆောင်ရွက်ခြင်းအပေါ် မကျေနပ်မှုကို ဖော်ထုတ်ပြသသည့် အကြိမ်အရေအတွက်နှင့် လူဦးရေပေါ်တွင်လည်း မူတည်နေပါတယ်။ လူအများ၊ ပြည်သူအများက လက်မခံတော့ဘူးဆိုရင် ပျက်ယွင်းနေတဲ့အကျင့်စရိုက်နေတွေ၊ စိတ်ဓာတ်တွေကို ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ လက်ခံကျင့်သုံးဖို့ ရှက်ကြောက်တတ်လာမှာပါ။ အမှန်တရားကို ဖော်ထုတ်ရမှာ၊ တရားတဘောင်ရင်ဆိုင်ရမှာ၊ မကျေနပ် ချက်တွေကို ဆိုင်ရာသို့ ရဲရဲဝံ့ဝံ့တင်ပြရမှာတွေကို မကြောက်ရွံ့ဖို့ လိုအပ်ပါတယ်။

အစိုးရယန္တရားရဲ့ အမြင့်ဆုံးအဆင့်ဆင့်မှာမောင်းနှင်နေသော ဦးဆောင်သူများကို အသိပေးနိုင်မှသာ ချို့ယွင်းချက်ကို အချိန်မီသိမြင်ပြုပြင်နိုင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံသစ်ဆီသို့ ချီတက်နိုင်မယ်လို့ ပြည်သူလူထုအနေနဲ့လည်း နားလည်
သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ ပြဿနာသေးသေးပဲဖြစ်ဖြစ်၊ ကြီးကြီးပဲဖြစ်ဖြစ် အဆင်ပြေသလို ခါးစည်းခံနေမယ်ဆိုရင် မိမိတို့အတွက်လည်းကြီးစွာသော အခက်အခဲများကြုံတွေ့ပြီး တိုးတက်မှုမရရှိသလိုတိုင်းပြည်အတွက်လည်း အကြီးအကျယ်နစ်နာမှုကြီးကို ပါဝင်ပတ်သက်နေသလို ဖြစ်နေမယ်ဆိုတာ သိမြင်ထားရမှာဖြစ်ပါတယ်။

အစိုးရယန္တရားရဲ့ အဆင့်ဆင့်သော တာဝန်ရှိသူများကလည်း ပြည်သူ့ဝန်ထမ်းများအကျင့်ပျက်အာဏာပြမှုများကို ပြတ်ပြတ်သား သားအရေးယူမှသာ ဖွင့်ဟဖော်ထုတ်လာသော ပြည်သူလူထုကို ပိုမိုဖွင့်ဟလာအောင် အားပေးရာရောက်မှာ ဖြစ်ပါတယ်။ တိုင်သာတိုင်၏ အကျိုးမရှိ ဖြစ်နေပါက လည်း ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ရှင်းလင်းပြတ်သား သောလမ်းကြောင်းချပြပြီး ထိုလမ်းကြောင်း မှ သွေဖည်နေသော ပြည်သူ့ဝန်ထမ်းများကို ထိရောက်အောင် အရေးယူခြင်းဖြင့် တိုင်းပြည်ရဲ့ အဓိကဒေါက်တိုင်တစ်ခုဖြစ်တဲ့ ပြည်သူ့ဝန်ထမ်းများရဲ့ အခန်းကဏ္ဍကို အမြန်ဆုံးပြုပြင်လိုစေသဖြင့် ရေးသားလိုက်ပါတယ်။

နိုင်နိုင်ဇော်

Source  :7Day News Journal အတွဲ (၁၀)၊ အမှတ်(၄၄)

Write A Comment

Rohingya Exodus