Latest Highlight

ပြင်သစ်နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ဝန်ကြီး လာရောက်မည်


ဥရောပသမဂ္ဂတွင် အရေးပါသော နေရာရယူထားသည့် ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ဝန်ကြီး Mr. Alain Juppé သည် နှစ်ပေါင်း ၂၀ကျော်အတွင်း သမိုင်းဝင် အလည်အပတ်ခရီးစဉ်အဖြစ် လာမည့် ဇန်နဝါရီလ ၁၄ရက်မှ ၁၆ရက်နေ့အထိ မြန်မာနိုင်ငံသို့ တရားဝင် လာရောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်အခြေစိုက် ပြင်သစ်နိုင်ငံသံရုံးက ယနေ့သတင်းထုတ်ပြန်သည်။

၁၉၈၈ခုနှစ်နောက်ပိုင်း ဝန်ကြီးအဆင့် လာရောက်လည်ပတ်မှု လုံးဝမရှိခဲ့ရာမှ ယခုကဲ့သို့ တရားဝင်အလည်အပတ်လာရောက်ခြင်းသည် မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့် လပိုင်းအတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် တိုးတက်ဖြစ်ထွန်းမှုများက အဓိက အကြောင်းရင်းများဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ထိုအပြောင်းအလဲများကို အဓိကဆောင်ကျဉ်းပေးခဲ့သည့် နိုင်ငံတော်သမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင်များအပါအဝင် အပြောင်းအလဲများအတွက် ကျရာနေရာအသီးသီးမှ ပါဝင်ကူညီခဲ့ကြသော stakeholder များအားလုံးကို အားပေးထောက်ခံရင်း အမျိုးသားစည်းလုံးညီညွတ်ရေး၊ လူ့အခွင့်အရေး၊ လူနည်းစုတိုင်းရင်းသားများအရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ယခုထက်ပို ခိုင်မာအားကောင်းစေရန် တိုက်တွန်းအားပေးသွားမည်ဖြစ်သည်ဟု ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

Mr. Alain Juppé၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌများဖြစ်ကြသည့် ဦးခင်အောင်မြင့်နှင့် သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Credit here


Write A Comment

Rohingya Exodus