Latest Highlight

မတရား​အသင်း​ဥပ​ဒေဖျက်သိမ်း ​ရန် ​တောင်း​ဆို













ကိုမျိုးဝင်း၊ ဦးမျိုး၊ ရဲဘော်ဖိုးသံချောင်း Photo: DVB


မြန်မာအစိုး​ ရအဆက်ဆက် ကျင့်​သုံး​ခဲ့​တဲ့​ မတရား​အသင်း​ အက်ဥပ​ဒေဟာ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​နဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ကိုအတား​အဆီး​ ဖြစ်​နေတဲ့​တွက် ဖျက်သိမ်း​ပေး​ဖို့​ မတရား​အသင်း​ ​ကြေညာခံထား​ရတဲ့​ အဖွဲ အစည်း​တွေက ​တောင်း​ဆိုလိုက်ပါတယ်။
၁၉၅၃ ခုနှစ်ကတည်း​က အခုချိန်ထိ မတရား​သင်း​ ​ကြေညာခံထား​ရတဲ့​ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ရဲ​ဘော်ဖိုး​သံ​ချောင်း​က​တော့​ မြန်မာပြည်သူ​တွေကို ​ခေတ်အဆက်ဆက်ဖိနှိပ်ရာမှာ အသုံး​ပြုခဲ့​တဲ့​ ဒီဥပ​ဒေကို ဖျက်သိမ်း​ချိန် တန်​နေပြီလို့​ပြောပါတယ်။

“နှစ်​ပေါင်း​ များ​စွာ မြန်မာပြည်သူ​တွေရဲ့​ နိုင်ငံ​ရေး​ ယူဆမှု​တွေကို နှိပ်စက်ခဲ့​တဲ့​ ဥပ​ဒေတရပ်ဟာ ယ​နေ့​အချိန်ခါမှာ မရှိသင့်​တော့​ဘူး​လို့​ မြင်လို့​ အခုလို တင်ပြတာပါ။ အများ​ဆုံး​ ထိခိုက်တာက နံပါတ်တစ် လယ်သမား​တွေပါ။ ​ကျေး​လက်​ဒေသ လက်နက်ကိုင်​ဒေသမှာ ရှိတဲ့​ လယ်သမား​တွေကို ဒီဟာက နှိပ်စက်တယ်။ ​မြေ​ပေါ်မှာ လှုပ်ရှား​တဲ့​ အစိုး​ရနဲ့​မတူတဲ့​ လူ​တွေအ​ပေါ်မှာ အချိန်မ​ရွေး​ ဒါမျိုး​တပ်ပြီး​တော့​ နှိပ်စက်တာပါ။ အခုအခါမှာဆိုရင် အဲဒီပုဒ်မနဲ့​ပဲ နှစ်​တွေအများ​ကြီး​ ​ထောင်ကျ​နေရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အများ​ကြီး​ ရှိ​နေပါ​သေး​တယ်။”

၁၉၀၈ ခုနှစ် မတရား​သင်း​ အက်ဥပ​ဒေဟာ ကိုလိုနီနယ်ချဲ့​အင်္ဂလိပ်​တွေက လက်နက်ကိုင် ပုန်ကန်တဲ့​ မြန်မာပြည်က တိုင်း​ရင်း​သား​ လူမျိုး​ပေါင်း​စုံကို နှိမ်နင်း​ဖို့​ ရည်ရွယ်ပြီး​ ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေဖြစ်ပါတယ်။ ဒီဥပ​ဒေကို အ​ကြောင်း​ပြုပြီး​ မတရား​အသင်း​ ​ကြေညာခံထား​ရတဲ့​ အဖွဲ့​တွေနဲ့​ ဆက်နွှယ်​နေသူ​တွေကို အစိုး​ရက ဖမ်း​ဆီး​ထောင်ချ အပြစ်​ပေး​လေ့​ရှိတာပါ။

၂၀၀၉ ခုနှစ် ဧပြီလမှာ မတရား​အသင်း​ ​ကြေညာခံထား​ရတဲ့​ မြန်မာနိုင်ငံ ​ရှေ့​နေများ​ ​ကောင်စီ (ဘီအယ်လ်စီ) ရဲ့​ ဥပ​ဒေ​ရေး​ရာ သုံး​သပ်​ရေး​ ဌာနတာဝန်ခံ ဦး​မျိုး​က အခုလို ​ပြောပါတယ်။

“လွတ်လပ်​ရေး​ ရပြီး​သား​ နိုင်ငံတနိုင်ငံမှာ ဒီဥပ​ဒေမျိုး​ မရှိသင့်​တော့​ဘူး​ဗျ။ ဒါ​ပေမယ့်​ သက်ဆိုင်ရာ အစိုး​ရ​တွေက ဒီဥပ​ဒေကို ကိုင်ပြီး​တော့​ သူတို့​ကို နိုင်ငံ​ရေး​အရ အန်တုတဲ့​ အတိုက်အခံ အင်အား​စု​တွေကို ဒါနဲ့​ပဲ ဆွဲ ဆွဲသွင်း​နေတာပဲ​လေ။ ဒီ​နေ့​ထိ တိုင်​အောင်​ပေါ့​ဗျာ။ အဲ​တော့​ ကျ​နော်တို့​ မြန်မာနိုင်ငံ ​ရှေ့​နေများ​ကောင်စီဆိုတာလည်း ဥပ​ဒေလုပ်ငန်း​တခုပဲ လုပ်တာပါ။ ဥပ​ဒေလုပ်ငန်း​ လုပ်တယ်ဆိုတာလည်း​ ကိုယ့်​နိုင်ငံ ​ကောင်း​ဖို့​အတွက် ကျ​နော်တို့​ လုပ်တာ ဖြစ်တယ်။ တရား​ဥပ​ဒေစိုး​မိုး​ဖို့​အတွက် ကျ​နော်တို့​ လုပ်​နေတာဖြစ်တယ်။ သန့်​သန့်​စင်စင်​လေး​ ရုန်း​ကန်လှုပ်ရှား​နေတဲ့​ ဒီမိုက​ရေစီ အဖွဲ့​အစည်း​တခုကိုမှ မတရား​အသင်း​ လာ​ကြေညာတယ်ဆိုတာဟာ ​တော်​တော့​ကို လွန်လွန်း​ပါတယ်။”

အလား​တူ မတရား​သင်း​ စွပ်စွဲခံထား​ရတဲ့​ လက်နက်ကိုင်အဖွဲ့​အစည်း​ တခုဖြစ်တဲ့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​ ​အေဘီအက်စ်ဒီအက်ဖ် ဒု-ဥက္ကဋ္ဌ ကိုမျိုး​ဝင်း​က​တော့​ စစ်မှန်တဲ့​ငြိမ်း​ချမ်း​ရေး​ ဒိမိုက​ရေစီ​ဖော်​ဆောင်ဖို့​ မြန်မာအစိုး​ရအ​နေနဲ့​ မတရား​သင်း​ ဥပ​ဒေ အပါအဝင် မတရား​တဲ့​ ဥပ​ဒေအား​လုံး​ကို ဖျက်သိမ်း​သင့်​ပြီလို့​ ​ပြောပါတယ်။

“ယ​နေ့​ကာလ ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​မှုမှ တိုင်း​ပြည်နဲ့​ ပြည်သူအကျိုး​အတွက် တကယ်​ရှေး​ရှုမယ်ဆိုရင် အင်အား​စုအား​လုံး​ပါဝင်နိုင်တဲ့​ နိုင်ငံ​ရေး​အခင်း​အကျင်း​ ဖန်တီး​ဖို့​လိုတယ်။ ပြည်တွင်း​စစ်ဆိုတာ မရှိရဘူး​။ ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်ရမယ်။ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ လိုတယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​လိုတယ်။ ဒါ​ကြောင့်​မို့​ ခုနက ဥပ​ဒေတခုတည်း​တင် မဟုတ်ပါဘူး​။ တိုင်း​ပြည်မှာ ရှိ​နေတဲ့​ ပုဒ်မ ၅ (ည) လို ဥပ​ဒေမျိုး​၊​ အီလက်ထ​ရောနစ် ဥပ​ဒေ၊​ အများ​ကြီး​ပဲ ညှိနှိုင်း​ဆွေး​နွေး​ ဖျက်သိမ်း​ရမှာပဲ။”

မြန်မာနိုင်ငံမှာ မတရား​သင်း​ ​ကြေညာခံထား​ရတဲ့​ အဖွဲ့​အစည်း​ပေါင်း​ အနည်း​ဆုံး​ ၁၃ ဖွဲ့​ ​လောက်ရှိပြီး​ ၁၉၆၂ခုနှစ်မတိုင်ခင်ကတည်း​က မတရား​သင်း​ ​ကြေညာခံထား​ရတဲ့​ အဖွဲ့​အစည်း​တွေထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီ အလံနီကွန်မြူနစ်ပါတီ၊​ ပြည်သူ့​ရဲ​ဘော်အဖွဲ့​ ​ကေအန်ဒီအိုစတဲ့​ အဖွဲ့​အစည်း​ ၆ ဖွဲ့​လောက် ရှိပါတယ်။

၁၉၈၈ ​နောက်ပိုင်း​မှာ​တော့​ ကရင်အမျိုး​သား​အစည်း​အရုံး​၊​ ရှမ်း​ပြည်တပ်မ​တော်၊​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​၊​ ပြည်​ထောင်စုမြန်မာနိုင်ငံ အမျိုး​သား​ညွန့်​ပေါင်း​အစိုး​ရ၊​ မြန်မာနိုင်ငံ အလုပ်သမား​သမဂ္ဂများ​ အဖွဲ့​ချုပ် စတဲ့​အဖွဲ့​တွေနဲ့​ ​နောက်ဆုံး​ ​ကြေညာခံထား​ ရတာက​တော့​ မြန်မာနိုင်ငံ​ရှေ့​နေများ​ကောင်စီတို့​ ဖြစ်ပါတယ်။

Source :DVB News

Write A Comment

Rohingya Exodus