ဥပဒေရဲ့ အထက်မှာဘယ်သူ တွေရှိသလဲ
ဒီလှိုင်း — မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေတ်သစ် ရေစီးကြောင်းကို သတိကြီးစွာနဲ့ စတင်နေချိန်၊ ဒီအချိန်မှာ လွှတ်လပ်ရေးနေ့က ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ရံပုံငွေဈေးရောင်းပွဲကို ဇန်န၀ါရီ ၁၊ ၂၊ ၃၊ ၄ ရက်တွေမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်ရှိဈေးရောင်းပွဲကိုဦးဆောင်ခဲ့တဲ့ လူငယ်ခေါင်းဆောင် ကိုသိမ်းဆွေ ကြုံတွေ့ခဲ့ရပုံလေးကို တင်ပြချင်ပါတယ်။
ရံပုံငွေ ဈေးရောင်းပွဲကို ဒီဇင်ဘာလကုန်ပိုင်းကစပြီး ပြင်ဆင်ရတာပါ ။ မြို့နယ်အာဏာပိုင်များလည်းမြင် နေရတာပေါ့ ။ ၃၀-၁၂-၂၀၁၁ ရက်နေ့မှာတော့ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးဒုဦးစီးမှူးက ကိုသိန်းဆွေကို ဖုန်းနဲ့အကြောင်းကြားပြီး မြို့နယ်ရုံးမှာ ခေါ်တွေ့ပါတယ်။ဈေးရောင်းပွဲတော်အတွက် ဆိုင်ခန်းတွေဆောက်နေချိန်ပါ။
၃၁-၁၂-၁၁ နေ့ မနက်၅နာရီမှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဝင်းက ခရိုင်စည်ပင်သာယာရေးအကြီး အကဲ၊ ခရိုင်ရဲမှူး ၊ခရိုင်ဥပဒေအရာရှိ ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ ခရိုင်မီးသတ်တပ်ဖွဲ့ အကြီးအကဲ၊ ခရိုင်ပညာရေးမှူး၊ ခရိုင်အာဏာမှူး အစရှိတဲ့ ၂၀ဦးခန့်နဲ့အတူ ကိုသိမ်းဆွေကိုလည်း ခေါ်ယူတွေ့ဆုံပြန်ပါတယ်။
အဲဒီမှာ ဦးကျော်စိုးဝင်းက ကိုသိမ်းဆွေကို ´´လွှတ်လပ်ရေးနေ့မှာ နိုင်ငံရေးအရောင်အသွေးတွေမပါစေ ချင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံများကို မရောင်းစေချင်ပါဘူး။ မုန့်ဟင်းခါး၊ လက်သုတ် ရောင်းချင်ရောင်းပါ´´လို့ပြောပါတယ်။
ကိုသိမ်းဆွေက တားမယ်ဆိုလည်း၊ တားပါ ၊ ကျွန်တော်တို့ကဆက်လုပ်ပ့ါမယ်။ အကယ်၍ ခရိုင်အာဏာပိုင်များက တားမယ်ဆိုရင် ဥပဒေကြောင်းအရ ဆက်လက်လုပ်ပါ။ ကျွန်တော်တို့ဟာ တရားဝင်နိုင်ငံရေးပါတီ တစ်ခုဖြစ်ပြီး၊ တရားဝင် ပစ္စည်းတွေကိုရောင်းတာဖြစ်တယ်။ ဒီလိုရောင်းတာ တရားမ၀င်ဘူးလား။ ဖြေပါလို့ ခရိုင်ဥပဒေအရာအရှိကို ကိုသိမ်းဆွေက မေးပါတယ်။
ခရိုင်ဥပဒေအရာရှိက ဘာမှမပြောဘဲ ပြုံးပြီး ခေါင်းငုံသွားပါတယ်။ ကိုသိမ်းဆွေက ဆက်လက်ပြီးတော့ တားချင်ရင် နုတ်နဲ့မတားပါနဲ့ တရားဝင်စာ ထုတ်ပေးပါ ။ မြို့နယ်အနေနဲ့တားချင်ရင် မြို့နယ်အဆင့်က စာထုတ်ပါ။ ခရိုင်အနေနဲ့တားချင်ရင် ခရိုင်အဆင့်က စာထုတ်ပါ ။ ကော်မရှင်အနေနဲ့ တားချင်ရင် ကော်မရှင်အနေနဲ့ စာထုတ်ပေးပါ လို့ပြောပါတယ်။
ဦးကျော်စိုးဝင်း(ခရိုင်အုပ်ချုပ်ရေးမှူး)က ဒါဆိုနောက်မှ အကြောင်းကြားပါ့မယ်ဆိုလို့ ကိုသိမ်းဆွေ(ဖျာပုံမြို့နယ် NLD ခေါင်းဆောင်)
ပြန်လာခဲ့ပါတယ်။ ၁-၁-၂၀၁၂ ရက်နေ့ ည ၇နာရီမှာ ဈေးရောင်းဖို့အတွက် စတင်ခင်းကျင်းပါတယ်။ ချက်ချင်းဘဲ မြို့နယ်လူထုက ကြိတ်ကြိတ်တိုးအားပေးကြတာ တခဏအတွင်းမှာ ကျပ်ငွေ ၇သိန်းကျော်ဖိုးရောင်းရပါတယ်။
၂-၁-၂၀၁၂ ရက်နေ့ မြို့နယ်လူထုက အုတ်အုတ်ကျက်ကျက် လာရောက်အားပေးကြပါတယ်။ကျေးရွာ အသီးသီးက စိတ်ပါဝင်စားသူတွေ၊ အဖွဲ့ဝင်လိုသူတွေက ဈေးရောင်းပွဲကိုလာရောက်တာကြောင့်၊ဆက်သွယ်ရေး လမ်းကြောင်းလည်း၊ ဖွင့်ပြီးသားဖြစ်သွားပါတယ်။ သူတို့အနေနဲ့ သူတို့
မျှော်လင့်စောင့်စားနေတဲ့ NLD ရဲ့ လက်ရှိ လှုပ်ရှားမှုများကိုလာရောက် ပူးပေါင်းဆောင်ရွက်လိုကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိဆောင်ရွက်မှု
များကိုလည်း အားပေးထောက်ခံပါကြောင်း ဆန္ဒတွေလာရောက် ဖွင့်ဟ ကြပါတယ်။
အဲဒီလို အုတ်အုတ်ကျက်ကျက် အောင်မြင်နေချိန် ညနေ၈နာရီ ၁၅မိနစ်မှာတော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ကိုသိမ်းဆွေကို ၀န်ကြီးချုပ်၏မှတ်ချက်ဖြင့် စာရောက်နေ၍ လာယူဖို့ ဖုန်းနဲ့လှမ်းအကြောင်း ကြားပါတယ်။ ကိုသိမ်းဆွေက ဒါရုံးချိန်မဟုတ်တော့ပါကြောင်း လာမယူနိုင်ပါကြောင်း၊ အကယ်၍ဖမ်းဆီးချင်တယ်ဆိုရင် ၊ ကျွန်တော်ဈေးရောင်းပွဲရှေ့မှာရှိနေပါကြောင်း၊ လာရောက် ဖမ်းဆီးနိုင် ပါကြောင်း ပြောဆိုတော့… အာဏာပိုင်အဖွဲ့က ဖမ်းဆီးလိုတာမဟုတ်ကြောင်း စာပေးချင်တာ ဒါသာ ဖြစ်ပါကြောင်း ၊ကိုသိမ်းဆွေက
ခင်ဗျားတို့ဘက်က တစ်ယောက်ယောက်ကိုလွှတ်ပေးခိုင်းပါ ….ဆိုတော့ အာဏာပိုင်အဖွဲ့ မြိုနယ်အုပ်ချုပ်ရေးမှူးရုံးမှ ရုံးအုပ်နှင့်အကြီးတန်းစာရေး(၂)ယောက်က စာကို ည ၉နာရီခန့်မှာ လာရောက်ပေး အပ်သွားပါတယ်။
ဈေးရောင်းပွဲကတော့ စောစောကအတိုင်းပဲ၊ အောင်အောင်မြင်မြင်ပြီးဆုံးသွားပါတယ်။ ၃-၁-၁၂ ဈေးရောင်းပွဲကိုဆက်လက်ရောင်းချနေပါတယ်။ အဲဒီနေ့မှာ ကိုသိမ်းဆွေထံကို မြို့နယ်အာဏာပိုင်က ဖုန်းဆက်ပြီး.. ..မနေ့ကရုံးအုပ်ကြီးနဲ့ အကြီးတန်းစာရေးတစ်ယောက်တို့ လာပေးသွားတဲ့စာကို သူတို့ထံပြန်ပေးပါလို့တောင်းပါတယ်။
ကိုသိမ်းဆွေက ရုံးချုပ်ကိုပို့လိုက်ပြီလို့ ပြောတဲ့အခါမှာ ၊ အဲဒီစာကို ရနိုင်ရင်ပြန်တောင်းပေးပါလို့ အကြိမ် ကြိမ်ဖုန်းဆက်ပြီးတောင်းပါတယ်။ ကိုသိမ်းဆွေကလည်း ယင်းစာကို ရုံးချုပ်ကို အမှန်တကယ်ပို့လိုက်ပြီးဖြစ်တာ မို့ ၊ ပြန်မပေးနိုင်တော့ပါဘူး။ ဈေးရောင်းပွဲဟာ အတားအဆီး အနှောင့်အယှက် မရှိပဲ အောင်မြင်စွာပြီးဆုံးသွားပါတယ်။ ပြောချင်တာက တရားဝင်နိုင်ငံရေးပါတီ အဖွဲ့အစည်းတစ်ခုရဲ့ တရားစည်းရုံးမှု၊ လှုပ်ရှားမှု ၊လုပ်ငန်းစဉ်တွေဟာ ပြဌာန်းထားတဲ့ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လုံခြုံအေးချမ်းစွာ အနှောင့်အယှက် အဟန့် အတား ကင်းစွာ လုပ်ဆောင်နိုင်ခွင့်ရှိပါတယ်။ အခြေခံဥပဒေကို ပြည်သူတွေဘက်က လေးစားလိုက်နာကြဖို့ ကြိုးပမ်းနေချိန်မှာ၊ အခြေခံဥပဒေကိုလည်းကောင်း၊
နိုင်ငံတော်သမ္မတကြီးနဲ့အစိုးရအဖွဲ့ရဲ့ လမ်းစဉ်တွေကိုလည်းကောင်း၊ မလေးစား မလိုက်နာသူတွေဟာ ဘယ်သူတွေလဲ စဉ်းစားကြဖို့ပါ။ ခေတ်ကိုအမှီ
လိုက်ကြဖို့ပါ။

ယမင်းလှိုင် (ဒီလှိုင်း စာစောင်)