မြန်မာဟာ ကံကောင်းလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ် by ဒေါက်တာသန့်မြင့်ဦး
မြန်မာဟာ ကံကောင်းလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် အပြောင်းအလဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး သမိုင်းပညာရှင် စာရေးဆရာ ဒေါက်တာသန့်မြင့်ဦးကို မြန်မာတိုင်း(မ်) အကြီးတန်းလက်ထောက်စာတည်း စန္ဒာလွင်က အီးမေး(လ်)မှတစ်ဆင့် မေးမြန်းထားပါသည်။
ဒေါက်တာသန့်မြင့်ဦး သည် သမိုင်းပညာရှင် စာရေး ဆရာ တစ်ဦးဖြစ်ပြီး ကိန်း ဘရစ်ဂ်ျတက္ကသိုလ် ထရီနီတီ ကောလိပ်၏ င်္နူသတ တစ်ဦး ဖြစ်ခဲ့ကာ ဟားဗတ်၊ ကိန်း ဘရစ်ဂ်ျ စသည့် ကမ္ဘာကျော် တက္ကသိုလ်များစွာတွင် သင် တန်းများ ပို့ချခဲ့သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ မြေး ဖြစ်ကာ ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ် သုံးခုတွင် ပါဝင်ခဲ့ပြီး ကမ္ဘာ့ ကုလသမဂ္ဂ နိုင်ငံရေးဌာန၊ မူဝါဒစီစဉ်ရေးဌာန အကြီးအကဲအဖြစ်လည်း တာဝန်ယူခဲ့သည်။ အမေရိကန်နိုင်ငံတွင် မြန်မာမိဘများက မွေးဖွားခဲ့သည့် ဒေါက်တာသန့်မြင့်ဦးသည် နယူရော့ခ်တိုင်း(မ်)နှင့် တိုင်း(မ်)ကဲ့သို့ ကမ္ဘာကျော် စာစောင်များ တွင် Thant Myint-U အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့ပြီး သူ၏လက်ရာစာအုပ်များတွင် The Making of Modern Burma ၊ The River of Lost Footsteps နှင့် Where China Meets India: Burma and the New Crossroads of Asia စာအုပ်များ ပါဝင်သည်။
* အပြောင်းအလဲဖြစ်စဉ် တစ်ခုကိုတော့ ဖြတ်သန်းနေပြီ။ ဒါပေမယ့် ဒီဖြစ်စဉ်ကနေ ပေါ်လာမယ့်ရလဒ်ကိုတော့ ပီပီပြင်ပြင် ပုံဖော်ကြည့်လို့ မရသေးသလိုပါပဲ။ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ကို စရောက်ပြီလို့ ဆရာယူဆပါသလား။
ယေဘုယျအားဖြင့် ကျွန်တော် အကောင်းမြင်ထားချင်ပါတယ်။ စစ်အုပ်ချုပ်ရေး ခေတ်ဟောင်းကတော့ ကျန်ခဲ့ပြီလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလိုပြောတာဟာ ရှေ့လျှောက် လွယ်လင့် တကူပဲလို့တော့ ဆိုလိုတာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေဟာ သိပ်ကို အမြောက်အမြားပဲ။ နိုင်ငံရေးမှာရော၊ စီးပွား ရေးမှာရော။ သမ္မတကြီးဟာ ဆင်းရဲနွမ်းပါးမှု လျော့ကျဖို့ အားလုံးဦး တည်ပြီး လိုအပ်တဲ့ စီးပွား ရေးပြုပြင်ပြောင်းလဲမှုတွေကနေ ဒီ ဦးတည် ချက် အကောင်အထည်ပေါ်လာ ဖို့ အပြင်းအထန် ကြိုးပမ်းနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် အကောင်အထည်မြင်ရဖို့ အနည်းဆုံး နှစ်တိုကာလအတွင်းမှာ ဖြစ်လာဖို့ အလွန့်အလွန်ကို ခက်ခဲ ပါလိမ့်မယ်။ ကျွန်တော် အကောင်းကို မြင်ပါတယ်။ ဒါပေမယ့် ရှေ့ လမ်းခရီး အလွန်ခက်ခဲ မယ်ဆိုတာကိုတော့ ကျွန်တော်တို့ တည်တည် ငြိမ်ငြိမ်နဲ့ ကြည့်ထားဖို့လိုမယ်။ မြန်မာနိုင်ငံရဲ့အပြောင်းအလဲဖြစ်စဉ်ဟာ ကမ္ဘာ့သမိုင်းမှာ အတော်မကြုံစဖူး ဖြစ်တဲ့ကာလမှာ ပေါ်ပေါက်နေတယ် ဆိုတာလည်း သတိရဖို့လိုတယ်။ ဥပမာ ရှေ့တစ်နှစ်နှစ်နှစ်မှာ ဥရောပမှာ အတန်အသင့် စီးပွားကျတဲ့ကာလနဲ့ ကျွန်တော်တို့ ကြုံရနိုင်တယ်။ တစ်ကမ္ဘာလုံးနဲ့ချီ ပိုပြင်းထန်သွားတာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ဒီအချက်က မြန်မာအပေါ် အလွန်ဆိုးရွားစွာ ရိုက်ခတ်နိုင်တယ်။ နိုင်ငံတွင်းအခြေအနေကို ကြည့်ရင်လည်း ကျွန်တော်စဉ်းစားလို့ ရသ လောက် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတုန်း၊ နိုင်ငံတကာက ပိတ်ဆို့ နေတုန်း၊ နိုင်ငံရေးနဲ့ စီးပွားရေးစနစ် နှစ်ခု စလုံး တစ်ပြိုင်နက် ကူးပြောင်းမှု စတင်တာ ဘယ်နိုင်ငံမှ မရှိခဲ့ပါဘူး။ ကျွန်တော်တို့မှာ မရရအောင် ကျော်လွှားရမယ့် အဂတိလိုက်မှုဆိုင်ရာ စိန်ခေါ်မှု အကြီးကြီးတွေ ရှိနေတယ်။ အခု ထက်ထိ ရင်ဆိုင် နေရဆဲ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်ဖို့ လုပ်ရဦးမယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ရှိနေလို့ကတော့ ကျွန်တော်တို့နိုင်ငံ အခုထက်ပို ဖွံ့ဖြိုး မလာနိုင်ဘူး။ ငွေကြေးနဲ့ ဘဏ္ဍာရေး မူဝါဒတွေ ပါဝင်တဲ့ ကျွန်တော်တို့ရဲ့ မက်ခရိုစီးပွားရေး မူဝါဒတွေ နည်းလမ်း တကျဖြစ်ဖို့ လိုတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ရာ လည်း လိုအပ်တဲ့ လုပ်ထုံးလုပ်နည်း၊ ဥပဒေအဖွဲ့အစည်း၊ လူအဖွဲ့အစည်း(Institutions) တွေ မရှိဘူး။ အဲဒီ အတွက် စိတ်လည်း မကောင်းဘူး။။အခြေခံ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်း တွေ အထူးသဖြင့် ကျန်းမာရေး၊ ပညာ ရေး၊ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်း၊ ဥပဒေ နဲ့ တရားစီရင်ရေးနယ်က ပြည်သူ့ ၀န်ထမ်းအဖွဲ့အစည်းတွေ အားကောင်း လာအောင် လုပ်ရမယ်။ အဲဒီ Institution change ကို လုပ်ရတာ အထူးသဖြင့်ကို အချိန်ယူရပါတယ်။ ဒါပေမယ့်လည်း ထပ်ပြောရရင် သမ္မတဟာ ဒီကိစ္စတွေကို လမ်းမှန်ကမ်း မှန်အတိုင်း ဖြစ်ထွန်းလာစေဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။ အောင်မြင်မှုရဖို့ ကျွန်တော်တို့ ပထမဦးဆုံး လိုအပ်တာက အောင်မြင် ဖို့ဆိုတဲ့ စိတ်ပဲလေ။ မြန်မာနိုင်ငံတွင်းက လူတိုင်း နီးပါးဟာ ကျွန်တော်တို့ရဲ့ နိုင်ငံကို အောင်မြင်စေချင်တယ်၊ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်မနေစေချင်ကြတော့ဘူးလို့လည်း ကျွန်တော် သဘောရထားတယ်။ ခြုံပြောရင် အနာဂတ်မှာ နှောင့် နှေးစေမယ့် အခက်အခဲတွေရော၊ အံ့အားတသင့် ဖြစ်ရတာတွေရော သေချာပေါက် ရှိပါလိမ့်မယ်။ အပေါ် စီးက လွှမ်းခြုံကြည့်လို့ ဘယ်လိုပဲဖြစ်နေနေ တိုင်းသူပြည်သား လူတစ်ဦးချင်းစီဟာ အပြောင်း အလဲကြီးတွေကို ဖြစ်စေလိမ့်မယ်။ ကံတရားကလည်း အပြောင်း အလဲကြီးတွေကို ဖြစ်စေပါလိမ့်မယ်။ မြန်မာဟာ ကံကောင်းလိမ့် မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
* အစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ဦးစားပေးအဖြစ် ရည်ရွယ်ထား ပြီး ပြည်ပလုပ်ငန်းတွေကလည်း လာပြီးရင်းနှီးမြှုပ်နှံဖို့ ကြည့်နေကြပြီ။ ဒီနောက်ပိုင်းမှာ လူ့အဖွဲ့အစည်း ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပုံစံအမျိုးမျိုးနဲ့ စဉ်းစားကြတာလည်းရှိတဲ့အတွက် ဆရာ့ အနေနဲ့ နိုင်ငံမှာ ဘယ်လိုဖွံ့ဖြိုး တိုးတက်မှုမျိုးရတာကို မြင်ချင်ပါသလဲ။
နံပါတ်တစ် ဦးစားပေးကတော့ ဆင်းရဲ နွမ်းပါးခြင်း လျော့ကျဖို့ ဖြစ်ရမှာပဲ။ အရေအတွက် သန်းဆယ်ချီတဲ့ သိပ်ဆင်းရဲနေသူတွေဟာ မသေရုံတမယ်ပဲ ဖြစ်နေကြတယ်။ ကျန်းမာရေးကိစ္စပေါ်ရင် ဆေးကုစရာမရှိဘူး။ သားသမီးတွေဟာ များသောအားဖြင့် ကျောင်းကို တစ်နှစ် နှစ်နှစ်ပဲ တက်ကြတယ်။ စားစရာ လုံလောက်တယ်ဆိုဦး ကလေးတွေ အတွက်လိုအပ်တဲ့ အာဟာရပြည့် အစားအ သောက် တွေ မဟုတ်ဘူး။ အကြွေးပိနေသူ သန်းချီရှိနေတယ်။ နောက်ထပ်လူသန်းပေါင်းများစွာလည်း နိုင်ငံကနေထွက်ပြီး ပြည်ပမှာ အလုပ် ရှာကြရတယ်။ တစ်ခေါက်သွားရင် နှစ် အတော်ကြာ မိသားစုနဲ့ဝေးနေရတယ်။ ကျွန်တော် ပထမဦးဆုံးမြင်ချင်တာက နိုင်ငံမှာ ဒီ လူဆင်းရဲတွေအတွက် အထောက်အကူဖြစ်မယ့်၊ နောက် ကျေးလက်ဆိုင်ရာ သက်မွေးလုပ်ငန်းပိုင်းနဲ့ အစားအသောက်ဖူလုံရေး အပိုင်းကို တိုးတက်စေမယ့် လက်တွေ့နဲ့ ကိုက်ပြီး အခြေခိုင်တဲ့ခြေလှမ်းတွေကိုပဲ။ ကုန် ဈေးနှုန်းကို ကြီးမလာစေဘဲ တစ်ချိန်တည်းမှာ မြို့ကြီးတွေမှာ အလုပ်အကိုင်တွေ ကျွန်တော်တို့ ဖန်တီးဖို့လိုတယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့မက်ခရို စီးပွားရေးမူဝါဒတွေ လမ်း မှန်ကျဖို့လို့ အဓိပ္ပာယ်ရောက်တာပဲ။ နိုင်ငံမှာ ပုံဖော်မယ့် ဖွံ့ဖြိုးတိုးတက်မှု အတွက် စံပုံစံတစ်ခုခုကို သတ်သတ် မှတ်မှတ် ရွေးဖို့ လိုတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် ပြောသလို ကျောက်တုံးကို စမ်းရင်းနင်းရင်းနဲ့ (ချောင်း တစ်ခုကို ဖြတ်သည့်အခါ အောက်ခြေမြေပြင်ကို ခြေဖြင့် စမ်းကာစမ်းကာ ခြေကုတ်မြဲစေ လျက်ကူးသကဲ့သို့) မြစ်ကိုကူးသွားရမှာပဲ။ ကျွန်တော်တို့ ရှေ့ဆက်လုပ်တဲ့ အခါ ကြုံလာရမယ့် ညှိနှိုင်းစရာအခြေ အနေတွေနဲ့ပတ်သက်ပြီး သိမြင်နှံ့စပ်ပြီး ပွင့်လင်းမှုရှိရှိ အခြေ အတင် ငြင်းခုန် ဆွေးနွေးအဖြေရှာဖို့ (အလုပ်ရုံဆွေးနွေး ပွဲများ) လိုတယ်။ ဥပမာ ပမာဏကြီးလာနေတဲ့ ခရီးသွား လုပ်ငန်းဆိုရင် နိုင်ငံမှာကောင်းကျိုးရနိုင် သလို ဆိုးကျိုးတွေလည်း ဖြစ်နိုင်တယ်။ ဒါကို အလုပ်အကိုင်တွေလည်း ပေါ်ပေါက်စေ၊ တစ်ချိန်တည်းမှာ သဘာဝ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေ၊ တခြားဖြစ်လာနိုင်တဲ့ များစွာသော ဆိုးကျိုးဆက်တွေလည်း ပါမလာစေအောင် ဘယ်လို ကိုင်တွယ်မလဲ ကျွန်တော်တို့ စစဉ်းစားကြဖို့လိုပြီ။
* နိုင်ငံမှာ မဖွံ့ဖြိုးဘဲ တခြားဖွံ့ဖြိုးတဲ့ နိုင်ငံတွေကိုပဲမျှော်ရင်း အနေကြာ လာတော့ ကျွန်မတို့နိုင်ငံက လူတချို့ အနေနဲ့ ကိုယ်တိုင်နဲ့ ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးနိုင်မှုအလားအလာအပေါ် မယုံမရဲ ဖြစ်နေနိုင်မလား။
ကျွန်တော်တို့ရဲ့ မက်ခရိုစီးပွားရေး မူဝါဒတွေနဲ့ ဘတ်ဂျက်ဦးစားပေးသုံးစွဲမှု ကဏ္ဍတွေကို မှန်ကန်အောင် ပြုနိုင်စွမ်းရင်၊ ကျွန်တော် တို့ရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု အစီအစဉ်တွေကို လမ်းကျအောင် အစီအစဉ်ချနိုင်စွမ်းရင်၊ ပြည်သူ့ ၀န်ထမ်းအဖွဲ့အစည်းတွေ အားကောင်းလာရေး ရေရှည်လမ်းကြောင်းပေါ်ကို အနည်းဆုံး ခြေစချနိုင်စွမ်းပြီဆိုရင်၊ အဲလို ဆိုရင် ကျွန်တော်ထင်ပါတယ်၊ စစ်မှန်ပြီး ကောင်းမွန်တဲ့ အပြောင်းအလဲကောင်းတွေကို နှစ်နှစ် သုံးနှစ် အတိုင်းအတာအတွင်း ကျွန်တော်တို့ စမြင်နိုင်မှာပါ။ အလားအလာ ကတော့ ဧရာမကြီးပဲ။ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်တွေ မပျက်စီးသေးဘူး။ လူဦးရေ မတန်တဆများတဲ့ပြဿနာ မရှိသေး ဘူး။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား အိန္ဒိယ သမုဒ္ဒရာဘေးတစ်လျှောက် အံ့ဩစရာ ကောင်းလောက်အောင် ကောင်းတဲ့ ပထ၀ီ တည်နေရာ ရှိတယ်။ သူများနိုင်ငံ တွေနောက် အများကြီး ကျန်နေရစ်တာ ကတော့ ဆိုးလှတာပေါ့။ ဒါပေမယ့် ဒါတွေကို ကျွန်တော် တို့ရဲ့ အားသာချက် တွေဖြစ်လာအောင် အသုံးချလို့ရတယ်။ သူများနိုင်ငံတွေ လုပ်ခဲ့မိတဲ့ အမှားတွေကို ရှောင်ရှားနိုင်တယ်။ အခု လက်ငင်းအချိန်ကာလမှာ အဲဒီ ဒေသတွင်း တခြားနိုင်ငံတွေရဲ့အမှား တွေအပေါ် လေ့လာသုံးသပ် သင်ခန်းစာ ထုတ်ယူနေမှုကို ဦးစားပေးလုပ်ငန်းကြီး အဖြစ် လုပ်ဆောင်နေသင့်တယ်။ မြန်မာပြည်သူတွေဟာ အကြာကြီး စိတ်ရှည်ပေးထားခဲ့ပြီးပြီ။ မြန်မာပြည် သူတွေဟာ ကိုယ်တိုင်အတွက်ရော၊ သူတို့ ရဲ့ကလေးတွေအတွက်ရော ပိုကောင်း တဲ့ ဘ၀တစ်ခုကို အချိန်မဆိုင်းဘဲ ခံစား ရဖို့ ထိုက် တန်နေသူတွေဖြစ်တယ်။ ပြီးတော့ ယနေ့ကလေးငယ်တွေဟာ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်တို့ အလုပ်တွေကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း 'အခု' ကျွန်တော်တို့ ရှေ့ဆက် ရွေ့လျားစေနိုင်စွမ်းရင် ဒီနေ့ သားသမီး အရွယ်တွေအတွက် အလားအလာတွေ ဟာ အဆုံးမရှိပါဘူး။
* ဒီအလားအလာတွေ ရှိသလောက် လက်တွေ့ခံစားကြရအောင် သာမန် ပြည်သူပြည်သားတွေရဲ့ ပါဝင်လုပ် ဆောင်မှုနဲ့ပတ်သက်ပြီး တော့ရော ပြောချင်တာရှိပါသလား။
မြန်မာဟာ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ကစ ဘဏ်လုပ်ငန်းအဆုံး၊ လူထုကျန်းမာ ရေးကစ နိုင်ငံတကာဥပဒေရေးရာအဆုံး လက်တွေ့ နယ်ပယ်တိုင်းမှာ ပညာခန်း အထူးပိုင်နိုင်ကျွမ်းကျင်သူတွေ အသည်း အသန်ကို လိုအပ်တယ်။ အသိပညာရေးရာအတွက် ရင်းနှီးမြှုပ် နှံခြင်းမရှိဘဲနဲ့ တခြားဘယ်အရာမှ အများကြီးဖြစ်ထွန်း လာဖို့ဆိုတာတော့ ကျွန်တော် သံသယ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရောက်ဖို့ လိုတဲ့အနေအထားကိုရဖို့ မျိုးဆက် တစ် ဆက်စာတော့ အချိန်ယူမှာပဲ။ လက်ရှိ အချိန်ရဲ့ စိန်ခေါ်မှုကြီးတစ်ခုက အမျိုး မျိုးသော နယ်ပယ်များစွာမှာ အတွေ့အကြုံ၊ ပညာရေးပြည့်ဝသူ မရှိ ဖြစ်နေ တဲ့ ကျွန်တော်တို့ရဲ့ အနေအထားကို နှစ်တိုနဲ့ နှစ်လတ် အပိုင်းအခြားအတွင်း ဖြည့်ဆည်းနိုင်မယ့် နည်းလမ်းတွေ ရှာ တွေ့ရေးပဲလို့ ကျွန်တော် ထင်တယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ မှုတွေကို ကျွန်တော် နှစ်ပေါင်းများစွာ ဆန့်ကျင် ခဲ့တာ အကြောင်းပြချက်တစ်ခုက ကျွန်တော်တို့ဟာ လစ်ဘရယ်ဒီမိုကရေစီ စနစ် ကျင့်တဲ့သုံးနိုင်ငံတွေနဲ့ ပိုအထိ အတွေ့များဖို့ လိုအပ်နေချိန်မှာ ဒီပိတ်ဆို့ မှုဟာ မြန်မာကို လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတွေနဲ့ ကင်းကွာ အောင်ပဲ အဓိက ဖြစ်စေတယ်လို့ ယုံကြည်လို့ ဖြစ်တယ်။ နောက်တစ်ချက်ကတော့ ဒီမိုကရေစီ စနစ်ကို ပြောင်းကျင့်သုံးလာအောင် လုပ်ဖို့၊ အဲလို ကျင့်သုံးခဲ့ပြီဆိုရင်လည်း ဒီကူးပြောင်းမှု ရေရှည်ခံအောင်မြင် တည်တံ့အောင်လုပ်ဖို့ ကျွန်တော်တို့မှာ လိုအပ်လာမှာ ဖြစ်တဲ့ ပညာခန်းနဲ့ အဖွဲ့ အစည်းရင်းမြစ်အခြေခံတွေရှိ နေစေရ အောင်၊ အသိပညာရေးရာအတွက် အစိုးရရဲ့ ဘတ်ဂျက်သုံးစွဲမှုလည်း သိပ် နည်းနေချိန်မှာ အဲဒီအသိပညာနဲ့ ကျွမ်းကျင်မှု ရင်းမြစ်အခြေခံတွေကို တည်ဆောက်ထားဖို့ အဆောတလျင်ကို လိုအပ်တယ်လို့ ယုံကြည်နေခဲ့လို့ပဲ။ ပိတ်ဆို့မှုကြောင့် ဖြစ်ခဲ့ရတာက သင်ယူလေ့ကျင့်မှုတွေအတွက်ဒေါ်လာ သန်းပေါင်းရာပေါင်းများစွာအကူအညီ တွေ၊ နောက် ဒီနေ့ ကျွန်တော်တို့ အသည်းအသန် လိုအပ်နေတဲ့ အဖွဲ့အစည်း အမျိုးမျိုး အားကောင်းအောင် သုံးစွဲနိုင်ခဲ့မယ့် တခြား အကူအညီတွေ ကျွန်တော်တို့ မရခဲ့တာပဲ။ ပြီးတော့လည်း - ဒါကတော့ တခြား အဓိကကျတာတစ်ခုပါ - ဒီနိုင်ငံမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီ စနစ်ကို တကယ် ကျင့်သုံးချင်တယ်ဆိုရင် နိုင်ငံ သားအားလုံး အသိပညာ သိမြင်နှံစပ်ပြီး ကိုယ်ကိုယ်တိုင်အတွက်လည်း ဖြစ် တဲ့ကိစ္စရပ်တိုင်းကို ဆန်းစစ် ဝေဖန်စဉ်းစား နိုင်စွမ်း ရှိနေစေဖို့ လိုအပ်တယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတွေဟာ အသိပညာ သိမြင် နှံစပ်ပြီး အရေးကိစ္စ တွေကို သူတို့ကိုယ်တိုင် ဂရုတစိုက် စဉ်းစားချင်စိတ် ရှိမှ၊ ပါတီတစ်ခု၊ ခေါင်း ဆောင်တစ်ယောက်၊ အယူ ၀ါဒ တစ်ခုတည်းနောက် အသာလိုက် မသွားမှသာလျှင် ဒီမိုကရေစီစနစ်က အသက် ၀င်နိုင်တယ်။
* လက်ရှိ မွဲမွဲတေတေ အနေအထားကနေ တက်မလာနိုင်ခဲ့ရင် ရှေ့ကြုံရနိုင်တဲ့ အခြေအနေတွေကိုလည်း ဘယ်လိုသုံးသပ်မိပါသလဲ။
ကုန်ဈေးနှုန်းမြင့်မလာစေဘဲ အလုပ်အကိုင်တွေ ပေါ်ပေါက်ဖို့ ကျွန်တော်တို့ အရေးတကြီး လိုအပ်တယ်။ အဓိပ္ပာယ်က မှန်ကန်တဲ့ မက်ခရိုစီးပွားရေးရပ်ဝန်းနဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေး မူဝါဒတွေ ရဖို့ပဲ၊ ကျွမ်းကျင်မှုနဲ့ နည်းပညာတွေ ဆင့်ပွားရရှိစေမယ့် မက်လောက်တဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေရဖို့နဲ့ ကျွမ်း ကျင်မှုပြည့်ဝစွာ ကိုင်တွယ်ခန့်ခွဲထားတဲ့ ပြင်ပအကူအညီတွေရဖို့ပဲ။ ဒါကို ကျွန်တော်တို့ လုပ်နိုင်တယ်။ လွယ်မှာတော့ မဟုတ်ဘူး။ စီးပွားရေး ချို့တဲ့နေချိန်မှာ ဘယ်နိုင်ငံမှ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွေ၊ ပဋိပက္ခ အလွန် ကူးပြောင်းမှုတွေ မအောင်မြင်နိုင်ဘူး။
* နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး တချို့က တချို့ကို တရုတ် တပည့်ခံတယ်လို့ အပြစ်တင်တယ်။ တချို့ကလည်း အနောက် နိုင်ငံတွေ ကိုမျှော်နေတယ်လို့ ဝေဖန်တယ်။
မြန်မာဟာ နိုင်ငံအားလုံးနဲ့ မိတ်ဆွေ ဖြစ်ရမယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ ဆက်ဆံရေးကောင်းဖို့ အလွန်အရေး ကြီးသလို အမေရိကန်နဲ့ ဂျပန်လို အဝေးက နိုင်ငံကြီးတွေနဲ့ ဆက်ဆံရေးကောင်း ဖို့လည်း အလားတူ အရေးကြီးတယ်။ ကျွန်တော်တို့ နိုင်ငံရွေးပြီး ဆက်ဆံရေးလုပ်စရာ ဘာအကြောင်းမှမရှိဘူး။ စစ်အေးကာလတုန်းကတောင် မလုပ်ခဲ့တာ အခုချိန် ဒီနိုင်ငံ တွေအ ကုန်လုံး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလွန်နီးကပ်စွာ စီးပွားရေးဆက်ဆံမှု ရှိနေတဲ့အချိန်မှာ ဒီလိုလုပ်စရာ ဘာအကြောင်းမှမရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘာလိုအပ် သလဲဆိုတော့ ပါးနပ်ကျွမ်းကျင်ဖို့ လို တယ်။ နိုင်ငံအမျိုးမျိုး ဘယ်နိုင်ငံက ဘယ်လိုအထောက် အကူပေးနိုင်တယ် ဆိုတာ နားလည်ဖို့လိုတယ်။ ကမ္ဘာ့ဘဏ်လို အာရှဖွံ့ဖြိုးရေးဘဏ်လို အဖွဲ့ အစည်းအမျိုးမျိုးတွေဟာ ဘယ်အဖွဲ့ အစည်းက ဘယ်လိုအထောက်အကူပေး နိုင်တယ်ဆိုတာ နားလည်ဖို့လိုတယ်။ လက်တွေ့အလုပ်ဖြစ်တဲ့ စီးပွားရေး မဟာဗျူဟာ တစ်ရပ် ရှိဖို့လိုပြီး ကျွန်တော် တို့ရဲ့ နိုင်ငံတကာဆက်ဆံရေးတွေကို အနည်းဆုံး တစ်စိတ်တစ်ဒေသအားဖြင့် အဲဒီမဟာဗျူဟာ အပေါ်မှာ အခြေခံဖို့ လိုတယ်။ ကျွန်တော်တို့ကို မြန်နိုင်သမျှ အမြန်ဆုံး ဆင်းရဲမွဲတေမှု လျော့ကျအောင်၊ ဖွံ့ဖြိုးအောင် အကောင်းဆုံး အထောက်အကူရစေမယ့် နည်းလမ်းအားဖြင့် ကျွန်တော်တို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ကိုင်တွယ်ဖို့လိုတယ်။
* ဆရာတို့မိသားစု မြန်မာနိုင်ငံမှာ အခြေချဖို့ ရှိပါသလား။
ရှိပါတယ်။ ဘယ်တော့ဖြစ်မယ်တော့ မပြောတတ်သေးဘူး။ အခုလည်း ကျွန်တော် တစ်လတစ်လကို လ၀က်လောက်က မြန်မာ နိုင်ငံမှာပါပဲ။
credit here