Latest Highlight

မတူကွဲပြားတဲ့ အမြင်ဆိုတာ by မက်စင်ဂျာ ဂျာနယ်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးကြပြီးတဲ့နောက် ပြည်သူတွေကို အသိပေးပြောကြားခဲ့တဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ စကားထဲမှာပါဝင်တဲ့ အဓိကအချက်တစ်ချက် က 'နှစ်ဖက်အကြား အမြင်မတူတာတွေကို ခဏဘေးဖယ်ထားပြီး အမြင်တူတာတွေကို လက်တွဲလုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြတယ်' ဆိုတဲ့ အချက်ဖြစ်တယ် ဆိုတာကို အားလုံးမှတ်မိနေကြလိမ့်မယ် ထင်တယ်ဗျ။

တိုးတက်ဖြစ်ထွန်းမှုတွေ

အခုဆိုရင် အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ နိုင်ငံမှာ လိပ်ခဲတည်းလည်း တအုံနွေးနွေးဖြစ်နေတဲ့ ကိစ္စကြီးနှစ်ခု ပြေလည်သွားပြီ ဖြစ်တယ်ဗျ။ တစ်ခုက ၂ဝဝ၄ ခုနှစ်မှာ မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌတာဝန်ထမ်း ဆောင်ခွင့်ရရှိရေးဖြစ်ပြီး နောက်တစ်ခုက ဒီချုပ် မှတ် ပုံတင်ရေး ဖြစ်တယ်ဗျ။ အဲဒီပြဿနာကြီးနှစ်ခု ပြေလည် သွားမှုရဲ့ အကျိုးဆက်အဖြစ် နှစ်ပေါင်း ၅ဝ ကျော်ကာ လအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးတစ်ဦး ကျွန်တော်တို့နိုင်ငံကို မကြာခင် အလည်အပတ်ရောက်ရှိလာတော့မှာ ဖြစ်တယ်ဗျာ။ အခြား အခြားသော သံတမန်ဆက်ဆံရေး ပြောင်းလဲတိုးတက်မှု တွေလည်း အများအပြား ဖြစ်ပေါ်နေတယ်ဗျ။

ဘာတွေ အမြင်မတူကြတာလဲ

ဒီအချိန်မှာ ကျွန်တော်က ခေါင်းဆောင်နှစ်ဦးရဲ့ ''အမြင်မတူတာတွေ'' ဆိုတဲ့ စကားကို ခွဲခြမ်းစိတ်ဖြာ ကြည့်နေမိတယ်ဗျာ။ ဘယ်အမြင်တွေမှာ မတူတာလဲ။ ဘာကြောင့် မတူကြတာလဲ။ ဘယ်အမြင်က ယထာဘူတ ကျသလဲ၊ စတာတွေကို ခုနှစ်စဉ်အမျှင်တန်း တွေးကြည့် နေမိတာ ဖြစ်တယ်ဗျ။

အားလုံးသိကြတဲ့အတိုင်း ၁၉၆၂ ခုနှစ်မှာ ကျွန် တော်တို့နိုင်ငံရဲ့ နိုင်ငံရေးဟာ အသွင်သဏ္ဌာန်ရော၊ အနှစ် သာရပါ လုံးဝပြောင်းလဲသွားခဲ့တယ်ဗျာ။ ၁၄ နှစ်သက် တမ်းပဲ ရှိခဲ့ရှာတဲ့ ပါလီမန်ဒီမိုကရေစီဟာ လက်စတုံးခံလိုက်ရတယ်။ ဆန့်ကျင်သူတွေက ''စစ်အာဏာရှင် စနစ်'' လို့ အမည်တပ်ခဲ့ကြတဲ့ အဲဒီနိုင်ငံရေးစနစ် အ ပြောင်းအလဲကို ဦးဆောင်လုပ်ကိုင်ခဲ့ကြသူတွေက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့က သူတို့လုပ်ရပ်ကို မြန်မာနိုင်ငံမှာ ခေတ်ပြောင်းတော်လှန်ရေး ဆင်နွှဲလိုက်ခြင်းလို့ မော်ကွန်းထိုးခဲ့ကြပေမဲ့ သူတို့နဲ့ သဘောထားချင်း မတူကွဲ ပြားသူတွေကတော့ အဲဒီနေ့ကို မြန်မာနိုင်ငံမှာ ဒီမိုကရေ စီကွယ်လွန်အနိစ္စရောက်သွားတဲ့ နေ့အဖြစ် နောက်ပိုင်းမှာ ပိုပိုပြီး ရှုမြင်လာခဲ့ကြတယ်ဆိုတာ အထင်အရှားဖြစ်တယ် ဗျာ။ ဆိုလိုတာက အဲဒီအချိန်ကစပြီး ကျွန်တော်တို့နိုင်ငံ မှာ တစ်ခုနဲ့ တစ်ခု ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ခြားနား တဲ့ အမြင်နှစ်ခုပေါ်ပေါက်လာခဲ့တယ်လို့ ဆိုနိုင်တယ်ဗျ။

အမြင်နှစ်ရပ်ကို ကိုယ်စားပြု ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကနေ့တည်ရှိနေတဲ့ သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရနဲ့ လူထု ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်အားစုတို့ဟာ အဲဒီမတူကွဲပြားခြားနားတဲ့ အမြင်နှစ်ရပ် ကို ကိုယ်စားပြုနေကြသူတွေလို့ ပြောနိုင်တယ်ဗျာ။ မ ကြာသေးမီက ခေါင်းဆောင်နှစ်ဦး ပြောဆိုခဲ့ကြတဲ့ ''မတူ တဲ့ သဘောထားအမြင်တွေ'' ဆိုတာဟာ အဲဒီနှစ်ပေါင်း ငါးဆယ်ကျော် ကာလတစ်လျှောက်လုံး တည်ရှိလာခဲ့ တဲ့ အမြင်မတူမှုတွေကို ဆိုလိုတာဖြစ်တယ်လို့ ကျွန်တော် တော့ ယူဆတယ်ဗျ။

လျော်ကန်သင့်မြတ် သဘောထား

အမြင်မတူတာတွေကို ခဏဘေးဖယ်ထားပြီး အ မြင်တူတာတွေကို ပူးပေါင်းလက်တွဲလုပ်ဆောင်ကြမယ် ဆိုတာ ဒီကနေ့လို ကျွန်တော်တို့နိုင်ငံမှာ အမျိုးသားပြန် လည် သင့်မြတ်ရေး အသည်းအသန်လိုအပ်နေတဲ့ ကာ လမျိုးမှာ မဖြစ်မနေထားရှိရမယ် အင်မတန်မှ လျော်ကန် သင့်မြတ်တဲ့ သဘောထားဖြစ်တယ်ဗျာ။ ဒါပေမဲ့ ကျွန် တော်တို့ အမှန်တကယ် ကြံ့ခိုင်တောင့်တင်းရေရှည်ခံတဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ တည်ဆောက်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ အဲဒီမတူတဲ့ အမြင်ဆိုတဲ့ ပြဿနာကို တစ်နေ့မှာ မလွဲမသွေ ကိုင်တွယ်ဖြေရှင်းရမှာပဲ ဖြစ်တယ် ဗျ။ အဲသလို တစ်နေ့နေ့မှာ မလွဲမသွေကိုင်တွယ်ဖြေရှင်းရ မယ့် ပြဿနာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အခုကတည်း က လေ့လာသင့်တာတွေ လေ့လာ၊ စဉ်းစားသင့်တာတွေ စဉ်းစားထားခဲ့ရင် အချိန်ကျတဲ့အခါ ပိုပြီးလွယ်လွယ် ကူကူ ဖြေရှင်းနိုင်လိမ့်မယ်။ အနည်းဆုံးတော့ ဘယ်ပြ ဿနာကိုတော့ ပထမ၊ ဘယ်ပြဿနာကိုတော့ ဒုတိယ၊ စသည်ဖြင့် အမှတ်စဉ်ထိုးပြီး ကိုင်တွယ်ဖြေရှင်းနိုင်လိမ့် မယ်လို့ ကျွန်တော်ယူဆတယ်ဗျ။

ဒါတွေမှာ အမြင်မတူနိုင်ဘူး

အဲဒီတော့ အမြင်မတူမှုလို့ ပြောစရာ ရှိနိုင်တာတွေ ထဲက အရေးပါအခြေခံကျတဲ့ အမြင်တွေကို စဉ်းစားကြည့် လိုက်တော့ ဟောဒါတွေ ထွက်လာတယ်ဗျ။

(၁) ၆၂ အာဏာသိမ်းမှုဟာ ဗိုလ်ချုပ်ကြီးနေဝင်းက သိမ်းတာလား၊ တပ်မတော်က သိမ်းတာလား၊ အာဏာသိမ်းတာဟာ သိမ်းဖို့ လိုအပ်လို့လား၊ အာဏာ လိုချင်လို့ သိမ်းတာလား။

(၂) စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုမူဆိုတာ ပြည်ထောင်စုကို ဖြိုခွဲမယ့်မူလား၊ ပြည်ထောင်စုကို ပိုမခိုင်မာကျစ်လျစ်စေမယ့်မူလား။

(၃) နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သောင်းကျန်းသူတွေလား၊ တော်လှန်ရေး သမားတွေလား။

(၄) နှစ်ပေါင်း ၅ဝ ကျော်ကာလအတွင်း ပေါ်ပေါက်ခဲ့တဲ့ အရေးအခင်းတွေဟာ ဆူပူအ ကြမ်းဖက်မှုတွေလား၊ အာဏာရှင်ဆန့်ကျင် ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒဖော်ထုတ်မှုတွေလား။

(၅) ဒီမိုကရေစီဆိုတဲ့ စကားလုံးရှေ့မှာ 'စည်းကမ်းပြည့်ဝသော' ဆိုတဲ့ နာမဝိသေသန ထည့်ဖို့ လိုအပ်သလား၊ မလိုအပ်ဘူးလား။

(၆) ဒီမိုကရေစီမှာ အနောက်နိုင်ငံတွေအတွက် ဒီမိုကရေစီနဲ့ အခြားနိုင်ငံတွေအတွက် ဒီမိုကရေစီဆိုပြီး နှစ်ခုရှိသလား။

(၇) တပ်မတော်ဟာ နိုင်ငံရေးမှာ ပါဝင်သင့်သလား၊ မပါဝင်သင့်ဘူးလား။

(၈) မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ရှိသလား၊ မရှိဘူးလား။

အဲဒါတွေဟာ ရုတ်တရက် ကျွန်တော်စဉ်းစားလို့ ရသလောက် ကောက်ရေးချလိုက်တာသာ ဖြစ်တာမို့ ကျွန် တော် မစဉ်းစားမိတာတွေလည်း ရှိချင်ရှိနေဦးမှာ ဖြစ် တယ်ဗျ။

အချိန်မဆိုင်းဘဲ ညှိယူရမယ်

အခုတင်ပြခဲ့တဲ့ အမြင်မတူမှုတွေကို ကြည့်လိုက် မယ်ဆိုရင် အားလုံးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေ တယ်ဆိုတာကို တွေ့ကြရမယ်။ တစ်ချိန်တည်းမှာ တချို့ သော အမြင်မတူမှုတွေဟာ နက်ရှိုင်းကျယ်ပြန့်တာကြောင့် အချိန်ယူညှိနှိုင်းမှ တရွေ့ရွေ့နီးစပ်လာနိုင်စရာရှိတဲ့ အမြင် မျိုးတွေ ဖြစ်ပေမဲ့ တချို့သော အမြင်မတူမှုတွေကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်ပဲ အလေး အနက်ထားတယ်ဆိုရင် အချိန်မဆိုင်းဘဲ အမြန်ဆုံး ညှိယူ ကြရမယ့် အမြင်တွေ ဖြစ်တယ်လို့ ကျွန်တော်သဘော ရတယ်ဗျ။

အကျဉ်းသား အခေါ်အဝေါ်

ဥပမာတစ်ခု ပြရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား ပြဿနာဖြစ်တယ်ဗျ။ အခုဆိုရင် အဲဒီအသုံးအနှုန်းနဲ့ ပတ် သက်ပြီး အစိုးရဘက်က ပုဂ္ဂိုလ်တွေမနှစ်သက်မှန်းသိ လို့ ဒေါ်အောင်ဆန်းစုကြည် အင်အားစုဘက်က 'ယုံကြည်ချက်အကျဉ်းသား' လို့ ပြောင်းလဲပြောဆို သုံးနှုန်းလာ နေကြတာ အားလုံးသိတယ်ဗျ။ နိုင်ငံရေးအင်အားစုတွေ ဘက်ကလည်း သူတို့ကို ရာဇဝတ်သားတွေနဲ့ တစ်တန်း တစ်စားတည်း သဘောထားတာမျိုးကိုတော့ သူတို့ လုံးဝ လိုလားနှစ်သက်ခြင်း မရှိကြဘူးဗျ။

ဂဠုန်ဆရာစံ ရာဇဝတ်သားလား

မကြာသေးခင်က ပြည်သူ့ခေတ်ဂျာနယ်မှာ ဆောင်း ပါးရှင် မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)က ဂဠုန်ဆရာ စံဟာ ရာဇဝတ်သားလား၊ မျိုးချစ်တော်လှန်ရေးသမား လားဆိုတဲ့ မွေးခွန်းနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိ ပ္ပာယ်ကို ရှင်းပြဖို့ ကြိုးစားခဲ့တာ တွေ့လိုက်ရတယ်ဗျ။ ဗြိတိသျှနယ်ချဲ့တွေဘက်က ကြည့်ရင် ဆရာစံဟာ နိုင်ငံ တော်ပုန်ကန်မှုကို ကျူးလွန်တဲ့ရာဇဝတ်သား အမှန်ပဲပေါ့။ တောင်သူလယ်သမားတွေနဲ့ မျိုးချစ်မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာတော့ ဆရာစံဟာ တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင်တစ်ယောက်လို့ပဲ စွဲမြဲနေမှာ ဖြစ်တယ်ဗျ။

၈၈ ကျောင်းသားနဲ့ မုဒိမ်းသမား

အလားတူပါပဲ၊ ကျွန်တော့်မျက်လုံးထဲမှာ မိမိတို့ရဲ့ လူငယ်ဘဝတစ်ခုလုံးနီးပါး အကျဉ်းထောင်ထဲမှာ ကုန် ဆုံးသွားခဲ့ကြရပြီဖြစ်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင် တွေရဲ့ မျက်နှာတွေနဲ့ ဟိုတလောတုန်းက ဂျပန်တိုးရစ်မ လေးတစ်ယောက်ကို အဓမ္မပြုကျင့်သတ်ဖြတ်မှုနဲ့ ပြစ် ဒဏ်ကျခံခဲ့ရသူရဲ့ မျက်နှာကို နှိုင်းယှဉ်မြင်ယောင်မိတယ် ဗျ။ သူတို့ကိုသာ ရာဇဝတ်သားချင်း အတူတူပဲလို့ မြင် လိုက်ရင်ဖြင့် ဒီမိုကရေစီ အင်အားစုများရဲ့ အသားနုတက် တော့မလိုလိုဖြစ်နေတဲ့ ရင်ထဲက အနာ ဆားနဲ့ အပက် ခံလိုက်ရသလိုများ ဖြစ်သွားလေမလားလို့ တွေးပြီး သက်ပြင်းပူကြီးတစ်လုံးကို မှုတ်ထုတ်လိုက်မိတယ်ဗျာ။

Credit here 

Write A Comment

Rohingya Exodus