Latest Highlight

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံသားဖြစ်ကြောင်း ခိုင်လုံစွာ တင်ပြနိုင်သူများအား ပြည်တော်ဝင်ခွင့်ပြုမည်

Posted by Popular News 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုလသမဂ္ဂမှ ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသူများထဲမှ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားအခိုင်အလုံ တင်ပြ နိုင်သူကိုသာ စိစစ်ရွေးချယ်၍ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဟု နိုင်ငံတော်သမ္မတရုံး အကြံပေးဦးကိုကိုလှိုင်က ပြောသည်။


”မြန်မာနိုင်ငံအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဒ်ဘဇားမြို့မှာရှိတဲ့ ကုလသမဂ္ဂက ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန် လက်ခံမယ်ဆိုတာမှန်ပါတယ်။ ဒါပေ မဲ့ အွန်လိုင်းသတင်းတွေမှာပါနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် အသိ အမှတ်ပြုလက်ခံမယ်ဆို တာတော့မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအဖွဲ့နဲ့တွေ့ဆုံစဉ်က ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ မြန်မာ ဒုက္ခသည်တွေကိုပဲ လက်ခံသွားမယ်လို့ ပြောခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ မသုံးနှုန်းခဲ့တဲ့အပြင် ရို ဟင်ဂျာဆိုတဲ့အမည်ကိုလည်း လက်မခံပါဘူး။ အခုလို ပြန်လက်ခံမယ်ဆိုတာကလည်း နိုင်ငံသား ဥပဒေအရ နိုင်ငံသားပြုခွင့် ဖြစ်ခွင့်ရှိတယ်ဆိုပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ သတ်မှတ်ထားတာရှိပါတယ်။ ဒီလူတွေဟာ ရခိုင်ပြည်နယ်မှာ အရင်ကတည်းက နေထိုင်ခဲ့ပြီးအကြောင်း အမျိုးမျိုးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်သွား ပါတယ်။ နောက် ကမ္ဘာ့ကုလသမဂ္ဂက ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ သူတို့ကို လက်ခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလူတွေကို ပြန်လက်ခံတဲ့နေရာမှာ နှစ်နိုင်ငံ သဘောတူညီမှုအရ မြန်မာနိုင်ငံမှာ အမှန်တကယ်နေထိုင်ခဲ့ကြောင်းနဲ့ နိုင်ငံသားအထောက်အထားပြမှသာ လက်ခံသွားမှာ ဖြစ်ပါတယ်။နိုင်ငံသားဖြစ်ကြောင်း သက်သေခံ လက်မှတ်မပါရင်တော့ လက်ခံဖို့ခက်ခဲပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ မြန်မာနိုင်ငံမှာ လာနေချင် တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကလည်း ရှိနေတဲ့အပြင် အဲဒီလူတွေကလည်း ဒုက္ခသည်စခန်းမှာရှိနေတဲ့သူတွေနဲ့ ဘာသာစကားရော၊ လူမျိုးပါဆင် တူနေတဲ့အတွက်သေချာစိစစ်ပြီးမှသာ လက်ခံသွားပါမယ်”ဟု ၄င်းကဆိုသည်။


ထိုကဲ့သို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်များအား မြန်မာနိုင်ငံမှ ပြန်လည်ခေါ်ယူရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်၏မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးသုံးရက်တာ ခရီးစဉ်အတွင်း နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးကာ သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင်ရှိနေသည့် ဘင်္ဂါလီလူမျိုးစုများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှ ဘင်္ဂါလီလူမျိုးများနှင့် အပြန်အလှန် အိမ်ထောင်ပြု၍ ရခိုင်ပြည်နယ်အတွင်း လူဦးရေရောထွေး နေထိုင်ခြင်းများရှိခဲ့ကြောင်း၊ ထိုသို့ တရားမဝင်ဝင်ရောက်လာသူများသည့် အတွက် နယ်မြေဒေသလုံခြုံရေးနှင့် အမျိုးသားရေးလိုအပ်ချက်အရ နိုင်ငံ တော်အစိုးရအနေဖြင့် ၁၉၇၈ ခုနှစ် တွင် နဂါးမင်းစစ်ဆင်ရေးဆင်နွှဲ၍ ဟင်္သာစီမံချက်ဖြင့် တရားမဝင် ဝင် ရောက်လာသူများအား တားဆီးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် လူဦးရေ ၁၈ဝဝဝဝ ကျော်ကိုပြန်လည် လက်ခံ ခဲ့ကြောင်း၊ထို့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာဒုက္ခသည်များအားစိစစ်လျက် ၁၉၉၂ ခုနှစ်မှ စတင်၍ ပြန်လည် လက်ခံခဲ့ရာ ၂ဝဝ၅ ခုနှစ်၊ ဇူလိုင်လ အထိ လူဦးရေ ၂၃ဝဝဝဝ ကျော် ကို လက်ခံခဲ့ပြီးဖြစ်ကြောင်း၊ သို့ရာ တွင် တရားမဝင်ဝင်ရောက်လာသူ များရှိနေသေးသည့်အတွက် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ များအား နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားရေးအရ နယ်မြေဖြတ်ကျော် ခရီးသွားလာခွင့်ကိုမူ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပထမအကြိမ် ဒုတိယမြောက် လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်အား ပြန်လည် ဖြေကြားခဲ့သည်။
”အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာဒုက္ခသည်တွေကို ပြန်လက်ခံမယ့်အတွက် ဒေသခံရခိုင် တိုင်းရင်းသားတွေနဲ့ လူမျိုးရေးဆိုင်ရာ ပဋိပက္ခတွေတော့ မဖြစ်နိုင်ပါဘူး။ အဲဒီ လိုမဖြစ်အောင်လည်း စီစဉ်ထားတယ်။ ဒီလိုပြန်ဝင်လာတဲ့သူတွေဟာ သူတို့အရင်ကနေခဲ့တဲ့ နေရာတွေမှာပဲ ပြန်နေရမှာဖြစ်တဲ့အပြင် နစက ဥပဒေနဲ့အညီ နေထိုင်ရမှာ ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်နိုင်ပါဘူးဟု ဦးကိုကိုလှိုင်က ထပ်မံပြောသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ထုတ်ပြန်ချက် များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဒ်ဘဇားမြို့ရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေထိုင်သူဦးရေမှာ ၂၈ဝဝဝကျော်ရှိသည်ဟု သိရသည်။
သူရထွန်း


credit here

Write A Comment

Rohingya Exodus