ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်လက်လုပ်ဆောင်ခြင်းသည် အရေးကြီးဆုံးဟု နာတာလီဂါဝါပြော
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်များအနက် အရေးကြီးဆုံးမှာ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်လုပ်ဆောင်သွားရမည့် အချက်သာဖြစ်သည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီနာတာလီဂါဝါက သတင်းထောက်များနှင့်တွေ့ဆုံစဉ်ပြောဆိုလိုက်သည်။
၎င်းက မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတွေ့ဆုံခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား စကားပြောဆိုမှုများ၊ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးခြင်းများ အစရှိသည့် အရေးပါသည့် အဖြစ်အပျက်များ သည် အရေးကြီးသော်လည်း ဒီမိုကရေစီစနစ် ဖေါ်ဆောင်မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရေး သည်အရေးကြီးဆုံး အချက်ဖြစ်သည်ဟု ယနေ့ညနေ ၄ နာရီခွဲက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တယောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောဆိုသွားသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး နာတာလီဂါဝါ ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ
အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး နာတာလီဂါဝါသည် ယနေ့နံနက်ပိုင်း နေပြည်တော်တွင် မြန်မာအစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမည့် ကိစ္စနှင့် အခြားသော ကိစ္စရပ်များ ဆွေးနွေးပြီးနောက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိလာပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် ၁ နာရီကြာ သွားရောက် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ဦးသိန်းစိန် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် သွားရေးသည် အရေးပါကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားသည့် အကြောင်းအရာများကို အသေးစိတ်ပြောဆိုခြင်း မရှိသော်လည်း ၂၀၁၄ တွင် အာဆီယံ ဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံအား ခွင့်ပြုသည့်အကြောင်း၊ လတ်တလော အာဆီယံ အဖွဲ့အတွင်း ဖြစ်ပေါ်တိုးတက်မှုများကို ပြောဆိုခဲ့သည်ဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။
၎င်းနှင့် မြန်မာအစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံရေးနှင့် ဒေသတွင်း လုံခြုံရေး ကိစ္စရပ်များကို အဓိက အချက်အဖြစ် ဆွေးနွေးသကဲ့သို့ စီးပွားရေး ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားရန်ဆွေးနွေးကြသည်ဟု နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါကပြောသည်။
နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ရေးများ လုပ်ဆောင်ရန် ဆွေးနွေးကြရာတွင် နှစ်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များလည်း ပါဝင်သည်ဟု ပြောသည်။
နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ အိုင်စီတီ နည်းပညာ ကဲ့သို့သော စီးပွားရေး ကဏ္ဍများ ၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပျံသန်းရေးကိစ္စရပ်များလည်း ဆွေးနွေးခဲ့သည်ဟု နာတာလီဂါဝါကပြောဆိုသည်။
လွန်ခဲ့သည့် အောက်တိုဘာလကုန်ကလည်း နာတာလီဂါဝါသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန် ပေးရေး ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။ ။
ယနေ့ ညနေ ၃နာရီအချိန်တွင် အာစီယံဥက္ကဋ္ဌ၊အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး မာတီနာတာလီဂါဝါ နှင့်မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးကူညီသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်ဟု ကြားသိရပါသည်။
credit here