ဗာဂျီးနီးယားမှ ပေးစာ၊ ဟီလာရီ ကလင်တန်ခရီး၏ ဂယက်
Written by မောင်အောင်မွန်
မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ရန်ကုန်မြို့၌ ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရစဉ်
သူငယ်ချင်း
ငါ့ဆီကစာရတော့ မင်းအံ့သြသွားလား။ ငါ့စာဖတ်ရလို့ ၀မ်းသာပေမယ့် ခုမှအိပ်ရာကနိုးလာရအောင် မင်းဘယ်မှာသွားအိပ်ပျော်နေလဲလို့ မေးမှာကိုလည်း ကြားယောင်မိပါတယ်။ ခုတော့ အချိန်အခါလည်းသင့် အခြေအနေ ကလည်း ပေးလာပြီကိုး။ ဘန်ကောက်တုန်းက မင်းဆီကို စာမှန်မှန် ရေးဖြစ်ခဲ့ပေမယ့် အမေရိကန်ကို ရောက်လာတဲ့အခါ စာမရေးဖြစ်တော့တဲ့ အဓိကအကြောင်းရင်းကတော့ ငါလုပ်တဲ့အလုပ်အေဂျင်စီ စည်းမျဉ်းအရ ပြင်ပမှာ စာရေးချင်ရင် အဲဒီစာကို အင်္ဂလိပ်လိုဘာသာပြန်ပြီး တင်ပြခွင့်ပြုချက်တောင်းရတယ်။ မင်းယုံလား။ ငါကိုယ်တိုင်လည်း အဲဒီစည်းမျဉ်းမျိုးရှိတယ်ဆိုတာ ကြားဖူးဖို့ဝေးလို့ အိပ်မက်တောင် မမက်ဖူးဘူး။ လွတ်လပ်ခွင့်ရှိလွန်းတဲ့ အမေရိကန်နိုင်ငံ။ ထားပါတော့လေ။
သူငယ်ချင်း
မြန်မာပြည်မှာ နေ့ချင်းညချင်းဆိုသလို ဖြစ်သွားတာ တွေကြုံလိုက်ရတော့ မင်းတို့ပြောကြဆိုကြ ဆွေးနွေးကြရင်း ငါ့ကို သတိရကြမယ်ဆိုတာ ငါသိပါတယ်ကွာ။ ဒီကောင်ကြီးဆီက စာလာရင်ကောင်းမယ်လို့ မင်းတို့ပြောကြ လိမ့်မယ်လို့တောင် ငါတွေးမိပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ပြေးလာပြီး မင်းတို့စကားဝိုင်းထဲ ၀င်လိုက်ချင်ပါရဲ့။ တစ်ယောက်တစ်ပေါက်နဲ့ ၀ိုင်းမေးလိုက်ကြမယ့်အမျိုး။ ငါကလည်း သိထားသလောက် ဖြေမှာပေါ့ကွာ။ ၁၉၅၅ ခု၊ ဖေဖော်ဝါရီလမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Foster Dulles မြန်မာပြည်ကို အလည်ရောက်နေတဲ့အကြောင်း မင်းငါ့အခန်းကိုလာပြောတော့ ဟေ့ကောင် စာကျက်ပျက်တယ်လို့ မင်းကို ပြန်ပြောလိုက်တာလေ။ ရန်ကုန်တက္ကသိုလ်မှာ ဒုတိယနှစ် ကျောင်းသားတွေနော်။ တကယ်တော့ မနက်မိုးလင်းရင် သတင်းစာတွေကြည့် ညဥ့်နက်အောင် နိုင်ငံရေးစာအုပ်တွေ ဖတ်နေတဲ့ကောင်ပဲကွာ။ တကယ်တော့ မင်းသိပါတယ်၊ ငါက ကွန်မြူနစ်ဖြစ်ချင်နေတဲ့ကောင်မို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာတာကို မကြိုက်ဘူးဆိုတာကို။
သူငယ်ချင်း
ခုတော့ အခြေအနေတွေက ပြောင်းလဲလာပြီလေ။ ၅၆ နှစ်ကျော် ကြာလာပြီကိုး။ ကြံတောသင်္ချိုင်း ဟိုဘက်ကနေ သည်ဘက်ပြောင်းရင်း အိုးမဲ့အိမ်မဲ့ဘ၀ကနေ ခြေဦးတည့်ရာ မျက်စိမှိတ်လျှောက်ရင်း အမေရိကန် ရောက်တယ်၊ မင်းလည်း သေမင်းနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပေမယ့် မသေသေးဘူး။ မြန်မာပြည်မှာ ကောက်ကာငင်ကာ ပြောင်းလဲလာတာ ကိုယ်တွေ့မဟုတ်ရင် မင်းယုံနိုင်ပါ့မလား။ ငါက၀တ္ထုရေးသမားမို့ မင်းက စိတ်ကောင်းဝင်နေတဲ့အခါ Creative Writer ရသစာပေသမား စသဖြင့် ခေါ်တယ်၊ စိတ်မထင်ရင်တော့ စိတ်ကူးယဉ်သမားလို့ ခေါ်တယ် မဟုတ်လား။ ဒီတော့မြန်မာပြည်မှာ ဖြစ်ထွန်းလာတဲ့ အပြောင်းအလဲ လမ်းစနဲ့ ပတ်သက်ပြီး ငါတွေးမိတယ်၊ နှစ်တိုင်း သင်္ကြန်အတက်နေ့မှာ စိတ်ပျက်လက်ပျက်နဲ့ လူ့ပြည်ကနေ ပြန်ပြန်တက်သွားတဲ့ သိကြားမင်းတောင် သုဇိတာရေ ကိုကို့မျက်မှန်ပေးစမ်း မြန်မာပြည်မှာဖြစ်နေတာ တကယ်လားဆိုတာ ကြည့်ရအောင်လို့ ပြောမယ်။ ဘာဖြစ်လို့ပြောင်းလဲဖို့ အကြောင်းဖန်လာရသလဲဆိုတာ မင်းတို့လည်း သိပြီးသား၊ စကားဝိုင်းမှာလည်း ဆွေးနွေးနေကြမှာမို့ အဝေးကနေ ၀င်ပါစရာ အကြောင်းမရှိပါဘူး။
သူငယ်ချင်း
ခုမြန်မာပြည်ကို အလည်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton အကြောင်းတော့ နည်းနည်းလောက်တော့ ပြောပါရစေ။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတုန်းက မြန်မာပြည်ကို သွားရောက်တဲ့ အောက်လွှတ်တော်အမတ် Bill Richardson က ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတ Bill Clinton ထံက စာတစ်စောင် ပါသွားတယ်။ အဲဒီအချိန်က Hillary Clinton ဟာ အိမ်ဖြူတော်မှာ။ First Lady သမ္မတ ကတော်မို့မဟုတ်ဘဲ အိတ်ဖွင့်ပေးစာဖြစ်တာမို့ စာထဲဘာတွေပါတယ်ဆိုတာ ငါတို့လိုပဲသိနိုင်တယ်။ ခု တစ်ခါလည်း Hillary Clinton က ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတ Obama ထံက စာတစ်စောင် ယူသွားပြန်ပြီ။ The Washinton Post သတင်းစာခေါင်းကြီးပိုင်း Editorial မှာ မကြုံစဖူး Hillary Clinton နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပုံကိုပါဖော်ပြရင်း ကမ္ဘာ့အကျော်ကြားဆုံး အမျိုးသမီးနှစ်ယောက်လို့ ညွှန်းထားတာကြောင့်၊ သမ္မတကတော်၊ အထက်လွှတ်တော်အမတ်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် သာမက သမ္မတဖြစ်ဖို့ပင် ရည်မှန်းထားသူမို့ တစ်နေ့သောအခါ အိမ်ဖြူတော်မှာ သူတို့ပြန်မဆုံကြဘူးဟု ဘယ်သူပြောနိုင် အံ့နည်းလို့ သိပ္ပံမောင်ဝလေနဲ့ ဆိုလိုက်ပါရစေ ကိုယ့်လူ။
သူငယ်ချင်း
နိုဝင်ဘာလ ၂၄ ရက်နေ့ဟာ အမေရိကန်မှာ Thanks Giving လို့ခေါ်တဲ့ ကျေးဇူးတော်နေ့ဖြစ်တယ်။ အနေကြာပြီဖြစ်တဲ့ မြန်မာမိသားစုက ဖိတ်လို့ ကြက်ဆင်သား ညစာသွားစားရင်း Hillary Clinton ရဲ့ မြန်မာပြည်ခရီးနဲ့ ပတ်သက်ပြီး စကားစပ်မိကြတယ်။ အရေးအခင်းအပြီး နယ်စပ်ကနေ အမေရိကန်ကို ခပ်စောစောရောက်၊ တက္ကသိုလ်တက်၊ ကွန်ပျူတာကျွမ်းကျင်သူအဖြစ် အလုပ်ရနေတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းရယ်၊ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်ကတည်းက အမေရိကန်ကိုရောက်လာကာ ကိုယ်ပိုင်အိမ် ကိုယ်ပိုင်လုပ်ငန်းနဲ့ အခြေကျနေပါလျက်နဲ့ မြန်မာ့အရေး ရတက်မအေးသူလို့ ဆိုရမလားပဲ၊ ကိုယ့်ထမင်းကိုယ်စားကာ လိုက်ပါ လုပ်ဆောင်လေ့ရှိသူ တစ်ယောက်ရယ်၊ ပြီးတော့ ငါရယ်ပေါ့ကွာ ဆွေးနွေးကြတယ်။ ခန့်မှန်းကြတယ်။ ထင်မြင်ချက်တွေ ပေးကြတယ်။ မျော်လင့်ချက်တွေ မ၀ံ့မရဲထားကြရင်း အဆိုတော်ခင်မောင်တိုး လာရောက် ဖျော်ဖြေမယ့်အကြောင်းပြောင်းသွားတော့ အမျိုးသမီးတွေရော လူငယ်လေးတွေပါ စကားဝိုင်းထဲပါလာကြတာပေါ့ကွာ။ ဘယ်သူက ဘယ်အဆိုတော်ကို ကြိုက်တယ်၊ ဘယ်သူက ဘယ်အဆိုတော်ကို မကြိုက်ဘူးနဲ့ အမျိုးမျိုး။
ခင်မောင်တိုးပွဲသွားဖို့ အိမ်ရှင်အမျိုးသားက လက်မှတ်ဝယ်တဲ့အခါ သူ့ဇနီးက မကြိုက်လို့ မလိုက်ဘူးလို့ ဆိုတယ်။
အားလုံးတူညီတဲ့ အချက်တစ်ချက်ကိုတော့ ငါမြင်လိုက်တယ်ကွ။ အဲဒါဘာလဲ မင်းသိလား။ မြန်မာပြည်က Stage Show တွေကို လွမ်းကြတာလေ။
အမေရိကန်မှာရှိနေကြတဲ့ မြန်မာတွေကြား TV ကြည့်ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထဘီအဆင်၊ ပန်းအရောင်ကို သဘောကျနေကြတဲ့ အမျိုးသမီးတွေ၊ နေပြည်တော်ကဧည့်ခံပွဲမှာ တရုတ်အစားအစာ ကျွေးရကောင်းလားလို့ မကျေနပ်သူ အိမ်ရှင်မတွေ၊ ရှေ့အလားအလာကို ခန့်မှန်းနေကြတဲ့ နိုင်ငံရေးသမားတွေ၊ စီးပွားရေးလုပ်ဖို့ အကွက်ချောင်းနေသူတွေ၊ ပြောင်းလဲလာမယ့် မြန်မာ့ပညာရေး ကျန်းမာရေးနယ်ပယ် ၀င်ကူချင်တဲ့ စေတနာရှင်တွေ၊ ကြား ဘေးထိုင်ဘုပြော စုန်းပြူးတွေလည်း ပါသပေါ့ကွာ . . .
သူငယ်ချင်း
မင်းတို့ဆီမှာ ပြောင်းလဲရေး လမ်းစပေါ်လာကတည်းက ငါတို့ဆီမှာလည်း ဂယက်ရိုက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် လုပ်တာပဲမှန်မှာပေါ့၊ ကောင်းလာလိမ့်မယ်ဆိုကာ ထောက်ခံသူတွေများသလို ကန့်ကွက်ကြသူတွေ လည်း ရှိကြတယ်ဟေ့။ အဲဒီကန့်ကွက်ကြသူတွေအကြောင်း ငါရေးချင်တယ်။ သူတို့အသံ မင်းပိုကြားချင်တယ်ဆိုတာ ငါသိထားတာကိုး။ သူတို့က ဂငယ်ကွေ့ U-turn ဖြစ်သွားပြီလောက်ဆိုရင် တော်သေးတယ်။ သဘောထား ပြင်းထန်ဆဲ၊ စကားလုံးအသုံးအနှုန်း ရင့်သီးမြဲ တချို့ရဲ့ရေးသားချက်တွေကတော့ အရုပ်ဆိုးလွန်းတယ်ကွာ။ အမေရိကန်နိုင်ငံမှာ သမ္မတကိုတောင် ဖက်ဆစ်ကြီးရယ်လို့ခေါ်နိုင်တဲ့အထိ လွတ်လပ်မှုက လွန်ကဲနေတာကိုး။ ထင်းရူး သေတ္တာလွတ်တစ်ခုပေါ် မတ်တတ်ရပ်ကာ ဟစ်တိုင်လုပ် အသံကုန်အော်နေစရာ မလိုတော့ဘူးကွ။ internet ရှိနေပြီလေ။ အေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton မြန်မာပြည်ကို ရောက်သွားတဲ့အခါမတော့ ထောက်ခံသူတွေဘက်က ပိုခိုင်မာလာသလို ကန့်ကွက်သူတွေဘက်ကတော့ တိုက်ခိုက်မှုတွေလျော့ လေသံပျော့လာတာ သတိထားမိတယ် ဟေ့။
သူငယ်ချင်း
နိုင်ငံခြားရေးဝန်ကြီး Hillary Clinton မြန်မာပြည်ကို ရောက်သွားတဲ့သတင်း ကမ္ဘာ့မီဒီယာတွေကလည်း အတော်နေရာပေး ဖေါ်ပြကြတာကိုတော့ မင်းတို့လည်း သိတန်သလောက် သိကြမှာပါ။ အမေရိကန်မှာရှိနေကြတဲ့ မြန်မာတွေကြား TV ကြည့်ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထဘီအဆင်၊ ပန်းအရောင်ကို သဘောကျနေကြတဲ့ အမျိုးသမီးတွေ၊ နေပြည်တော်ကဧည့်ခံပွဲမှာ တရုတ်အစားအစာ ကျွေးရကောင်းလားလို့ မကျေနပ်သူ အိမ်ရှင်မတွေ၊ ရှေ့အလားအလာကို ခန့်မှန်းနေကြတဲ့ နိုင်ငံရေး သမားတွေ၊ စီးပွားရေးလုပ်ဖို့ အကွက်ချောင်းနေသူတွေ၊ ပြောင်းလဲလာမယ့် မြန်မာ့ပညာရေး၊ ကျန်းမာရေးနယ်ပယ်ဝင်ကူချင်တဲ့ စေတနာရှင်တွေ၊ ကြားဘေး ထိုင်ဘုပြော စုန်းပြူးတွေလည်း ပါသပေါ့ကွာ။ အားလုံးကောင်းဖို့ဆိုတာက ငါတို့ရောက်နေကြတာ နတ်ပြည်မဟုတ်ဘူး၊ အမေရိကန်လေ။ ဒီကနေ့ အမေရိကန်နိုင်ငံဆိုတာက စီးပွားရေးကျဆင်း၊ အလုပ်မဲ့တွေ တိုးနေ၊ ကျောင်းဆရာတွေ လျော့ရ၊ ဆေးရုံတွေ စာကြည့်တိုက်တွေ ပိတ်ရ၊ စစ်ပွဲမှာသေကြတဲ့ ကျောင်း သားတစ်ပိုင်း စစ်သားရိုင်းလေးတွေရဲ့ ဓာတ်ပုံတွေက သတင်းစာတွေထဲအပြည့် စသဖြင့် ဟောလိဝုဒ်ရုပ်ရှင် ကားထဲကလို မဟုတ်ဘူး။ မင်းပြောလေ့ရှိတဲ့ ခေါင်းအေးအေးထားစဉ်းစား ချင့်ချင့်ချိန်ချိန်တွေး ဆင်ဆင်ခြင်ခြင်ပြော ဘယ်တော့မှမလောနဲ့ ဆို တာလေ။ ဒီစာရေးရင်း မင်းအသံငါ့ နားထဲဝင်လာတယ်။ အားလုံးမှာ တူညီတာတစ်ခုကတော့ မြန်မာပြည်မှာ ပြန်မနေရ၊ မြန်မာပြည်မှာ ပြန်မသေရတောင် မြန်မာပြည်ခဏလောက် ပြန်လည်ကာ မျှဝေခံစားချင်ကြတဲ့ ဆန္ဒပါ။ မင်းဆီကိုစာလည်း ဆက်ရေးပါ့မယ်။
သူငယ်ချင်းရဲ့
မောင်အောင်မွန်
credit here