အာရှ - ပစိဖိတ်ရာစုနှစ် (၁)
Written by ရဲထွဋ်
(၂၀၁၁ ခုနှစ် နိုဝင်ဘာထုတ် နိုင်ငံခြားရေးမူဝါဒစာစောင်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရေးသားခဲ့သည့် America’s Pacific Century ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြထားခြင်း ဖြစ်ပါသည်။)
အီရတ်နိုင်ငံရှိ စစ်ဆင်ရေးများကို အဆုံးသတ်ရန်နှင့် အာဖဂန်မှတပ်ဖွဲ့များကို စတင်ရုပ်သိမ်းရန် ဆောင်ရွက်နေချိန်တွင် အမေရိကန်နိုင်ငံသည် အရေးကြီးသည့် လမ်းဆုံလမ်းခွ၌ ရောက်ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် ဆယ်နှစ်လုံးလုံး အမေရိကန်တို့အနေဖြင့် အီရတ်နှင့်အာဖဂန်စစ်ပွဲများအတွက် လူ၊ လက်နက်၊ ပစ္စည်း၊ ငွေကြေးနှင့် လုပ်အားများ အကြီးအကျယ် အသုံးပြုခဲ့ရသည်။ ယခုအချိန်တွင် အမေရိကန်အနေဖြင့် လာမည့် ဆယ်နှစ်တာကာလတွင် အမေရိကန်တို့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထား နိုင်ရန်၊ အမေရိကန်တို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် အမေရိကန်တို့၏ စံတန်ဖိုးများကို မြှင့်တင်ရန်အတွက် အချိန်နှင့်စွမ်းအားများကို စနစ်တကျ၊ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ လိုအပ်နေပြီဖြစ်သည်။ အမေရိကန်အစိုးရများအတွက် လာမည့်ဆယ်နှစ်ကာလအတွင်း အရေး ကြီးဆုံးလုပ်ငန်းတာဝန်တစ်ခုမှာ အာရှ- ပစိဖိတ်ဒေသတွင် သံတမန်ရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ မဟာဗျူဟာအရလည်းကောင်း အားသွန်ခွန်စိုက် ပါဝင်လုပ်ဆောင်ဖို့ဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသသည့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အရေးပါသည့် ဇာတ်ကောင်ဖြစ်လာနေသည်။ အိန္ဒိယတိုက်ငယ်မှ အမေရိကန် အနောက်ဘက်ကမ်းခြေအထိ ကျယ်ပြန့်သည့်ဒေသတွင် သမုဒ္ဒရာနှစ်စင်းနှင့် ကမ္ဘာ့လူဦးရေထက်ဝက်ခန့်ရှိပြီး ထွန်းသစ်စ အင်အားနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့ တည်ရှိနေသည်။ ထိုဒေသတွင်ပင် အမေရိကန်နိုင်ငံ၏ အရေးပါသော မဟာမိတ်နိုင်ငံများလည်း ရှိနေသည်။ ဒေသတွင်းနိုင်ငံများကလည်း ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူပြုနိုင်မည့် လုံခြုံရေး၊ စီးပွားရေးအဖွဲ့အစည်းများကို တည်ထောင်နေကြပြီဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အာရှ-ပစိဖိတ် ဒေသရေးရာများတွင် အမေရိကန်က ပါဝင်ဆောင်ရွက်ရေးသည် မလုပ်မဖြစ် လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်နေပြီဖြစ်၏။
ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်း အတ္တလန်တစ် သမုဒ္ဒရာကိုဖြတ်ပြီး ရေရှည်တည့်တံ့ခိုင်မာပြီး အကျိုးရှိတဲ့ အဖွဲ့အစည်းတွေ၊ မိတ်ဖက်ဆက်ဆံမှုတွေ တည်ဆောက်နိုင်ခဲ့သလို အာရှ - ပစိဖိတ်ဒေသမှာလည်း အဲဒီလို လုံခြုံရေး၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေကို တည်ဆောက်ပြီး အ ကျိုးကျေးဇူးကို ခံစားနိုင်အောင်လုပ်ဖို့ လိုအပ်နေပြီဖြစ်သည်။ သို့သော် အီရတ်နှင့်အာဖဂန်နိုင်ငံများမှာ အသွင်ကူးပြောင်းစအဆင့်သာရှိနေပြီး အမေရိကန်ပြည်တွင်းမှာ စီးပွားရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရချိန်တွင် အမေရိကန်အနေဖြင့် နိုင်ငံတကာရေးရာများတွင် ပါဝင်ပတ် သက်မှုများကို လျော့ချပြီး ပြည်တွင်းရေးကိုသာ အာရုံစိုက်ရန် တိုက်တွန်းမှုများ လည်း ပေါ်ပေါက်လျက်ရှိသည်။ ထိုသူများ၏ ခံစားချက်ကို နားလည်ပေးနိုင်သော်လည်း ထိုကဲ့သို့ တောင်းဆိုမှုများမှာ ခေတ်နောက်ပြန်ဆွဲနေသော အယူအဆများသာဖြစ်သော ကြောင့် လက်ခံရန်မဖြစ်နိုင်ပေ။ နိုင်ငံတကာတွင် အမေရိကန်အတွက် ဈေးကွက်သစ်များရှာဖွေခြင်း၊ အဏုမြူလက်နက် မပြန့်ပွားရေးအတွက် လုပ်ဆောင်ခြင်းနှင့် လွတ်လပ်စွာ ကုန်သွယ်ရေကြောင်းသွားလာခွင့်ရရှိအောင် ဆောင်ရွက်ခြင်းစသော လုပ်ငန်းများအားလုံးသည် အမေရိကန် နိုင်ငံလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လုပ်ငန်းများဖြစ်သည်။ ပြီးခဲ့သည့် နှစ်ခြောက်ဆယ်လုံးလုံး ပြည်တွင်းရေးသာ အာရုံစိုက်ရန်ဆိုသည့် တောင်းဆိုချက်များကို ပယ်ချခဲ့ပြီးဖြစ်ရာ ယခုအချိန်တွင်လည်း အလားတူ ပယ်ချရဦးမည်သည်ဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံတကာက အမေရိကန်နိုင်ငံ၏ ရည်ရွယ်ချက်နှင့် ခေါင်းဆောင်နိုင်စွမ်းတို့ကို စောင့်ကြည့်နေပြီဖြစ်သည်။ အာရှဒေသတွင်လည်း အမေရိကန်အနေဖြင့် အာရှတိုက်တွင် ခိုင်မာသည့် စီးပွားရေးနှင့် မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားခြင်း ရှိမရှိနှင့် ထိုဆုံးဖြတ်ချက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်စွမ်း ရှိ မရှိ ဆိုသည့် မေးခွန်းထုတ်လျက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် မိမိတို့ အနေဖြင့် အာရှဒေသတွင် ဆက်လက်ရှိနေမည်၊ ဆက်လက်ပါဝင်နိုင်စွမ်းရှိသည်ကို သက်သေပြရန် လိုနေပြီဖြစ်သည်။
သမ္မတအိုဘားမားအနေဖြင့် အာရှတိုက်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုးကြားတက်ကြွနေမှုကို အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် မဟာဗျူဟာ အကျိုးစီးပွားများနှင့် ချိတ်ဆက်နိုင်ရန် ဦးစားပေး လုပ်ဆောင်လျက်ရှိပေသည်။ စီးပွားရေးဘက်ကကြည့်မည်ဆိုလျှင် ပွင့်လင်းသည့် အာရှဈေးကွက်သည် အမေရိကန်နိုင်ငံအတွက် မကြုံစဖူးထူးကဲသည့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် နည်းပညာအခွင့်အရေးများကို ဖော်ဆောင်ပေးမည်ဖြစ်သကဲ့သို့ အမေရိကန်စီးပွားရေး နလံထူမှုသည် အမေရိကန်ကုမ္ပဏီများက အာရှတိုက်မှ လျင်မြန်စွာတိုးပွားနေသည့် စားသုံးသူများထံသို့ ထိုးဖောက်ဈေးကွက်ရှာနိုင်မှုအပေါ်တွင် မူတည်နေသည်။ မဟာဗျူဟာအရကြည့်လျှင် အာရှ-ပစိဖိတ်ဒေသတွင် တည်ငြိမ်အေးချမ်းမှုရှိအောင် လုပ်ဆောင်ခြင်းသည် တောင်တရုတ်ပင်လယ်အရေး၊ မြောက်ကိုရီးယားအရေးကိစ္စများတွင် တိုးတက်မှုရရှိအောင် လုပ်ဆောင်ရာ၌ အထောက်အကူ ရရှိမည်ဖြစ်သည်။
တစ်ဖက်ကလည်း အမေရိကန်အတွက် အာရှက အရေးပါသကဲ့သို့ အာရှအတွက်လည်း အမေရိကန်က အရေးပါနေသည်။ ခေတ်သစ်သမိုင်းတွင် ယခုအချိန်သည် အာရှက အမေရိကန်၏ ခေါင်းဆောင်မှုနှင့် စီးပွားရေး အင်အားကို အလိုအပ်ဆုံးအချိန်ပင်ဖြစ်သည်။ အမေရိကန်သည် အာရှဒေသတွင် နယ်မြေရယူလိုခြင်းမရှိဘဲ ဘုံအကျိုးစီးပွားအတွက်သာ ဆောင်ရွက်ခဲ့သော၊ ဒေသတွင်း ကျယ်ပြန့်သည့် မဟာမိတ်များရှိပြီး ဖြစ်သော တစ်ခုတည်းသော အင်အားကြီးနိုင်ငံဖြစ်သည်။ အမေရိကန်နှင့် မဟာမိတ်များက အာရှတိုက်လုံခြုံရေးအတွက် ဆယ်စုနှစ်ပေါင်းများ စွာ တာဝန်ယူခဲ့ပြီး အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် တည်ငြိမ်မှုကို ဖော်ဆောင်ပေးခဲ့သည်။ အာရှဒေသကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးခြင်းဖြင့် သန်းထောင်နှင့်ချီသည့်ပြည်သူများကို ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်မိအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။ အမေရိကန်သည် အာရှဒေသ၏ အဓိက ကုန်သွယ်ဘက်နှင့် ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အာရှဒေသမှ ကျောင်းသားသုံးသိန်းခွဲကျော်သည် အမေရိကန်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည်။
အိန္ဒိယတိုက်ငယ်မှ အမေရိကန် အနောက်ဘက်ကမ်းခြေအထိ ကျယ်ပြန့်သည့်ဒေသတွင် သမုဒ္ဒရာနှစ်စင်းနှင့် ကမ္ဘာ့လူဦးရေထက်ဝက်ခန့်ရှိပြီး ထွန်းသစ်စ အင်အားနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့ တည်ရှိနေသည်။ ထိုဒေသတွင်ပင် အမေရိကန်နိုင်ငံ၏ အရေးပါသော မဟာမိတ်နိုင်ငံများလည်း ရှိနေသည် . . .
သမ္မတအိုဘားမားက အမေရိကန်၏ ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းနိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်နေပြီး ထိုလုပ်ဆောင်ချက်တွင် အစိုးရဌာနအသီးသီးက ဘက်စုံထောင့်စုံမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မိမိအနေဖြင့် အစဉ်အလာကို ချိုးဖောက်ပြီး ၀န်ကြီး၏ ပထမဆုံးခရီးစဉ်အဖြစ် အာရှဒေသကို ရွေးချယ်ခဲ့သည်။ ထိုအချိန်မှစပြီး အာရှဒေသသို့ ခုနှစ်ကြိမ် လာရောက်လည်ပတ်နိုင်ခဲ့ပြီး ဒေသတွင်း လျင်မြန်စွာပြောင်းလဲနေမှုများကို မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရုံမက အာရှ - ပစိဖိတ်ဒေသ၏ အနာဂတ်နှင့်အမေရိကန်၏ အနာဂတ် ခွဲခြားမရအောင် ဆက်စပ်နေသည်ကို လည်းနားလည်နိုင်ခဲ့သည်။ တကယ်တော့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ မဟာဗျူဟာပြောင်းလဲမှုသည် ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံ၏ ဦးဆောင်မှုကဏ္ဍကို ဆက်လက်ထိန်းသိမ်း ထားရန်ဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်လိုက်ခြင်းပင်ဖြစ်ပြီး ထိုလုပ်ဆောင်ချက် အောင်မြင်စေရန်အတွက် ကွန်ဂရက်တွင် ပါတီနှစ်ခုလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။ မည်သည့်ပါတီက သမ္မတဖြစ်စေ၊ လာမည့်ဆယ်စုနှစ်များစွာအတွင်း ဤ ဒေသဆိုင်ရာ မဟာဗျူဟာကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်သွားရမည်သာ ဖြစ်သည်။
အမေရိကန်ရဲ့ အာရှ - ပစိဖိတ်ဆိုင်ရာမဟာဗျူဟာက ဘာလဲဟုမေးလာလျင် ပထမဆုံးအချက်မှာ သံတမန်ရေးရာအရ ရှေ့တန်းကျကျ ပါဝင်ပတ်သက်မှုကို စဉ်ဆက်မပြတ် အသုံးပြုခြင်းဟုပင် ဆိုရပေမည်။ ထိုမူဝါဒအရ အမေရိကန်အဆင့်မြင့် အရာရှိကြီးများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ ဌာနဆိုင်ရာအဖွဲ့များနှင့် ဒေသအတွင်းရှိ အမေရိကန် သံတမန်များသည် ဒေသအတွင်း နေရာအနှံ့ဖြန့်ကြက်ထိတွေ့မှုများ လုပ်ဆောင်ရမည် ဖြစ် သည်။ အမေရိကန်မဟာဗျူဟာသည် အာရှဒေသတွင်း လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေမှုများကို မပြတ်ထည့်သွင်းစဉ်းစားပြီး အခြေအနေနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်တို့၏ မဟာဗျူဟာသည် အောက်ပါအဓိက လုပ်ငန်းစဉ်ခြောက်ရပ်ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။
(က) နှစ်နိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ခြင်း။
(ခ) တရုတ်နိုင်ငံအပါအ၀င် ဒေသတွင်း အင်အားကြီးနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ခြင်း။
(ဂ) ဒေသတွင်းနိုင်ငံများပါဝင်သည့် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း။
(ဃ) ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ခြင်း။
(င) အမေရိကန်တပ်ဖွဲ့များ ပိုမြိုဖန့်ကြက်နိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း။
(စ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ကာကွယ်ခြင်း။
အမေရိကန်နိုင်ငံ၏ ထူးခြားသော ပထ၀ီအနေအထားအရ အမေရိကန်သည် အတ္တလန်တစ် အင်အားကြီးနိုင်ဖြစ်သကဲ့သို့ ပစိဖိတ်အင်အားကြီးနိုင်ငံလည်း ဖြစ်သည်။ အမေရိကန်နိုင်ငံအနေဖြင့် ဥရောပမှာ ရေရှည် တည်တံ့ခိုင်မာပြီး အကျိုးရှိတဲ့ အဖွဲ့အစည်းတွေ၊ မိတ်ဖက်ဆက်ဆံမှုတွေ တည်ဆောက်နိုင်ခဲ့သလို ဂုဏ်ယူဖွယ်ရာရလဒ်များလည်း ရရှိခဲ့သည်။ ယခုအခါ ပစိဖိတ်ဒေသတွင် ဥရောပကဲ့သို့ပင် လုပ်ဆောင်ရန် အချိန်ကြပြီဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
credit here