Latest Highlight

ရခိုင်မှ မွတ်(စ်)လင်ကျောင်းသား ၃ဦး မတရားဖမ်းဆီး ထောင်ချခံရ


ရခိုင်ပြည်နယ်မှ အသက် ၂၀ အရွယ် မွတ်(စ်)လင် ကျောင်းသား သုံးဦးအား မြောက်ဦးမြို့တွင် ဒေသ အာဏာပိုင်များက မတရား ဖမ်းဆီး ထောင်ချလိုက်ကြောင်း (MLOB) မြန်မာနိုင်ငံ မွတ်(စ်)လင် လွတ်မြောက်ရေး အဖွဲ့က ပြောသည်။

အဆိုပါ လူငယ်များမှာ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်မှ ဖြစ်ကြပြီး အဆိုပါအဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးကျော်လှမှ ကျောင်းသားသုံးဦး ဖမ်းဆီးခံရပုံနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောသည်။

"အဲဒီ ကျောင်းသားလေး ၃ဦးဟာ ၂၀၁၀ခုနှစ်က ကျောက်တော်မြို့ကို သွားပြီးတော့ ဘာသာရေး ပညာရပ် သွားသင်ပါတယ်။ နောက် ဒီနှစ် ဇွန်လမှာ သူတို့ ကျောင်းပိတ်တဲ့အတွက် ကိုယ့်နေရပ်ကို ကိုယ်ပြန်လာ ကြပါတယ်။ ပြန်လာတဲ့အခါ မြို့ဟောင်း(မြောက်ဦး) သင်္ဘောဆိပ်မှာ သူတို့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ပြစ်မှုတစုံတရာမရှိပဲနဲ့ ဒီလ (နိုဝင်္ဘာလ) ၄ရက်နေ့က သူတို့ကို မြောက်ဦးတရားရုံးက ထောင်ဒဏ် ၂နှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။ ဒါကတော့ အုပ်ချုပ်သူ လူတန်းစားတွေက ဘာသာရေး လူမျိုးရေး နှိပ်ကွက်တာဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။"

၎င်းပြင် ဦးကျော်လှမှ သူတို့အား စစ်ဆေးမေးမြန်းခဲ့ပုံများကိုလည်း ယခုလိုပြောသည်။

"ဖမ်းဆီးတဲ့ အချိန်မှာလည်း အာဏာပိုင်တွေက "မင်းတို့ ဘယ်ကလဲ" လို့မေးပါတယ်။ သူတို့ ကလည်း မြောက်ဦးနဲ့ မင်းပြားက ဖြစ်တဲ့အကြောင်း ပြောတဲ့အခါ “မင်းတို့ ကျောက်တော်ကို ဘာသွားလုပ်တာလဲ။ တမြို့နယ်ကနေ တမြို့နယ်ကို မသွားရဘူးဆိုတာကို မသိဘူးလား" ဆိုပြီးတော့ ပြောပါတယ်။ ဒီတော့ မင်းတို့က မြောက်ဦးနဲ့ မင်းပြားကဖြစ်တယ်။ ကျောက်တော်ဆိုတာက သီးခြား မြို့နယ်တခု။ အဲဒါကြောင့် မင်းတို့မှာ အပြစ်ရှိတယ်ဆိုပြီးတော့ ဖမ်းပါတယ်။ တမြို့နယ်က တမြို့နယ်ကို မသွားရဘူးဆိုတာကတော့ ကျေညာထားတာလည်း မရှိပါဘူး။ ဥပဒေမှာလည်း မရှိပါဘူး။" ဟု သူကဆက်ပြောသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်များတွင် ရှိသော မွတ်(စ်)လင်များ အကြောင်း နှင့်ပတ်သက်ပြီး သူက ယခုကဲ့သို့ ဆက်ပြောသည်။

"ကျနော်တို့ ဒီ မြို့ဟောင်း(မြောက်ဦး)၊ မင်းပြား၊ ကျောက်တော်ဘက်တို့မှာ ရှိတဲ့ မွတ်(စ်)လင် ဘာသာဝင် တွေဟာ ဟိုးအရင် ရခိုင်ပြည်ကို ဗမာဘုရင် မသိမ်းခင်ကတည်းက ရခိုင် ဘုရင်တွေ လက်ထက်ကတည်းက ရှိခဲ့တဲ့ မွတ်(စ်)လင်တွေပါ။ ရခိုင်သမိုင်းမှာ ကြည့်လို့ရှိရင် လေးမြို့ချောင်း အနောက်ဖက်မှာ ရှိတဲ့ မွတ်(စ်)လင် တွေဟာ အရင်တုန်းက ရခိုင် ဘုရင်လက်အောက်ခံ တပ်တွေမှာ စစ်သည်တော်၊ လေးသည်တော်တွေ ဖြစ်ကြပါတယ်။ အဲဒီတုန်းက ရခိုင်ပြည်ကို ရန်သူတွေ လာလို့ရှိရင် ခုခံတိုက်ထုတ်ဖို့အတွက် ချပေးထားတဲ့ ရွာတွေဖြစ်ပါတယ်။ ရွာတွေလည်း များများစားစား မဟုတ်သလို လူဦးရေလည်း အနည်းစုသာ ရှိပါတယ်။ ဗမာဘုရင် ရခိုင်ပြည်ကို မသိမ်းခင် ဒီလူမျိုးစုတွေကို "ပသီ" ဆိုပြီးတော့ ခေါ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ ဒီလူတွေဟာ ရခိုင်ပြည်မှာနေထိုင်တဲ့ မွတ်(စ်)လင်တွေ ဖြစ်ပါတယ်။" ဟု ဦးကျော်လှက ပြောသည်။

မြန်မာအစိုးရအနေဖြင့်လည်း တရားဥပဒေကို လေးစားလိုက်နာမည်ဆိုလျှင် ယခုကဲ့သို့သော ဖြစ်ရပ်များ ဖြစ်လာမည် မဟုတ်ကြောင်း ဦးကျော်လှ မှပြောသည်။

အဆိုပါ ကျောင်းသား ၃ဦးမှာ အဆိုပါ ဖမ်းဆီးထောင်ချခံရသူ လူငယ်များမှာ မူဟာမတ်ဟာလိဒ် အသက်၂၂နှစ် (အဘ) ဦးအီးဗရာဟိန်း မြောက်ဦးမြို့နယ်၊ အာလောင်ဂီရ် အသက် ၁၈နှစ် (အဘ) မူဟာမတ်နာဆီရ် မြောက်ဦးမြို့နယ် ၊ နူရ်ဆောဖီ အသက် ၁၈နှစ် (အဘ) အဒူဆားလင်းမ် မင်းပြားမြို့နယ် တို့ဖြစ်ကြသည်။ မြောက်ဦးမြို့နယ်မှ ၂ဦးနှင့် မင်းပြားမြို့နယ်မှ ၁ဦးတို့ဖြစ်ကြပြီး ယခုအခါသူတို့ထဲမှ တဦးမှာ စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ် ၂နှစ်ခွဲ ကျခံနေရပြီး ကျန်နှစ်ဦးမှာ ရန်ကုန် အကျဉ်းထောင်တွင် ထောင်ဒဏ် ၂နှစ်ခွဲ ကျခံနေရကြောင်း သူက ပြောသည်။



  1. THEY ARE ROHINGYAS NOT ANOTHER .

  2. they are innocent.

Write A Comment

Rohingya Exodus