Latest Highlight

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မြန်မာ နိုင်ငံသို့ ဒီဇင်ဘာလအတွင်း ချစ်ကြည်ရေးခရီး လာရောက်မည်

ဘင်္ဂလားဒေ့ခ်ျ ပြည်သူ့သမ္မတနိုင်ငံ၏ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာသည် မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာ နိုင်ငံသို့ ဒီဇင်ဘာလအတွင်း လားရောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသံရုံးမှ သိရသည်။

"၀န်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်ပါမယ်။ ခရီးစဉ်က ဒီဇင်ဘာလ (၅) ရက်ကနေ (၇) ရက်လို့ စီစဉ်ထားပါတယ်" ဟု ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသံရုံးမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ (၂၈) ရက်တွင် ပြောသည်။

ခရီးစဉ်၏ အသေးစိတ် အစီအစဉ်ကို ရေးဆွဲဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်သတင်းသည် International Tribunal for the Law of the Sea (ITLS) တွင်မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှု အပြီးသတ် ကြားနာအပြီး တစ်လအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် အစောပိုင်းတွင် ချမှတ်မည့် နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှု စီရင်ချက် ချမှတ်မှုမတိုင်မီ လအနည်းငယ်သာ လိုအပ်တော့သည့် အချိန်တွင်ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဝန်ကြီးချုပ်၏ ယခုခရီးစဉ်သည် မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံ ဆက်ဆံရေးတွင် မျက်နှာစာသစ် ဖွင့်လှစ်လိမ့်မည်ဟု မျှော်လင့် ကြောင်းဝန်ကြီးချုပ်၏ ပြန်ကြားရေးအတွင်းဝန်ကို ကိုးကား၍ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ မီဒီယာ The Financial Express ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

"၀န်ကြီးချုပ်ရှိတ်ဟာဆီနာရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ နှစ်နိုင်ငံဆက်ဆံရေး မျက်နှာစာသစ်တစ်ရပ် ပေါ်ပေါက်လာမယ်လို့မျှော်လင့်တယ်"ဟု ပြန်ကြားရေးအတွင်းဝန် အဗ္ဗဒူကာလမ်အာဇက် က The Financial Express ကို ပြောသည်။

အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေး ခိုင်မာစေသည်နှင့်အမျှ နှစ်နိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများ အပြန်အလှန် ဖော်ထုတ်လုပ်ကိုင်ရေး ပိုမို အားကောင်းလာမည်ဟု ဘင်္ဂလားဒေ့ခ်ျ ကုန်သည်များကယူဆကြောင်းလည်း အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ဆန်ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၀န်ကြီးချုပ်၏ခရီးစဉ်သည် ဆန်ကုန်သွယ်ရေးအတွက် အလားအလာ ကောင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းမှ အမှုဆောင် ဦးမျိုးအောင်က ပြောသည်။

"ဘင်္ဂလားဒေ့ခ်ျက မြန်မာနိုင်ငံရဲ့ အဓိက ဆန်ဝယ်နိုင်ငံပဲ။ ဒါကြောင့် ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်က ဆန်ကုန်သွယ်မှုအတွက် အလားအလာ ကောင်းလို့ယူဆပါတယ်"ဟု ၎င်းက ပြောသည်။(စန္ဒာလွင် အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ - ၁၀ ၊ ၁၁ ၊ ၂၀၁၁)မြန်မာတိုင်းမှ ကူယူဖေါ်ပြသည်)

ဘင်္ဂလားဒေ့ခ်ျ-မြန်မာ နှစ်နိုင်ငံ ထိပ်တန်းအဆင့် တာဝန်ရှိသူများ၏ ခရီးစဉ်အနေဖြင့် ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နောက်ဆုံး သွားရောက်ခဲ့သည်။နအဖ စစ်အစိုးရ၏ ဒုတိယ အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ သွားရောက်ကာ နှစ်နိုင်ငံ အရေးကိစ္စများကိုဆွေးနွေး ဖြေရှင်းခဲ့ပြီးနောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် စစ်တပ်၏ ထိပ်တန်းခေါင်းဆောင် တဦးအဖြစ် သွားရောက်ခြင်းဖြစ်သည်။

Credit : Myanmar Times

  1. good news

Write A Comment

Rohingya Exodus