အစိုးရ၏ရာဇဝတ်မှု ဒုက္ခသည်တဦးလွှတ်တော် ကြားနာပွဲတခုသို့ ဖွင့်ချ
မြန်မာအစိုးရ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စုံစမ်းနိုင်ရေးအတွက် တိုက်တွန်းပေးပါဟု အမေရိကန် ပြည်ထောင်စုရောက် ကရင် တိုင်းရင်းသူ တဦးက ကွန်ဂရက် လွှတ်တော် နှင့် အိုဘားမား အစိုးရကို ယနေ့ တိုက်တွန်းလိုက်သည်။
တိုင်းရင်းသား ဒေသများတွင် စစ်အစိုးရ ကျူးလွန်ခဲ့သည်ဟု ဆိုသော လူ့အခွင့်အရေး ချိုးဖောက်မှု တချို့ကို ဒုက္ခသည်တဦး ဖြစ်သူ ကရင်အမျိုးသမီး မိုင်းရာဒါးဂေဖောက လွှတ်တော် ကြားနာပွဲတခုသို့ တက်ရောက်ပြီး အသေးစိတ် ရှင်းပြခဲ့သည်။ ထိုရာဇဝတ်မှုများ အတွက် စစ်အစိုးရတွင် တာဝန်ရှိသည်ဟု သူက ဆိုသည်။ စစ်အစိုးရ၏ အနိုင်ကျင့် နှိပ်စက်မှုများကို ခံရသူများတွင် သူ၏ မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟု သိရသည်။မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို ကြားနာ စစ်ဆေးသော Tom Lantos လူ့အခွင့်အရေး ကော်မရှင် ရှေ့မှောက်တွင် ယင်းသို့ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။ မိုင်းရာဒါးဂေဖောသည် ထိုင်း - မြန်မာ နယ်စပ်တွင် အဓိက လှုပ်ရှားလျက်ရှိသော ကရင် အမျိုးသမီး အစည်းအရုံး ၏ အသင်းဝင်တဦးလည်း ဖြစ်သည်။ “မြန်မာအစိုးရဲ့ လူသားမျိုးနွယ် တခုလုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စုံစမ်းနိုင်ဖို့အတွက် တိုက်တွန်းပေးပါလို့ ကွန်ဂရက် အဖွဲ့ဝင်တွေ နဲ့ အစိုးရ အဖွဲ့သစ်ကို ကျမ မေတ္တာ ရပ်ခံပါတယ်” ဟု သူက ဆိုသည်။စစ်အစိုးရက အရပ်သားများအပေါ် အကြမ်းဖက်မှု ကျူးလွန်နေခြင်းများ ရပ်ဆိုင်းသွားရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းကလည်း ဆက်လက် ဖိအားပေးရန် သူက တိုက်တွန်းလိုက်သည်။
မြန်မာ့တပ်မတော်၏ လက်ချက်ကြောင့် ရွာလုံးကျွတ် ထွက်ပြေးရမှုများ ရှိနေကြောင်း၊ အဝတ်တထည် ကိုယ်တခုဖြင့် ပြေးရခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။ရွာသားများ နေရပ်ရင်းသို့ မပြန်နိုင်ရန် တပ်မတော် စစ်ကြောင်းများက ရွာနှင့် အနီးတဝိုက်တွင် မြေမြှုပ်မိုင်းများ ထောင်လေ့ရှိသည်ဟု မိုင်းရာက ပြောသည်။ “ရွာကနေ ထွက်ရပြီ ဆိုရင် တနေရာကနေ တခြား တနေရာကို ပြေးနေရတယ်။
တောထဲမှာ တွေ့တဲ့ဟာကို စား၊ အိပ်တဲ့အခါလည်း ဗိုက်ဆာဆာနဲ့ အိပ်။ ကလေးတွေကို လက်ဆွဲပြီး အမြဲတမ်း ပြေးနေရတယ်။ စစ်တပ်ကို ကြောက်နေရတာပဲ” ဟု သူက ဆိုသည်။“ကျမတို့ ပြေးရတုန်းကလည်း ကျမတို့ မိသားစု တခုလုံး ဘာဆို ဘာမှ မရှိဘူး။ စားစရာလည်း မရှိ၊ အိပ်စရာ မရှိ၊ အဝတ်အစားလည်း အပိုမရှိ၊ မိုးရာသီ ဆောင်းရာသီဆိုရင် ပိုပြီး ဒုက္ခရောက်ရတယ်၊ စစ်ကြောင်းတွေနဲ့ လွတ်အောင် အမြဲ ရှောင်ရတယ်။ တောထဲမှာ၊ ခြုံထဲမှာ၊ ဂူထဲမှာ ပုန်းရတဲ့အခါ ရှိတယ်။ မိုးရွာထဲမှာ ပလတ်စတစ်ကို ကိုယ်တဝက်ပဲ ခြုံပြီး အိပ်ခဲ့ရတဲ့ ညကို ကျမ ဘယ်တော့မှ မမေ့ဘူး” ဟု မိုင်းရာက အနည်းငယ် ငိုရှိုက်ရင်း ပြောပြသည်။
အကူအညီပေးရေး အဖွဲ့များက ပြေးလွှားနေရသည့် ရွာပုန်းရွာရှောင် ဒုက္ခသည်များထံသို့ သွားရောက်နိုင်ခြင်း မရှိသဖြင့် ဆေးဝါး နှင့် အစားအစာ အတွက် အခက်အခဲများ ကြုံရသည်ဟု ဆိုသည်။“ကျမ ငှက်ဖျားတက်တယ်၊ တုပ်ကွေးရော တခြားဟာတွေရော ဖြစ်တယ် ခဏခဏပဲ။ ကျမရဲ့ မောင်နှမဝမ်းကွဲတွေလည်း ဖျားနာပြီး ဆုံးသွားကြတယ်” ဟု သူက ပြောသည်။“ဘာ စားစရာမှ မရှိတာကိုလည်း ခဏခဏ ကြုံရတယ်။ တခါတလေ မိသားစု ၇ ယောက် စားဖို့ ဆန် တဘူးပဲ ရှိတတ်တယ်။ လူကြီးတွေက မစားကြဘူး။ ထမင်းကို ကျမတို့ ညီအစ်မတွေကို ပေးတယ်၊ ကျမတို့က အငယ်တွေ ဆိုတော့။ တောထဲမှာ မျှစ်တွေ လိုက်ရှာပြီး စားရတယ်” ဟု မိုင်းရာက လူ့အခွင့်အရေး ကော်မရှင်ကို ပြောပြသည်။“မြန်မာပြည်မှာ ကရင်တွေအပြင် တခြား တိုင်းရင်းသားတွေလည်း ရှိတယ်၊ သူတို့လည်း မြန်မာ စစ်အစိုးရက ရန်ပြုတာကို ခံနေရတယ်။ ကိုယ့်ရပ် ကိုယ့်ရွာမှာ နေလို့မရတဲ့အတွက် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေ ဖြစ်သွားကြတယ်၊ တခြား နိုင်ငံကို ပြေးရတယ်” ဟု မိုင်းရာက ပြောသည်။
Credit : Irrawaddy Burmese