Latest Highlight

ဦးစိန်ကျော်လှိုင် ကြေညာချက်

ကျွန်တော် အဖမ်းမခံရပါ လေယာဉ်နဲ့ ရန်ကုန်မပြန်ပါ
ဧရာဝတီသတင်းဌာန၏ သတင်း မှားယွင်းကြောင်း ဦးစိန်ကျော်လှိုင်ထုတ်ပြန်


RFA (Radio Free Asia) သတင်းထောက် ဦးစိန်ကျော်လှိုင် ရန်ကုန်လေဆိပ်တွင် အဖမ်းခံရပြီး အောင်သပြေ စစ်ကြောရေးစခန်းတွင် အစစ်ဆေးခံနေရသည်ဆိုသည့် ၂၀၁၁ ခု စက်တင်ဘာ ၆ ရက်နေ့စွဲပါ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီသတင်းဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့်သတင်း လုံးဝမှားယွင်းကြောင်း ဖြေရှင်း အသိပေးအပ်ပါသည်။
· RFA သတင်းထောက် ဦးစိန်ကျော်လှိုင်သည် RFA မှာ တာဝန်ထမ်းဆောင်ချိန်မှ ယခု သတင်းထုတ် ပြန်ချိန်ထိ မည်သည့် လေကြောင်းခရီးစဉ်နှင့်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့ သို့ သွားရောက်ခဲ့ခြင်း မရှိခဲ့ပါ။


· ရန်ကုန်အပြန် မင်္ဂလာဒုံလေဆိပ်တွင် ဦးစိန်ကျော်လှိုင် အဖမ်းခံရသည်ဆိုသည့် ဧရာဝတီသတင်းလည်း
မှားယွင်းပါသည်။


· ဧရာဝတီသတင်းမှာဖော်ပြသလို ရန်ကုန် အောင်သပြေ စစ်ကြောရေးစခန်းမှာ အစစ်ခံနေရသည်ဆို သည့် သတင်းလည်း မှန်ကန်မှုမရှိပါ။


· ထို့ပြင် ဦးစိန်ကျော်လှိုင်သည် ဧရာဝတီသတင်းမှာဖော်ပြသလို မည်သည့် မြန်မာစစ်ဘက်ဆိုင်ရာ လုံခြုံ ရေးအရာရှိနှင့်မှ ညှိနှိုင်းခြင်းမရှိသည့်ပြင် မည်သည့် မြန်မာစစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိနှင့်မှလည်း အဆက်အသွယ်မရှိပါ။
၂၀၁၁ ခု စက်တင်ဘာ ၆ ရက်နေ့စွဲဖြင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ရန်ပိုင်ဆိုသူ ရေးသားသည့် (မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီး စစ်ဆေး) ဆိုသည့် သတင်းမှာ လုံးဝအခြေအမြစ်မရှိ- ခိုင်လုံမှု မရှိသည့် မှားယွင်းသော သတင်းတပုဒ်သာ ဖြစ်သည့်အတွက် ထိုသတင်းနှင့် ပတ်သက်ပြီး ဧရာဝတီသတင်း ဌာနမှာသာ တာဝန်ရှိပါသည်။
ဦးစိန်ကျော်လှိုင်သည် သမ္မတ ဦးသိန်းစိန်၏ ပြည်ပရောက် မြန်မာများ ပြန်လာရန် ကမ်းလှမ်းချက် မြန်မာအစိုးရ သတင်းစာတွင်ပါသည့်ရက် ၂၀၁၁ ခု သြဂုတ်လ ၁၈ ရက် မတိုင်ခင် ရက်သတ္တပတ်အလိုကထဲက ဘာသာရေး ကိစ္စတခုဖြင့် ခရီးလွန်နေခြင်းဖြစ်ပြီး ယခုအခါ ထိုင်းမြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါသည်။
သမ္မတ ဦးသိန်းစိန်၏ ကမ်းလှမ်းချက်ကို ယုံကြည်ပြီး ရန်ကုန်ကို လေယာဉ်နှင့်အပြန် အဖမ်းခံရသည်ဆိုသည့် ဧရာဝတီသတင်းမှားကြောင့် မိမိအပေါ် စိုးရိမ်ပူပန်ဖြစ်ခဲ့ကြသည့် ပြည်တွင်း ပြည်ပ စာနယ်ဇင်းလောကမှ လုပ်ဖော်ကိုင်ဘက်များ၊ မိတ်ဆွေ သင်္ဂဟများ၊ နိုင်ငံရေး လူမှုရေးနယ်ပယ်အသီးသီးမှ မိတ်ဆွေအပေါင်း အသင်းများ၊ ဆရာသမားများကို အထူးကျေးဇူးတင်ရှိပါသည်။


ဦးစိန်ကျော်လှိုင်
Radio Free Asia
u.sein@live.com
၂၀၁၁ ခု အောက်တိုဘာလ ၈ ရက်
 
Credit : WFW

Write A Comment

Rohingya Exodus