Latest Highlight

သံသယ အကျိုး နှင့် မြန်မာ့နိုင်ငံရေး


BY Naing Linn Aung –


 

သံသယ အကျိုး နှင့် မြန်မာ့နိုင်ငံရေး

နိုင်လင်းအောင်၊ ရန်ကုန်

ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း ထူးခြားသည့် မြင်ကွင်းအချို့ကို ယခုလပိုင်းအတွင်းမှာ မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံချိတ်ဆွဲထားသည့် သမ္မတရုံးခန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်သမ္မတဖြစ်သူ ဦးသိန်းစိန်နှင့် တွေ့ဆုံသည့်မြင်ကွင်း၊ တဖန် ရွှေဝါရောင် နှစ်လည်နေ့တွင် ဆန္ဒပြသူ လူငယ်ခေါင်းဆောင်နှင့် ရဲအရာရှိတို့ ညှိနှိုင်းနေသည်ကို သတင်းထောက်များက ၀ိုင်းဝိုင်းလည် ဓါတ်ပုံရိုက် သတင်းယူနေသည့် မြင်ကွင်းတို့ ဖြစ်သည်။

ယခုလိုမြင်ကွင်းမျိုး ဆယ်စုနှစ် ၂ ခုနီးပါး အတွင်းမြင်တွေ့ရန် အခွင့်အလမ်း အလွန်နည်းပါးခဲ့သည်။ အန်အယ်ဒီ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ခေါင်းဆောင်တို့ တွေ့ခဲ့ဖူးသည့် သာဓက ရှိခဲ့သည်။

သို့သော် ထိုစဉ်က ထိုသို့ တွေ့ဆုံမှုကို ချက်ခြင်း လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းမျိုးမဟုတ်၊ ယခုလို တွေ့သည့်အချိန် စကားပြောဆိုသည့် အချိန်တွင် မီဒီယာသို့ အသိခံခဲ့ခြင်း မရှိ။ ယခုကြိမ်မှာမူ ထိုနေ့ကတည်းက သတင်းမီဒီယာများက တွေ့ဆုံမှုအကြောင်း ဖေါ်ပြနေကြပြီ ဖြစ်သည်။

အလားတူပင် ဆန္ဒပြသူတဦးဦးကို ဓါတ်ပုံရိုက် အသံဖမ်းပြီး အင်တာဗျူးနေသည့် မြင်ကွင်းသည်လည်း ဆယ်စုနှစ် များစွာအတွင်း အထူးအဆန်း မြင်ကွင်း တခုပင်ဖြစ်သည်။

ဘာကြောင့်ဆိုလျင် အရင့်အရင်တုန်းက ဆန္ဒပြပြီဆိုလျင် သတင်းထောက်များ အနေဖြင့် ခပ်လှမ်းလှမ်းမှ ဓါတ်ပုံရိုက်ပြီး အခြားနေရာသို့ အမြန် ရွှေ့ကြရသည်။ လုံခြုံရေး အရ ရိုက်ပြီးရှောင်ရသည့် သဘောပင်။

ယခုတကြိမ် ဆန္ဒပြသည့်အခါမှာတော့ ဆန္ဒပြသူများထဲမှ ခေါင်းဆောင်ဖြစ်သူ ကိုဟန်ဝင်းအောင်၏ ပတ်ပတ်လည်တွင် ကင်မရာတွေ အသံဖမ်းရီကော့ဒါတွေ ၀ိုင်းနေသည့် မြင်ကွင်းက အပြောင်းအလဲ တခုကို ညွှန်ပြနေသကဲ့သို့ရှိသည်။

ယခုလို မျှော်လင့်မထားသည့် မြင်ကွင်းမျိုး မြင်တွေ့ရခြင်းသည် မည်သည့်အချက်ကြောင့်ပါလဲ။ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရလာတဲ့ ကြံ့ဖွံ့ သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးကို လိုလားတာကြောင့်လား၊ ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာဖို့ အရေးကြောင့် အတိုက်အခံတွေကို ပျော့ပြောင်းစွာ ဆက်ဆံလာတာလား၊ အမေရိကန်နဲ့ အနောက်ဥရောပရဲ့ စီပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးစေချင်လို့လား စတဲ့ မေးခွန်းတွေက သုံးသပ်သူ အပေါ် မူတည်ပြီး ကွဲပြားတဲ့ အဖြေထွက်နေကြသည်။

အချို့က အာဆီယံဥက္ကဋ္ဌ ဖြစ်ချင်လို့၊ အချို့ကတော့ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းစေချင်လို့ ဟူ၍ ကောက်ချက်ချလျက်ရှိသည်။ တချို့တလေကတော့ စစ်ဗိုလ်ချုပ်ဟောင်းများ အနေဖြင့် ၎င်းတို့ဘာသာ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ အချိန်တန်ပြီဟုနားလည် သဖြင့် စတင်ပြောင်းလဲခြင်းဖြစ်သည်ဟု ကောက်ချက်ချသူလည်း ရှိသည်။

လွန်ခဲ့သည့် ၃ လတာအတွင်း ဖြစ်ပေါ်ခဲ့သည့် စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေသည် ယခင်ဆယ်စုနှစ် တစ်ခုအတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထက် များသည်ဟု ဆိုချင်လျင် ဆို၍ နိုင်လောက်အောင် ခေါင်းစဉ် များပြားလှသည်။

ပင်စင်လစာ တိုးမြှင့်ခြင်း၊

သွင်းကုန်ခွန် လျော့ပေါ့ခြင်း၊

ကားဟောင်းများ လဲလှယ်ခွင့်ပြုခြင်း၊

လက်ရှိ ဒေါ်လာပေါက်ဈေးကို အသိအမှတ်ပြုပြီး နိုင်ငံခြားငွေလဲ ကောင်တာ ဖွင့်ခွင့်ပေးခြင်း အစရှိသည်တို့ ဖြစ်သည်။

နိုင်ငံရေး နှင့် ပတ်သက်သည့် အပိုင်းတွင်လည်း …

အလုပ်သမား အဖွဲ့အစည်းဖွဲ့စည်းခွင့် ဥပဒေ၊

လယ်ယာမြေပိုင်ဆိုင်ခွင့် ဥပဒေ၊

လွတ်လပ်စွာစုဝေးခွင့် ဆန္ဒထုတ်ဖေါ်ခွင့် ဥပဒေနှင့်

ပုဂ္ဂလိကကျောင်း ဥပဒေ တို့ကို ယခုတကြိမ်ကျင်းပသည့် လွှတ်တော်တွင် ဆွေးနွေး အတည်ပြုလျက်ရှိသည်။ နှစ်ပေါင်းများစွာ ဥပဒေအရ အသိအမှတ်မပြုပဲ ထားခဲ့သည့် ကိစ္စရပ်တချို့မှာ ယခုအခါ ဥပဒေဖြင့် အတိုင်းအတာ တခုထိ လုပ်ဆောင်လာနိုင်မည့် သဘောလည်း ဖြစ်သည်။

ပြည်တွင်း ပုံနှိပ်မီဒီယာ အနေဖြင့် ယခင်ကထက်စာလျင် အနည်းငယ် လွတ်လပ်လာသည်။ အစိုးရ ပေါ်လစီကို အနည်းငယ် တို့ထိ ရေးသား ခွင့်ရှိလာသည်။ စီးပွားရေး ပေါ်လစီ၊ လုပ်နည်းကိုင်နည်းတို့ကို ဝေဖန် ရေးသားခွင့် ရှိလာသည်။ သို့သော် တပ်မတော်နှင့် ပတ်သက်သည့်ကိစ္စ၊ လူမျိုးစု အရေးနှင့်ပတ်သက်သည့် ကိစ္စ၊ လက်နက်ကိုင် အဖွဲ့အစည်းများ ကိစ္စတွေကိုတော့ ရေးသား တို့ထိခွင့်မရသေးပေ။

ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် တို့၏ တွေ့ဆုံမှုသည် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ၏ လမ်းစ၊ ထိုမှ တဆင့် ပူးပေါင်းဆောင်ရွက်မှုသို့ ဦးတည်သွားနိုင်သည်ဟု ယုံကြည်သူများလည်း ရှိသည်။

အဓိက ပါဝင်လှုပ်ရှားနေသည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မျှော်လင့်ချက် ထားရှိသည်ဟု ပြောဆိုထားသည်။ သူဆောင်လျှက်ရှိသည့် ပါတီခေါင်းဆောင်ပိုင်းကိုလည်း ယခု ပူးပေါင်း ဆောင်ရွက်ရေး လမ်းစဉ်ကို ထောက်ခံဖို့ ပန်ကြားထားသည်။

အခြား တဖက်မှာတော့ ယခု တကြိမ် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုသည် ပြောင်းလဲမှုဟု ယူဆနိုင်စရာ မရှိသေး၊ ယခုလို တွေ့ဆုံမှုမျိုး ယခင်တုန်းကလည်း ဗိုလ်ချုပ်ခင်ညွှန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် ရှိခဲ့ဖူးသဖြင့် မထူးဆန်းဟု ဆိုသူများလည်း ပြည်ပတွင်သာမက ပြည်တွင်းမှာပင် ရှိနေသည်။

သူတို့က မထူးခြားဟု ဆိုရခြင်းမှာ နိုင်ငံရေး အကျဉ်းသား ၂ ထောင်နီးပါးကို မလွှတ်ပေးသည့် အချက်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အစိုးရ စစ်တပ်က ထိုးစစ်ဆင်နေသည့် အချက်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်၊ ဦးအောင်ကြည် တွေ့ဆုံပြောဆိုခြင်းကို သဘာဝအတိုင်း ဖြစ်လာသည့် ပြုပြင်ပြောင်းလဲမှု အဖြစ်မြင်ရန် ခက်ခဲသည်ဟု ဆိုကြသည်။

ယခုအပြောင်းအလဲများသည် ပြန်လှည့်ပြောင်း မသွားနိုင်ဘူးလား ဆိုသည့်မေးခွန်းကလည်း ပေါ်ထွက်လာနေသည်။ ဦးသိန်းစိန် အစိုးရ၏ နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူကတော့ ယခုပြုပြင်ပြောင်းလဲမှုများမှာ ပြန်မလှည့်နိုင်သည့် ပြောင်းလဲမှုဟု ကုလသမ္မဂတွင် ပြောဆိုလိုက်သည်။

ယခု တကြိမ်ပြောင်းလဲမှု အပေါ် မျှော်လင့်ချက် ထားရှိသူများအမြင်မှာတော့ ယခုတကြိမ် ပြောင်းလဲမှုသည် မြန်သည်၊ စိပ်သည်၊ ယခင်အကြိမ်များနှင့်မတူ၊ မကြာမီလည်း ပြောင်းလဲမှုများ ထပ်မံ လုပ်ဆောင်လာပြီး အပြောင်းအလဲ တခုဆီသို့ ဦးတည်လိမ့်မည်ဟု သူတို့က ယူဆသည်။

အဆိုပါ အချက်ကို သဘောမတူသူတွေ ကတော့ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကျော်အတွင်း စစ်အစိုးရဘက်က ပျော့ပြောင်းသည့် လက္ခဏာ တခုတလေ ပေါ်လာပြီး ပြန်ပျောက်သွားသည့် အဖြစ်ကို ထောက်ပြကြသည်။

ထိုသို့သော အခြေအနေတွင် အနည်းငယ် ပွင့်လင်းလာသည့် မီဒီယာကို အခြေပြုကာ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကန့်ကွက်ရေး လှုပ်ရှားမှု ပေါ်ထွက်လာခဲ့သည်။ မီဒီယာမှတဆင့် သော်လည်းကောင်း၊ လက်မှတ် စုဆောင်း၍ သော်လည်းကောင်း ဟောပြောပွဲများ စီစဉ်၍သော်လည်းကောင်း အစိုးရ၏ စီမံကိန်းကို ဝေဖန်ကန့်ကွက်လာကြသည်။

တားဆီးနိုင်စွမ်း ရှိမရှိမသေချာသော်လည်း ၀ိုင်းဝန်း ကန့်ကွက်သံ ဆူညံလာပြီးနောက်ဆုံးတွင် သမ္မတဖြစ်သူက လွှတ်တော်သို့ အိတ်ဖွင့်ပေးစာပို့ပြီး ၎င်းတို့၏ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။ ဤ အဖြစ်အပျက်သည်လည်း လတ်တလော အပြောင်းအလဲများ၏ တိုင်းတာမှတ် တခုဖြစ်သွားရသည်။

အကောင်းမျှော်လင့်သူများ ဘက်ကတော့ ယခုအပြောင်းအလဲများ၏ အရှိန်အဟုန်သည် ယခင်အဖြစ်အပျက်များနှင့် နှိုင်းယှဉ်လျင် သိသိသာသာကြီးမား သည်ဟု ဆိုကြသည်။

ယနေ့ကာလ မြန်မာနိုင်ငံရေးအပေါ် သံသယရှိသူတွေက ရှိနေကြသလို မျှော်လင့်ချက်ဖြင့် အကောင်းမြင်သူတွေကလည်း မြင်နေကြသည်ဟု ဆိုလျင် မှားအံ့မထင်။

ဥပဒေ ပညာတွင်ရှိသည့် “သံသယအကျိုး” ဆိုသည့် စကားလုံးတွင် တစုံတရာ သံသယဖြစ်ပေါ်နေလျင် သံသယကို စွပ်စွဲခံရသူ ဘက်မှ ခံစားခွင့် ပေးသည့် အဓိပ္ပါယ်ပင်။ ယခုမြန်မာနိုင်ငံ အရေးတွင် ပြုပြင်ပြောင်းလဲမှုများသည် တကယ် စစ်မှန်မမှန် သံသယ ဖြစ်နေပါလျင် အဆိုပါ သံသယ အကျိုးကို မည်သည့်ဘက်မှ ခံစားခွင့်ရှိ မလဲဆိုသည်က စိတ်ဝင်စားစရာ အချက် တချက်ဖြစ်ပါသည်။

Credit : Moe ma kha

Write A Comment

Rohingya Exodus