Discussion Yes, Hate No.
မိတ်ဆွေများ
တစ်နိုင်ငံလုံးက အပြောင်းအလဲဖြစ်ပေါ်ရေးကို အာရုံစိုက်နေတဲ့အချိန်၊ နှစ်ဆယ့်တစ်ရာစုနှစ် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ပြည်ထောင်စုအသစ်အတွက် မျှော်လင့်နေကြတဲ့အချိန်မှာ ရှစ်လေးလုံးဝက်ဆိုက်မှာ လူမျိုးရေး မုန်းတီးမှုတွေကို လှိုင်လှိုင်ကြီး ဖတ်နေရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ စက်တင်္ဘာ (၁၉)၊၂၀၁၁မှာ ကိုလင်းမြတ်သော်တာက ကုလားဟာ ကုလား၊ နွားဟာ နွား၊ စောက်ကုလား စသဖြင့်တောင် ဆိုလာပါတော့တယ်။
အိန္ဒိယတိုက်ငယ် (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလာဒက်ရှ်တို့ဟာ ၁၉၄၇မတိုင်မီက နိုင်ငံတစ်ခုတည်း ဖြစ်ခဲ့ပါတယ်။)က လူတွေကို ကုလားလို့ ယေဘုယျ ဆိုကြပါတယ်။ ကုလားဆိုတာ သမိုင်းဝင် အသုံးအနှုံးဖြစ်ခဲ့ပေမဲ့ ယခုအခါမှာတော့ ကုလားတွေကို ကိုလင်းမြတ်သော်တာ ဆိုလိုက်သလို နွားနှင့် စောက်ကုလား နေရာမှာသာ သုံးတော့တာမို့ ကုလားဟု ခေါ်ခြင်းသည် လူမျိုးရေး နှိမ့်ချစော်ကားမှု ဖြစ်သွားပါပြီ။ (နီဂရိုးဆိုတာ သမိုင်းဝင် အမည်ဖြစ်ပါတယ်။ လူမဲမျိုးနွယ်တစ်ခုလုံးကို နှိမ့်ချခေါ်ခြင်းဖြစ်တယ်လို့ နားလည်လာတဲ့အခါမှာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက လူတွေက မင်းတို့ကို သမိုင်းစဉ်လာအရ နီဂရိုးလို့ ခေါ်ခဲ့လို့ အခုလည်း ခေါ်ရမယ်လို့ မတောင်းဆိုကြပါဘူး။)
တစ်ကယ်တော့ ဒီစောက်ကုလား ဆိုသူတွေထံက ဝတ်စားဆင်ယင်မှု၊ ဆေးပညာ၊ နက္ခတ်ပညာ၊ ပြည်သူ့နီတိ၊ ဘာသာရေး၊ ယဉ်ကျေးမှုတွေသာမက ယနေ့ဗမာ၊ ရခိုင်၊ မွန်၊ ကရင်တွေ ရေးနေ၊ သုံးနေတဲ့ ကကြီး၊ ခခွေးဆိုတဲ့ စာပေကိုပါ ရယူထားကလည်း သမိုင်းအထင်အရှားပါ။ လူမျိုးတိုင်းမှာ အများက လူကောင်းဖြစ်ပြီး လူဆိုးဆိုတာ လူနည်းစုဖြစ်ပါတယ်။ လူနည်းစုရဲ့ အဆိုးကြောင့် လူမျိုးတစ်မျိုးလုံးကို သိမ်းကြုံးနှိမ့်ချ ဆဲရေးတိုင်းထွာခြင်းက မိမိရဲ့ ပင်ကိုယ် ယဉ်ကျေးမှု အားနည်းခြင်းကြောင့်သာ ဖြစ်ပါလိမ့်မယ်။ ကုလားမုန်း၊ တရုပ်မုန်း၊ ထိုင်းမုန်း၊ ကရင်မုန်း၊ ရခိုင်မုန်း၊ မွန်မုန်းစတဲ့ လူမျိုးမုန်းတီးမှုတွေက ၂၁ရာစုမှာ တော်သင့်ပါပြီ။ အစ္စလာမ်ဘာသာ ကိုးကွယ်တာနှင့် ကိုယ့်နိုင်ငံသားတွေကို ကုလားလို့ နှိမ်ခေါ်တာမျိုးကိုလည်း မလုပ်သင့်ကြပါဘူး။
ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်ဘူးဆိုသူတွေရဲ့ အမြင်ကို လေးစားပါတယ်။ ပြောခွင့်လည်း ရှိကြပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း ရိုဟင်ဂျာသည် တိုင်းရင်းသားဖြစ် မဖြစ်ကို သမိုင်းပညာရှင်တွေ၊ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရ၊ တိုင်းရင်းသားပြည်သူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကသာ အသေအချာ လေ့လာပြီးမှ ဆုံးဖြတ်သင့်တယ်လို့ ယူဆထားသူ ဖြစ်ပါတယ်။ သို့သော် ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် ရိုးရိုးသားသား လက်မခံတာနှင့် ရိုဟင်ဂျာဆိုသူတွေကို ဆဲရေးတာ၊ မုန်းတီးတာက မတူပါဘူး။
နောက်တစ်ချက် သတိထားကြဖို့က ရိုဟင်ဂျာတွေကို တစ်ဖက်နိုင်ငံက ခိုးဝင်လာသူတွေဆိုပြီး စစ်အစိုးရအဆက်ဆက်က လေးကြိမ်လောက် အစုလိုက် အပြုံလိုက် မောင်းထုတ်လိုက်ပြီး တစ်ဖန် လေးကြိမ်လုံးဘဲ နိုင်ငံသားတွေဖြစ်တယ်ဆိုပြီး အစုလိုက် အပြုံလိုက် ပြန်လက်ခံလိုက်လုပ်နေတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ တစ်ကယ်ဘဲ တစ်ဖက်နိုင်ငံက နိုင်ငံခြားသား ဘင်္ဂါလီတွေဆိုရင် ဘာ့ကြောင့် အကြိမ်တိုင်းမှာ နိုင်ငံသားအဖြစ် သတ်မှတ်ပြီး ပြန်လက်ခံ နေရတာလည်း ဆိုတာကိုကော တွေးမိဘူး ပါရဲ့လား။ တစ်ကယ်တော့ ရခိုင်လူမျိုးတွေရဲ့ လွတ်မြောက်ရေးစိတ်ဓါတ်နှင့် ညီညွတ်ရေးအင်အားကို ချိုးနှိမ်ဖို့ ရိုဟင်ဂျာပြသနာကို စစ်အစိုးရတွေက တမင်ဖန်တီးပေးပြီး ရိုဟင်ဂျာဆိုသူတွေ ဓါးစားခံလုပ်ထားတာကို သတိမူသင့်ကြပါတယ်။
ကိုထွန်းဇံဝေက ဦးခင်မောင်စောရဲ့ Religious and Arakan ဆိုတဲ့စာတန်းမှာ ရခိုင်ဘုရင် မင်းစောမွန်ကို နန်းပြန်တင်ဖို့ မဂိုဘုရင်၊ မဂိုတွေ၊ ပါရှန်းတွေက ဝင်တိုက်ပေးတယ်လို့ ဆိုပါတယ်။ မှားပါတယ်။ ရခိုင်တွေရဲ့ လောင်းကြက်မင်းဆက် ပြုတ်အောင် ဘုရင်မင်းစောမွန်ကို အင်းဝဘုရင်မင်းခေါင်ရဲ့ သားတော်မင်းရဲကျော်စွာ တိုက်ထုတ်လိုက်တာက ၁၄၀၆ ဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ်မှာ မဂိုအင်ပါယာ(Maghoul Dynasty)က ၁၅၂၆က ၁၇၀၇ အထိဖြစ်တာမို့ မင်းစောမွန်နှင့် မဂိုက ဘာမှ မဆိုင်ပါဘူး။ ဒါဖြင့် မင်းစောမွန်ကို နန်းပြန်တင်ပေးတာ ဘယ်သူတွေလဲ။
မင်းရဲကျော်စွာကြောင့် ဘုရင်မင်းစောမွန် ၂၂နှစ်လုံး ထွက်ပြေးခိုလှုံနေတာက ဂိုအာက မွတ်စလင် စူလ်တန်ဘုရင်ထံမှာ ဖြစ်ပါတယ်။ ဘင်္ဂါလီဘုရင်ဖြစ်မယ် ထင်ပါတယ်။ မင်းစောမွန်ကို နန်းပြန်တင်ဖို့ အဲဒီစူလ်တန်ဘုရင်က ဗိုလ်ချုပ်ဝလီခန်နှင့် စစ်သည် တစ်သောင်း (အချို့နေရာမှာ စစ်သည်ငါးသောင်းလို့ ဆိုပါတယ်။)ကို စေလွှတ်ပြီး ပြန်တိုက်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ် ဝလီခန်က မင်းစောမွန်ကို ပြန်ပုန်ကန် ဖမ်းဆီးပြီး ဘုရင်တက်လုပ်တာကြောင့် စူလ်တန်ဘုရင်က အမျက်ထွက်ပြီး ဗိုလ်ချုပ်စင်ဒီခန်ကို စစ်သည်အင်အား နှစ်ဆနှင့် ထပ်လွှတ်ပြီး ဝလီခန်ကို တိုက်ထုတ်ကာ မင်းစောမွန်ကို နန်းပြန်တင်ပေးခဲ့ရပါတယ်။ တနည်းအားဖြင့်ဆိုသော် ရခိုင်တွေရဲ့ ပြုတ်ကျသွားတဲ့ လောင်းကြက်မင်းဆက်ကို မြောက်ဦးမင်းဆက်အဖြစ် ပြန်လည် အသက်ဝင် တည်တံ့ရေးကို အခုဘင်္ဂါလီကုလားလို့ခေါ်တဲ့ မွတ်စလင်တွေရဲ့ သွေးနှင့် တည်ဆောက်ပေးထားတဲ့ သမိုင်းအထောက်အထားဖြစ်ပါတယ်။ မြောက်ဦးမင်းဆက်လို အင်မတန် ထင်ရှားပြီး အရေးပါတဲ့ သမိုင်းဆိုင်ရာကိစ္စမှာ သမိုင်းပညာရှင် ဦးခင်မောင်စောက ဘာ့ကြောင့် ကမန်နှင့် ဘင်္ဂါလီကို ရောမွှေပစ်သလဲဆိုတာ ကာယကံရှင်သာ သိမှာပါ။ (အဲဒီ ဦးခင်မောင်စောကဘဲ ဖိနှိပ်မှုတွေကြောင့် အသက်ကို မငဲ့နိုင်ကြဘဲ ပင်လယ်ထဲ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာလှေစီး ဒုက္ခသည်တွေကို မြန်မာရေတပ်က ပင်လယ်ထဲမှာ ဖမ်းဆီးရိုက်နှက်ပြီး ပင်လယ်ထဲ ပြန်လွှတ်တဲ့ကိစ္စမှာ ရရှိတဲ့ ဒါဏ်ရာတွေက ရိုဟင်ဂျာဆိုသူတွေက သူများတွေက သနားအောင် ကိုယ့်ကိုကိုယ် ပြန်ရိုက်ထားတာပါလို့ မစာမနာ အထောက်အထားမဲ့ ဆိုရက်ခဲ့သူဖြစ်ပါတယ်။ ပညာရှင်မှန်ရင် အထောက်အထားမဲ့ မဆိုသင့်ပါဘူး။)
ဂျပန်က သက်ကြီးပညာရှင် ဦးညွန့်ရွှေကလည်း ရိုဟင်ဂျာဆိုသူတွေရဲ့ ရုပ်ကိုကြည့်ပြီး မောင်းထုတ်မယ်ဆိုလာပြန်တော့ သင်ထားတဲ့ ပညာတွေထဲမှာ Racism မပါသေးဘူးလို့ ထင်ပါတယ်။ အဲဒီ သက်ကြီးပညာရှင် ဦးညွန့်ရွှေကဘဲ ရခိုင်ဘုရင်တွေ မွတ်စလင်ဘွဲ့တွေခံတာ ကုလားမတွေနှင့် ဘူးချင်လို့လို့ ပေါက်တတ်ကရ ဆိုပြန်ပါတယ်။ ရခိုင်ပညာရှင်တွေက ဒါမဟုတ်ဘူး၊ မဟုတ်တာကို အဟုတ်လုပ်ပြီး မပြောကြနဲ့လို့ မကန့်ကွက်ကြပါဘူး။ သူတို့ မဖတ်ဖြစ်လို့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
Respond to Press Release of Rohingya, 2009 ဆိုတဲ့ စာတန်းမှာ ဦးခင်မောင်စောက
To show his gratitude to the Sultan he (Min Saw Mun) asked what he could do. The Sultan persuaded him to be converted into Islam but he refused; however, he promised the Sultan that the Arakanese kings would bear Pseudonym Muslim Titles. ရေးသားခဲ့ပါတယ်။
ရခိုင်ဘုရင်မင်းစောမွန်က သူ့ကို နန်းပြန်တင်ပေးတဲ့ (လူမျိုးမတူ ဘာသာခြား) စူလ်တန်ဘုရင်ကို ကျေးဇူးဘယ်လိုဆပ်ရမလဲ မေးတဲ့အခါ၊ စူလ်တန်ဘုရင်က အစ္စလာမ်ဘာသာကို လက်ခံဖို့ပြောခဲ့တယ်။ ဘုရင်မင်စောမွန်က လက်မခံခဲ့နိုင်ခဲ့ပေမဲ့ နောင်လာနောက်သား ရခိုင်ဘုရင်တွေမှာ မွတ်စလင်ဘွဲ့ကို ခံယူစေရမယ်လို့ ဂတိပေးခဲ့ပါတယ်။ (သူကိုယ်တိုင်က မွတ်စလင်ဘွဲ့အမည် ဆူလေမန်ရှားကို စတင်ခံယူခဲ့ပါတယ်။)
စစ်ဗိုလ်ချုပ်ကြီး မဟာဗန္ဓုလက ကသည်းပြည်ကို ချီတက်သိမ်းပိုက်တဲ့အခါမှာ ကသည်းမှာ နေကျန်ခဲ့တဲ့ မြန်မာတပ်ဗိုလ်တပ်သားတွေက ကသည်းမတွေနှင့် အိမ်ထောင်ကျကုန်ပြီး ယခုတိုင် မြန်မာကသည်း ကပြားအဖြစ်နှင့် ယခုတိုင် အထင်အရှားရှိနေပါတယ်။ ဘုရင်မင်းစောမွန်ကို နန်းပြန်တင်ဖို့ နှစ်ကြိမ်တိုင် စစ်ပွဲဆင်နွှဲပြီးနောက်ပိုင်း ရခိုင်နန်းတွင်းရေးမှာ မွတ်စလင်တွေ ဘယ်လောက် တန်ခိုးထွားခဲ့သလဲဆိုရင် ရခိုင်ဘုရင်တွေကို သူတို့စိတ်ကြိုက် တင်ချင်တဲ့အခါ တင်၊ ဖြုတ်ချင်တဲ့အခါ ဖြုတ်အထိအောင် လုပ်နိုင်ခဲ့တဲ့ ကာလမျိုးပင် ရှိခဲ့ဘူးပါတယ်။ အနှစ် သုံးရာနီးပါး ရခိုင်နန်းတွင်းရေးတွေမှာ အရှိန်အဝါကြီးခဲ့တဲ့ သောင်းနှင့်ချီတဲ့ မွတ်စလင် တပ်ဗိုလ်၊ တပ်သားတွေဟာ သူတို့အမျိုးသမီးတွေကို ဘင်္ဂလားက မခေါ်လာနိုင်ကြပါဘူး။ အဲတော့ ဒီစစ်သားအုပ်ကြီးက ရခိုင်မှာ မူလက ရှိပြီးသား မွတ်စလင်မတွေနှင့် အိမ်ထောင်ကျကြတယ်ဆိုရင် အဲဒီကာလက ရခိုင်မှာ မွတ်စလင်တွေ သောင်းချီရှိနေလို့ ဖြစ်မှာပါ။ လွန်ခဲ့တဲ့ အနှစ်ခြောက်ရာလောက်က သောင်းချီတဲ့ မွတ်စလင်လူစုကြီးက အခုအခါမှာ လူဦးရေ ဘယ်လောက် တိုးပွါးနိုင်တယ်ဆိုတာ သင်္ချာပညာရှင်များ တွက်ဆနိုင်ပါတယ်။
အဲဒီတုန်းက ရခိုင်မှာ မွတ်စလင်တွေ မူလကတည်းက သောင်းနှင့်ချီပြီး မရှိခဲ့ဘူးဆိုရင် ဒီစစ်သားတွေ ဘယ်အမျိုးသမီးတွေနှင့် အိမ်ထောင်ကျကုန်မလဲ ဆိုတာကိုလည်း စဉ်းစားနိုင်ကြပါတယ်။ ပညာရှင်မှန်ရင် သမိုင်းကို သပြေသီးမှည့်ကောက်သလို ကိုယ်ကြိုက်ရင် ကောက်မယ်။ ကိုယ်မကြိုက်ရင် ပယ်မယ် မလုပ်သင့်ပါဘူး။ သမိုင်းမှန် သိမှ သင်္ခန်းစာယူနိုင်မှာမို့ သမိုင်းကို မျိုးချစ်စိတ်နှင့် ရေးရင် မျိုးချစ်သမိုင်းသာ ဖြစ်မှာပါ။ သမိုင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။
ရွာသား (စာရေးကြီးဆိပ်) ဆိုသူကလည်း ကိုဘုန်းကျော်ထံ ပေးစာမှာ ကုလားတွေက ရခိုင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပုံတွေကို ကြေကွဲဖွယ်ရာ ရေးသားထားတဲ့အတွက် အတော်လေး စိတ်ထိခိုက်မိပါတယ်။ ကြွေကွဲ ဒေါသဖြစ်စရာပါ။ သို့သော် ဒါက သမိုင်းတစ်ခြမ်းပဲ့ ဖြစ်ပါတယ်။ နောက်တစ်ခြမ်းလိုပါသေးတယ်။ ရခိုင်ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ သမိုင်းသုတေသီတစ်ဦးလည်းဖြစ်သူ တစ်ဦးက ကျနော့ကို “ကိုအောင်တင်၊ တစ်ကယ်တော့ ကျနော်တို့ ရခိုင်တွေက ရခိုင်ပြည်တောင်ပိုင်းမှာ ဘင်္ဂါလီ(ရိုဟင်ဂျာ)တွေကို သတ်တာက ပိုကြမ်း ပိုဆိုးပါတယ်ဗျာ” လို့ပြောဖူးပါတယ်။ ဘယ်လူမျိုးက ဘယ်လူမျိုးကို သတ်သတ် မကောင်းပါဘူး။
ရိုဟင်ဂျာဆိုသူတွေဟာ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးပြီးရင် ဒုတိယ အများဆုံး လူမျိုးဖြစ်ပါတယ်။ ဒီဒုတိယအင်အားအကြီးဆုံး လူစုကြီးကို မျိုးပြုတ်အောင် သတ်ပစ်လို့ မရနိုင်သလို၊ ပိပြားအောင် ဖိနှိပ်ထားလို့လည်း မရပါဘူး။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ဒီလူမျိုးစုကြီးက ရခိုင်တွေနှင့် ဆိုးတူကောင်းဖက် အစဉ်ဒွန်တွဲ နေနေမှာပါ။ ဒုတိယအများဆုံး လူမျိုးစုနှင့် အကြီးဆုံးလူမျိုးစုကြီးတို့ အချင်းချင်း မုန်းတီးသင့်သလား၊ မုန်းတီးလာအောင် ဝိုင်းမြှောက်ပေးသင့်သလား၊ ဖြစ်နိုင်တဲ့ဘောင်အတွင်း (နိုင်ငံသားအဖြစ်နှင့်ဖြစ်ဖြစ်) နားလည်မှု၊ ပြေငြိမ်းမှုတွေရရှိအောင် ကူညီပေးသင့်သလားဆိုတာ စဉ်းစားသင့်ကြပါတယ်။ သူတို့က တိုင်းရင်းသားဖြစ်ချင်လို့ တောင်းဆိုနေလည်း တောင်းဆိုတာက သူတို့အလုပ်ဖြစ်ပါတယ်။
အတိတ်သမိုင်းမှာ ရိုဟင်ဂျာဆိုသူတွေနှင့် ရခိုင်တွေ အေးချမ်းစွာ နေခဲ့ကြတဲ့ ကာလတွေလည်း အမှန်ဘဲ ရှိခဲ့ပါတယ်။ ဆရာဒေါက်တာ ဦးအေးချမ်းက သူငယ်စဉ်မှာ ရခိုင်တွေနှင့် ဘင်္ဂါလီတွေ သင့်မြတ်စွာ အတူနေခဲ့ စားခဲ့ ကစားခဲ့ပုံတွေကို ကျနော့ကို ပြောဖူးပါတယ်။
မည်သို့ပင် ဖြစ်စေကာမူ၊ ရာစုနှစ်ပေါင်းများစွာက အခြေအနေအရပ်ရပ်ကြောင့် ရခိုင်ပြည်ထဲ အဆင့်ဆင့် ဝင်ရောက်ခဲ့တဲ့ မွတ်စလင်အုပ်စုတွေဟာ အခုနောက်ပိုင်း ခိုးဝင်လာတဲ့ ရိုဟင်ဂျာဆိုသူတွေ မဟုတ်ဘူးဆိုရင်လည်း ဒါဟာ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ ရှေးကတည်းက နေထိုင်သူတွေနှင့် နောက်မှ ခိုးဝင်လာသူတွေကို ခွဲခြားသတ်မှတ်လို့ရအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံသားတွေလည်း အဆင်မပြေလို့ သူများနိုင်ငံ ခိုးဝင်တာတွေ ရှိပါတယ်။ မဲဆောက်တို့၊ ရနောင်းတို့မှာ အရင်က ထိုင်းဆိုင်ကယ်သမားကို ဆယ်ဘတ်ပေးပြီး ဗမာတွေကို သတ်ခိုင်းလို့ရတယ်လို့တောင် ကြားဖူးပါတယ်။ ခိုးဝင်လာသူတွေကို ဥပဒေအရ အရေးယူတာနှင့် တိရစ္ဆာန်တွေလို သဘောထားတာက မတူပါဘူး။
အောင်တင် စက်တင်္ဘာ ၂၀၊ ၂၀၁၁