Latest Highlight

စစ်တပ်နှင့်ပေါင်းပြီး လူကုန်ကူးသူအား အမှုဖွင့်ထားသော်လည်း အရေးယူခြင်း မရှိသေး

အသက်မပြည့်သေးသည့် ကလေးငယ်များအား လိမ်လည်ခေါ်ဆောင်ပြီး ရောင်းစားနေသူအား ကလေးမိဘများက အမှုဖွင့် တိုင်ကြားခဲ့သော်လည်း အာဏာပိုင်များက အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ တဦးက ပြောသည်။
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်မြို့၊ မင်္ဂလာဦးရပ်ကွက်နေ ဒေါ်မြင့်မြင့်ချိုသည် အသက်မပြည့်သေးသည့် ကလေးငယ်များအား စစ်သားစုဆောင်ရေးတပ်များသို့ ပို့ဆောင်ကာ ရောင်းစားနေသည်ကို ကလေးမိဘများက ရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း ပြောသည်။

“ပျောက်ဆုံးနေတဲ့ကလေးမိဘတွေက ပြည် အမှတ် (၂) ရဲစခန်းမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ အမှတ်(၅/၂၀၀၅) အရ အရေးယူပေးဖို့ တိုင်ကြားခဲ့တာ၊ ပထမတော့ ရုံးချိန်း လေးခုလောက်ချိန်းလိုက်ပြီး သေသေချာချာ မေးမြန်းတာတွေမရှိဘဲ အခုခရိုင်တရားရုံးကို အမှုလွှဲလိုက်တယ်” ဟု လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်သူက ပြောသည်။
ရောင်းစားခံရသည့်ကလေးငယ်များမှာ ပြည်မြို့မှ အသက် (၁၄) နှစ်အရွယ် နေမင်းမောင်မောင် (ခ) နန်းဝေ၊ ချစ်သဲကို (ခ) သန်းထွန်းအောင်၊ မောင်နိုင်အောင်၊ မောင်ကောင်းထက်မောင်၊ မမိုးမိုးခိုင်နှင့် အခြားကလေးငယ် သုံးဦးခန့် ရှိကြောင်း ဆက်ပြောသည်။

မမိုးမိုးခိုင်ကို မောင်ချစ်သဲကိုနှင့်အတူ ခေါ်ဆောင်သွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ရှိ ဝါဝါဝင်းစားသောက်ဆိုင်တွင် ကျပ်ငွေ (၅၀၀၀) ဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း ဆက်ပြောသည်။

“ကလေးမိဘတွေ အားလုံးကတော့ တိုင်ထားတယ်၊ အဲဒီမှာ မောင်ကောင်းထက်မိဘတွေ အမှတ် (၂) ရဲစခန်းမှာ အမှုသွားဖွင့်တော့ ရဲစခန်းက ပုဒ်မ ရှာမတွေ့ဘူး ပြောတယ်၊ တရားရုံးကို ဦးတိုက်လျှောက်ထားဖို့ ပြောတယ်၊ အဲဒါနဲ့ တရားရုံးမှာ ၇ လပိုင်း ၂၀ ရက်နေ့မှာ တရားရုံး ဦးတိုက်လျှောက်ထားခဲ့တာ၊ ဒီနေ့အထိ ရုံးချိန်းလေးကြိမ်ခေါ်ပြီး ၂၈ ရက် ၉ လပိုင်းမှာ ခရိုင်လွှဲလိုက်တာ” ဟု ပြောသည်။


ယင်းကဲ့သို့ ကလေးငယ်များအား လိမ်လည်ခေါ်ဆောင်ကာ စစ်တပ်သို့ ရောင်းစားနေသည့် ဒေါ်မြင့်မြင့်ချို၏ အမှုတွင် စစ်သားစုဆောင်းရေးတပ်မှ တပ်ကြပ်ကြီးအဆင့်ရှိသူများ ပါဝင်နေသည့်အတွက် ရဲအာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမပြုဘဲ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
ယခင်စစ်အစိုးရ လက်ထပ်ကတည်းက အရွယ်မရောက်သေးသည့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီကို ဖွဲ့စည်းထားခဲ့သော်လည်း ယင်းကော်မတီအနေဖြင့် ယခုကြံ့ဖွံ့အစိုးရ လက်ထပ်အထိတိုင် ကလေးသူများနှင့် ပတ်သက်ပြီး တိတိကျကျ တစုံတရာ ကူညီစောင့်ရှောက်မှု အလွန်နည်းပါးခဲ့သည့်အပြင် စစ်တပ်နှင့် အရပ်သားတို့ ပူးပေါင်းကာ လူကုန်ကူးမှုများကို ဆက်တိုက် ကျူးလွန်နေလျှက်ရှိသည်။

Credit : Yoma3

Write A Comment

Rohingya Exodus