Latest Highlight

အတိတ်မှတရုတ်နိုင်ငံသင်ခန်းစာနှင့်လက်ရှိအင်ဒိုနီးရှားပြုပြင်ပြောင်းလဲမှုကိုမြန်မာယူသင့်

အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်သည် မြန်မာနိုင်ငံနှင့် ဆင်တူသည်။ ကိုလိုနီဘဝ ရုန်းကန်မှုများအတွင်း တွင်လည်းကောင်း၊ ဂျပန်ဝင်ရောက်မှုတွင်လည်းကောင်း၊ လွတ်လပ်ရေးရပြီးကာလတွင်လည်းကောင်း တူညီကြ သည်။ နောက်ဆုံး ဦးနေဝင်းအာဏာသိမ်းခြင်းနှင့်အတူ ဆူဟာတို အာဏာသိမ်းခြင်းသည်လည်း မြန်မာက ရှေ့မှ ပြေးလျက်ရှိသည်။ သို့ရာတွင် မြန်မာ၏ စစ်ဗိုလ်ချုပ်များက လက်ဝဲသူငယ်နာမစင်ဘဲ ဆိုရှယ်လစ် လိုက်ကြသဖြင့် တိုင်းပြည်ချွတ်ခြုံကျပြီး လူမွဲနိုင်ငံဘဝသို့ သက်ဆင်းသွားရသည်။ လက်ဝဲဝါဒီများ၏ ငွေရှင်ကြေး ရှင်များအပေါ် ရွံရှာမုန်းတီးမှု၊ စီးပွားရေးလုပ်ငန်းရှင်းအပေါ် တဖက်သတ် မနာလိုတတ်သည့် မစ္ဆရိယစိတ်ကြောင့် ၎င်းပုဂ္ဂလိက လုပ်ငန်းရှင်လေးများကအစ အရင်းရှင်တံဆိပ်အတပ်ခံရပြီး ကွမ်းယာဆိုင်၊ ပစ္စည်းရောင်း ပုဂ္ဂလိကဆိုင်များ၊ ကားပစ္စည်းအရောင်းဆိုင်များ၊ပုဂ္ဂလိကဓါတ်ဆီဆိုင်လေးများ အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များပါမကျန် အရင်းရှင် ဆိုင်းဘုတ်တပ်ပြီး ပြည်သူပိုင်သိမ်းခြင်းကို မြိန်ရည်ရှက်ရည်ပြုလုပ်၍ ချမ်းသာခြင်းသည် အပြစ်တခုအဖြစ် အပြစ်ဒါဏ်ပေး ဆုံးမလိုက်ကြသည့်အတွက် မြန်မာနိုင်ငံကြီး ကမ္ဘာအဆင်းရဲဆုံးနိုင်ငံဘဝသို့ ကျရောက်ခဲ့သည်ကို မည်သူမျှ မငြင်းနိုင်ချေ။ 

အင်ဒိုနီးရှား 

အင်ဒိုနီးရှားနိုင်ငံကမူ ကွန်မြူနစ်များကို သုတ်သင်ရှင်းလင်းလိုက်သဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများ ဂျပန် နိုင်ငံတို့က ဝိုင်းဝန်းကူညီကြသည်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံသို့ မိမိတပ်များစေလွှတ်ပြီး တိုက်သည့် တိုင်အောင် မနိုင်ဘဲ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည့် အမေရိကန်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ ဗိုလ်ချုပ်ဆူဟာတို သူ့စွမ်းရည်နှင့်သူ ကျွန်မြူနစ်တို့ကို နှိမ်နှင်းပစ်လိုက်သဖြင့် အထင်တကြီး ဆူဟာတို လိုသော စစ်ရေး အကူ အညီများ စီးပွားရေးထောက်ပံ့မှုများကို ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံကို မူလလက်ဝဲဆိုရှယ်လစ် အတွေး အခေါ်ဖြင့် မြန်မာ့နည်း မြန်မာ့ဟန် လူမွဲလမ်းစဉ်သို့ ချီတက်နေခြင်းအတွက် လစ်လျှူရှုထားခဲ့သည်။ 

ဆူဟာတိုသည် အာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်နေလင့်ကစား ဈေးကွက်စီးပွားရေးစံနစ်ကို ဖွင့်ပြီး သူနှင့်နီးစပ်သူ များနှင့် လက်ဝါးကြီးအုပ် စီးပွားရေးကို ပြုလုပ်ခဲ့သည်။ (Crony Capitalism)လက်ဝါးကြီးအုပ် စီးပွားရေးတွင် ကျွမ်းကျင်သော အင်ဒိုနီးရှားပြည်ဖွါး တရုတ်စီးပွားရေးသမားများနှင့် ပုလင်းတူဗူးဆို့လုပ်၍ မိမိသားသမီးများ ဆွေမျိုးများဖြင့် ကြွယ်ဝချမ်းသာလာခဲ့သည်။အနောက်အုပ်စု၏ ထောက်ပံ့မှုဖြင့်လည်းကောင်း၊အမေရိကန်နိုင်ငံ၏ တိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) (FDI) ကြောင့်လည်းကောင်း၊ လက်ဝါးကြီးအုပ် အရင်းရှင်စံနစ် ကြောင့်လည်းကောင်း အင်ဒိုနီးရှားနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခဲ့ရသည်။ သို့ရာတွင် ဆူဟာတိုသည် အာဏာကို လက် လွှတ်ရန် မစဉ်းစားဘဲ သူတည်ထောင်ထားသည့် ဂေါ်ကာပါတီ (Golkar) ကိုအသုံးချ၍ ဆက်တိုက် (၆) ကြိမ်တိုင်တိုင် သမတပြုလုပ် အုပ်ချုပ်ခဲ့သည်။ စီးပွားရေးတိုးတက်လာသဖြင့် ပြည်သူတို့ အသင့်အတင့် ချောင် လည်လာကြသော်လည်း အဓိက စီးပွားရေးကို လက်ဝါးကြီး လုပ်ထားကြသော ဗိုလ်ချုပ်များ၊ အခွင့်ထူးခံ စီးပွားရေးသမားများနှင့် ဆင်းရဲချမ်းသာကွာဟမှုများ နှိုင်းယှဉ်မရလောက်အောင် ကြီးမားခဲ့သည့်အတွက် အင်ဒိုနီးရှား များက အလွန်အမင်းချမ်းသာနေသော တရုတ်များကို လူမျိုးရေးအရ မုန်းတီးလာခဲ့ပြီး တရုတ်များနှင့် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်လာခဲ့ကြသည်။ 

 မြန်မာနိုင်ငံ

ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ကို ကြည့်လျှင် လက်ဝဲယိမ်းများ၏ အစွန်းရောက်အရှေ့မျှော်ဝါဒကြောင့် လက်ဝဲသူငယ်နာမစင်ဘဲ မဲမဲမြင်ရာအရင်းရှင်တံဆိပ်ကပ်၍ ချမ်းသာခြင်းကိုပင် အပြစ်တခုအဖြစ် ဦးတည်တိုက်ခိုက်ခဲ့သဖြင့် အားလုံးမည်သူမျှ မချမ်းသာနိုင်တော့ဘဲ လူမွဲများအဖြစ် ကျရောက်လာခဲ့ရသည်။ ဆင်းရဲချမ်းသာကိစ္စကို ယထာဘူတကျကျစဉ်းစားလျှင် ကလိမ်ကျ၍ ချမ်းသာသူများရှိသော်လည်း ရိုးသားစွာ လုံ့လဝီရိယစိုက်ထုတ်၍ ကျိုးစားလုပ်ကိုင်မှုကြောင့်လည်းကောင်း ပညာဉာဏ်ထက်မျက်မှုကြောင့်လည်းကောင်း ကြီးပွါးချမ်းသာလာသော လူများလည်း ရှိကြောင်းတွေ့ရမည်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်အရှင်းရှင်ဟု ပြောရလောက် သောသူများ ထိုအချိန်ကလက်ညှိုးထိုးပြစရာမရှိချေ။ အစွန်းရောက်လက်ဝဲသူငယ်နာစွဲကပ်နေသူတို့က အရင်းရှင်များဟု သမုတ်၍ မစ္ဆရိယစိတ်ဖြင့် မုန်းတီးမှုသည် မြန်မာနိုင်ငံကြီးကို အတိဒုက္ခရောက် စေခြင်းပင်ဖြစ်သည်။ 

မြန်မာနိုင်ငံ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ ကျရောက်သွားရသည့် ၁၉၈၇ ခုနှစ်သည် ကိုယ့်လူမျိုးကို အမြဲတမ်းဂုဏ်ယူဝင့်ကြွားနေသည့် ဗမာလူမျိုးတိုင်းကို ရှော့ဖြစ် (တုန်လှုပ်) စေခဲ့သည်။ ဦးနေဝင်းသည် နှစ်စဉ် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ပြီး စည်းဇိမ်ခံ နေသော်လည်း သူ့အစိုးရဝန်ကြီးများနှင့် အစိုးရ အရာရှိများ တိုင်းပြည်မှ ပြည်ပသို့ ထွက်ခွင့်ကို တင်းကြပ်စွာ ပိတ်ပင်ထားသည့်အတွက် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှား၊ စင်္ကာပူတို့၏ တိုးတက်ဖွံ့ဖြိုးနေမှုကို မြန်မာပြည်သူများ မသိရှိဘဲ မျက်စိပိတ် နားပိတ် ဖြစ်နေခဲ့သည်။ ဦးနေဝင်းသည် အိမ်နီးချင်းနိုင်ငံများ လျှင်မြန်စွာ တိုးတက်နေမှုကို မျက်ဝါးထင်ထင် မြင်တွေ့နေရသော်လည်း မြန်မာနိုင်ငံ တိုးတက်လာရေးကို ဦးစားပေးစဉ်းစားခြင်းမပြုခဲ့ခြင်းသည် သူ၏ အတ္တစိတ်ကြီးမားမှုကို ဖေါ်ပြခဲ့ခြင်းဖြစ်သည်။ ဆိုရှယ်လစ်စံနစ်သည် တိုင်းပြည်ကို စုတ်ပြတ် ချွတ်ခြုံကျစေသည်ကို သိသိကြီးနှင့် တိုးတက်သော နိုင်ငံများကဲ့သို့ စံနစ်ပြောင်းရန် ကြိုးစားခြင်းထက် မိမိအာဏာတည်မြဲရေးကိုသာ တစိုက်မတ်မတ်ပြုလုပ်ခဲ့သည်။ အဓိက ဦးနေဝင်း၏ စိတ်နေသဘောထားမှာ အမျက်စောင်မန်ကြီး၍ မိမိထက်သာသူ ဘယ်သူ့ကိုမှ မမြင်ချင်သောစိတ်ဖြစ်သည်။ ဦးသန့် ကုလသမဂ္ဂအထွေထွအတွင်းရေးမှူးဘဝဖြင့် မြန်မာပြည်လာလည်သောအခါ ဦးသန့်နှင့် တွေ့ဆုံစကား မပြောချင်သဖြင့် ငပလီသို့ ထွက်သွားခဲ့သည်။ ဦးသန့်က သူနှင့်တွေ့ရန်ငပလီသို့ လိုက်လာကြောင်း ကြားသည့်အခါ ငပလီမှ ချက်ချင်း ရှောင်ထွက်သွားခဲ့ပြန်သည်။ မြန်မာပြည်တွင် ချမ်းသာသူ မရှိစေရ၊ မိမိထက်သာသူ မရှိစေရဆိုသည့် သူ၏ အတ္တကြီးမှုကြောင့် မြန်မာနိုင်ငံ အောက်တန်းနောက်တန်းကျသည့် ဘဝသို့ ကျရောက်ခဲ့ရသည်။ 

နဝတ/နအဖ လက်ထက်တွင်မူ စစ်ဗိုလ်ချုပ်များ ဆူဟာတို၏ လက်ဝါးကြီးအုပ် စီးပွားရေးစံနစ်ကို အတုခိုးကျင့်သုံးလာကြသည်။ တေဇ၊ စတီဖင်လော၊ ဆရာကျောင်း၊ မက်စ်ဇော်ဇော်စသည့် စီးပွားရေးသမားများကို မွေးမြူ၍ ဝေစားမျှစား လုပ်လာကြသည်။ ဦးနေဝင်းလက်ထက်က ထိန်းချုပ်ထားခဲ့သော သဘာဝ အရင်းအမြစ်များကို ဖောဖောသီသီ ထုတ်ရောင်းခြင်းဖြင့် ခေတ်ပျက်သူဋ္ဌေးများ ဖြစ်လာကြပြီး ချမ်းသာမှုနှင့်အတူ အကျင့်ပျက်ခြစားမှုဆိုသည့် ရောဂါဆိုးကြီးကို တပြည်လုံးသို့ ကူးစက်သွားစေခဲ့သည်။ သဘာဝရင်းမြစ်များ ထုတ်ရောင်းလျှင် နိုင်ငံခြားငွေ သန်းချီရသည့် ငွေရပေါက်တခုကိုသာ မြင်သော စစ်ဗိုလ်ချုပ်များသည် သူထက်ငါ သစ်ကွက်များ၊ ငါးဖမ်းကွက်များ၊ ဓါတ်ငွေ့ကွက်များကို ထုတ်ရောင်းသော်လည်း လူသားရင်းမြစ် (Human Resource) ကို အရည်အသွေးကောင်းအောင် ပြုလုပ်ပေးဘို့ ပျက်ကွက်ခဲ့ကြသည်။ ပျက်ကွက်ရခြင်းမှာလည်း အရည်အသွေးမြင့် လူသားရင်းမြစ်တို့ မွေးထုတ်ရာ တက္ကသိုလ်ကျောင်းများသည် စစ်အာဏာရှင်တို့၏ အဓိက ရန်သူပညာတတ်ကျောင်းသားများကို မွေးထုတ်ရာ ဒေသဖြစ်နေခဲ့သောကြောင့် ပင်ဖြစ်သည်။ အဆင့်မြင့်တက္ကသိုလ်ကျောင်းများထက် တက္ကသိုလ်ကျောင်းသားများ မစုဝေးနိုင်စေရန် “ဘွဲ့မြန်မြန်ရ အေးတာဘဲ” ပေါ်လစီဖြင့် ကျင့်သုံးခဲ့ခြင်း ကြောင့်အရည်အသွေးနိမ့်ကျ သည့်လူသားအရင်းမြစ်များသာမွေးထုတ်နိုင်ခဲ့ပြီးအရည်အသွေးနိမ့်ဘွဲ့ရ အလုပ် လက်မဲ့များသာပေါများလာခဲ့ရသည်။ နှစ်ပေါင်းများစွာအမျှော်အမြင်နည်းနည်းဖြင့်အနာဂါတ်တိုင်းပြည်အညွန့်အ ဖူးလူသားအရင်းအမြစ်များကိုအာဏာဆုပ်ကိုင် နိုင်ရေးအတွက်စတေးရင်း ဖြုန်းတီးခဲ့ပြန်သည်။ 

တိုင်းပြည်၏ ကုန်ချောထုတ် လုပ်ငန်းများကို ပြည်သူပိုင် သိမ်းခဲ့သော စစ်ဗိုလ်ချုပ်များသည် လက်ဝါးကြီးအုပ် စီးပွားရေးစံနစ်တွင်လည်း ကုန်ချောထုတ်စက်ရုံများ တည်ဆောက်ခြင်းထက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယတို့မှ လူသုံးကုန်များကို တင်သွင်းခြင်းဖြင့်သာ တိုင်းပြည်လိုအပ်ချက်များကို ဖြည့်တင်းခဲ့သည့်အတွက် ကုန်ကြမ်းရောင်း ကုန်ချောဝယ်နိုင်ငံအဖြစ်မှ မတက်နိုင်ခဲ့ချေ။ 

အင်ဒိုနီးရှား 

ဆူဟာတိုသည် တဖက်မှ အနောက်နိုင်ငံများ ထောက်ပံ့မှုဖြင့် စီးပွားရေးလုပ်ငန်းများကို မိသားစု စီးပွားရေးအသွင်ဖြင့် လက်ဝါးကြီးအုပ်ထားပြီး တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲပေးရန် စိတ်မဝင်စားဘဲ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံကို အနောက်နိုင်ငံများက ဝိုင်းဝန်းကူညီထောက်ပံ့ကြသဖြင့် စီးပွားရေးတိုးတက်လာခဲ့သော်လည်း ဒီမိုကရေစီနိုင်ငံ ဖြစ်မလာခဲ့ဘဲ စစ်အာဏာရှင် လက်အောက်မှ ပြည်သူများ မထွက်နိုင်ဘဲ ရှိခဲ့ရသည်။ သို့ရာတွင် အာရှစီးပွားရေးကပ် ကျရောက်သည့်အခါ အင်ဒိုနီးရှား စီးပွားရေးပျက် ကပ်ဆိုက်ခဲ့ပြီး ဆူဟာတို ဆင်းပေးခဲ့ရသည်။ ဤအချက်သည် စီးပွားရေး ပူးပေါင်း ကူညီထောက်ပံ့မှုသည် စစ်အာဏာရှင်စံနစ်ကို အားပေးခြင်းဖြစ်ပြီး စစ်အာဏာရှင်စံနစ်ကို သက်တမ်းရှည်စေကြောင်း ခိုင်မာသည့် အထောက်အထားတခုပင်ဖြစ်သည်။ စီးပွားပျက်ကပ်ကသာ စစ်အာဏာရှင်များကို တိုက်ထုတ်နိုင်ပေသည်။ မြန်မာနိုင်ငံတွင်လည်း စီးပွားရေးပိတ်ဆို့မှုသည် စစ်အာဏာရှင် စံနစ်ကို ဒီမိုကရေစီစံနစ်သို့ ပြောင်းလဲစေသည့် တွန်းအားကြီးဖြစ်သည်ကို မမေ့သင့်ပေ။ စီးပွားရေး ပိတ်ဆို့မှုကိုရုတ်သိမ်းပါ၊ စီးပွါးရေးပူးပေါင်းဆောင်ရွက်ခြင်းကသာဒီမိုကရေစီစံနစ်ကိုသွားနိုင်သည်ဟုပြောနေကြသူများ သည် စိတ်ကူးယဉ်နေသူများသာဖြစ်သည်။ 

မေလ၂၁ ရက် ၁၉၉၈ ခုနှစ် တွင်ဆူဟာတို ပြုတ်သွားပြီးနောက် အင်ဒိုနီးရှား နိုင်ငံသည် ဒီမိုကရေစီစံနစ်သို့ ပြောင်းလဲသွားခဲ့ပေသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ စီးပွားရေးပညာရှင် စရီမာလယန်နီအင်ဒြာဝတီ (Sri Mulyani Indrawati) က ဒီမိုကရေစီ အပြောင်းအလဲမှာ အသစ်တက်လာတဲ့ အာဏာပိုင်တွေဟာ အတိတ်နေ့ရက်တွေ ပြီးဆုံးသွားခဲ့ပြီးဆိုတာကို သေသေချာချာ ပြသဖို့လိုတယ်လို့ ဆိုပါသည်။ “အပြောင်းအလဲကို တရားဝင်ပြသဖို့လိုပါတယ်၊ ဥပဒေသစ်တွေကို လူသိရှင်ကြားမှာ ရှင်းအောင် လုပ်ဖို့ လိုပါတယ်၊ အသွင်ကူးပြောင်းရေးအတွက် အဟန့်အတားဖြစ်စေမယ့် အသေးအမွှားလေးတွေကအစ ဂရုစိုက်ရပါမယ်၊ အဂတိလိုက်စားမှုဟာ ဖွံ့ဖြိုးရေးရဲ့ ဆူးငြောင့်ခလုတ်ဖြစ်တဲ့အတွက် အစိုးရသစ်ဟာ ဒီကိစ္စကို နှိမ်နင်းဖို့ လုပ်ထုံးလုပ်နည်းတွေ၊ အဖွဲ့အစည်းတွေကို အမြန်ဖွဲ့စည်းတည်ဆောက်ဖို့ လိုပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုဟာ အများကြိုက်အင်အားကြီးမားတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါတွေလုပ်လို့ အခက်အခဲကြုံလည်း ခေါင်းဆောင်အသစ်တွေအနေနဲ့ လက်လျော့လိုက်စရာ အကြောင်းမရှိပါဘူး၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ဒေသအဖွဲ့အစည်းတွေ၊ ဆင်းရဲသားတွေနဲ့ မျက်နှာမွဲတွေရဲ့ ကိုယ်စားလှယ်တွေ၊ အမျိုးသမီးကိုယ်စားလှယ်တွေကို ဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်းမှာ ပါဝင်ခွင့်ပေးသင့်ပါတယ်။” 

“အင်ဒိုနီးရှားမှာ မီဒီယာလွတ်လပ်ခွင့်ကအစ၊ တရားမျှတတဲ့ရွေးကောက်ပွဲနှင့် အဂတိလိုက်စားမှုဆိုင်ရာ ဥပေဒအလယ်၊ ဗဟိုချုပ်ကိုင်မှု လျော့ချရေး၊ စီးပွားရေးအရ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်နဲ့ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေအဆုံး၊ ဥပဒေပေါင်းတရာလောက်ကို တနှစ်ခွဲကာလအတွင်းမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ နိုင်ငံ့ဗဟိုဘဏ်ရဲ့ လွတ်လပ်ခွင့်ကို အာမခံနိုင်မယ့် ပြည်သူ့ဘဏ္ဍာရေး ဥပဒေသစ်ကို အတည်ပြုခဲ့ပါတယ်။” ဆိုခဲ့ပြီး စံနစ်ဟောင်းရဲ့ လက်ကျန်လုံခြုံရေးတပ်ဖွဲ့၊ မလွတ်လပ်တဲ့ တရားစီရင်ရေးတွေကလည်း ရှိနေတတ်တယ်လို့သတိပေးခဲ့ ပြောခဲ့ပါတယ်။ 

အင်ဒိုနီးရှားမှာ အကျင့်ပျက်ချစားမှုတိုက်ဖျက်ပစ်ဘို့အတွက် ရှိနေတဲ့ တရားသူကြီးဟာ နံမည်ပျက်ပေါင်းများနေ လို့ လွတ်လပ်တဲ့တရားသူကြီးတယောက်ကို ခန့်အပ်ပေးခဲ့ရကြောင်း၊ နောက် ဆင်းရဲသားတွေကို ဦးစားပေးတဲ့ လုပ်ငန်း (Pro-poor agenda) အစီအစဉ်တွေကို အကောင်အထည်ဖေါ်တဲ့နေရာမှာလဲ လူထုကိုပဲ ကိုယ်ထူကိုယ်ထ လုပ်ခိုင်းခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ထို့အပြင် စီးပွားရေးလုပ်ငန်းတွေ ဖန်တီးမဲ့အဓိက အင်အားစုဖြစ်တဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် စွန့်စားတီထွင်သူတွေအကြိုက် စီးပွားရေး ရေခံမြေခံကောင်းတွေ ဖန်တီးပေးဘို့လိုပါတယ်။ (မှတ်ချက်။ စီးပွားရေးရေခံမြေခံကောင်းတွေ ဖန်တီးပေးဘို့ဆိုတဲ့နေရာမှာမြန်မာပြည်အတွက် ရန်ကုန်နဲ့မြို့ကြီး တွေ၊စက်မှုဇုံတွေမှာလျှပ်စစ်ဓါတ်အားအပြည့်အဝရဘို့လိုပါတယ်) သူက “ တာဝန်ခံမှုမရှိ၊ လူမှုအသိုက်အဝန်းတခု လုံးမပါဝင်တဲ့ စီးပွားရေး အောင်မြင်မှုဆိုတာ ရေရှည်မခံပါဘူး” ဟု ဆိုခဲ့ပါသည်။ အစိုးရသစ်အနေနဲ့ အခွင့်အလမ်းနည်းပါးသူ တွေကို ကာကွယ်ဘို့ ခက်ခဲတဲ့ ရွေးချယ်မှုတွေ လုပ်ရတာမျိုးလည်း ရှိတတ်ပါတယ်။ နောက်ဆုံးအနေနဲ့ သူမလက်အောက်တွင် ဝန်ထမ်း ၆ သောင်း ၄ ထောင်ထဲတွင် အခွန်စံနစ်ကို ခေတ်မီအောင်လုပ်မယ့် အချိန်တွင် တနိုင်ငံလုံးတွင် အမှန်တကယ် အရည်အချင်းရှိတဲ့ ကျွမ်းကျင်သူ ရှာလို့မရအောင် ဖြစ်ခဲ့ရပါသည်ဟု ဆိုခြင်းသည် အာဏာရှင်ဆူဟာတိုလက်ထက် စီးပွားရေးတိုးတက်လာခဲ့သော်လည်း အရည်အချင်းပြည့်ဝသည့် ပညာရှင်များ ပေါ်ထွန်းအောင် ပညာရေးစံနစ်မရှိခဲ့ခြင်းကို သက်သေပြခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ဘွဲ့ရလူငယ်များစွာ ရှိသည်။ သို့ရာတွင် ထိုဘွဲ့ရလူငယ်များသည် ခေတ်မီနိုင်ငံများတွင် သင်ကြားနေသည့် ခေတ်နှင့်အညီ ပညာရေးစံနစ်ထက် ရှေးရိုးစံနစ်ဟောင်းအပြင် အာဏာရှင်များ အကျိုးတွက် ပြဋ္ဌာန်းထားသည့် ပညာရေးစံနစ်တွင် မွေးဖွားလာခဲ့ကြရသဖြင့် တိုင်းပြည်တိုးတက်ရန် လုပ်ဆောင်နိုင်မည့် အရည်အချင်းရှိသူ ရှားပါးပေလိမ့်မည်။ သူမက အင်ဒိုနီးရှားနိုင်ငံသည် ပြည်ပမှ အကူအညီများလိုအပ်သော်လည်း ကိုယ့်နိုင်ငံရဲ့ အရေးဖြစ်တဲ့အတွက် ဘယ်တော့ လက်မြှောက်အရှုံးမပေးခဲ့ကြောင်း ကိုယ့်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို ကိုယ့်ဘာသာ တာဝန်ယူ မလုပ်ခဲ့ရင် အင်ဒိုနီးရှားဟာ ခပ်လွယ်လွယ်ဘဲ ကျဆုံးသွားလောက်ပါပြီ။ ဒီသင်ခန်းစာဟာ အသွင်ကူးပြောင်းတဲ့ နိုင်ငံတိုင်းအတွက် ခေါင်းထဲမှာ ထည့်ထားသင့်တဲ့ ကိစ္စတခုပါပဲဟု ဆိုခဲ့ပါသည်။ 

အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးဟောင်း စရိမာလယန်နီ၏ လက်တွေ့ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံအရ ပြောကြားချက်မှာ အလွန်အတုယူစရာကောင်းသည်။ ယနေ့ ဒီမိုကရေစီစံနစ်ကို ပြောင်းနေပါပြီဟု ပြောနေသော ဦးသိန်းစိန်အစိုးရအနေနှင့် ဆူဟာတို၏ စီးပွားရေးကို လက်ဝါးကြီးအုပ်စံနစ်နှင့် ဖွင့်ထားပြီး တဖက်မှလည်း အာဏာကို ကြိုးကိုင်ရယူထားသည့် လမ်းကြောင်းမှ သွေဖီ၍ ဆူဟာတိုလွန်ကာလ အင်ဒိုနီးရှား ဒီမိုကရေစီအစိုးရသစ်လမ်းကြောင်းသို့ သတ္တိရှိရှိ လိုက်ရဲဘို့လိုသည်။ စစ်အာဏာရှင်စံနစ် အုပ်ချုပ်မှုသည် အမှန်တကယ် အတိတ်တွင် ကျစ်ရစ်ခဲ့ပြီဆိုသည်ကို သက်သေပြနိုင်ဘို့လိုသည်။ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက သူသည် ဒီမိုကရေစီဘက်တော်သားဖြစ်သည်ဟု ပြောဆိုသွားသည်ကို ကြိုဆိုပါသည်။ ဒီမိုကရေစီဘက်တော်သားဖြစ်ကြောင်း အပြောနှင့်မဟုတ် အလုပ်နှင့် သက်သေပြစေလိုပါသည်။ 

(၁)အပြောင်းအလဲကို တရားဝင်ပြသဘို့နှင့် ယခင်စစ်အာဏာရှင်စံနစ်နှင့် ကွဲပြားခြားနားကြောင်းကို ပြသသည့် အနေနှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးခြင်းပြုဘို့လိုသည်။ 

(၂) တရားဥပဒေစိုးမိုးရေးနှင့် လာဒ်စားမှု တိုက်ဖျက်ရေးအတွက် သီးခြားလွတ်လပ်သည့် တရားသူကြီးတဦးကို ခန့်အပ်ပေးဘို့လိုသည်။ တရားသူကြီးသည် ပြည်သူလူထု သဘောထားပေးသည့် ဘက်လိုက်မှုကင်းသော ယခင်အစိုးရနှင့် ကင်းရှင်းသော တရားသူကြီးဖြစ်ဘို့လိုပါသည်။ တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း အစိုးရသြဇာအာဏာမှ လုံးဝလွတ်ကင်းရန်လိုပေသေးသည်။ အင်ဒိုနီးရှားကဲ့သို့ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဘို့ လိုသေးသည်။ ဆင်းရဲမှု တိုက်ဖျက်ရေးဆွေးနွေးပွဲအပြင်

 (၃) လူထုလူတန်းစား အဖွဲ့အစည်းများကို အစိုးရဆုံးဖြတ် ချက်တိုင်းတွင် ပါဝင်ခွင့်ပေးခြင်းကို လုပ်ဆောင်နိုင်ဘို့ လိုသည်။ သို့မှသာ ဝန်ကြီးဦးဇော်မင်းကဲ့သို့ ယခင်အစိုးရလုပ်ရပ်များကို ကာကွယ်ရင်း ပြည်သူဘာပြောပြော နောက်မဆုတ်ဘဲ ဆက်လုပ်မည်ဆိုသည့် လူမိုက်စကားပြောခြင်းမျိုးကို ပြတ်ပြတ်သားသား ဟန့်တားနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီနည်းကျ ရွေးချယ်ပေးလိုက်သော အစိုးရ တက်လာသည်ဟုပြောပြီး ပြည်သူတွေဘာပြောပြော လက်ခံမှု ရှိရှိ၊ မရှိရှိ ငါ့တော့ ငါလုပ်ချင်သည်ကို ဆက်လုပ်မည်ဟု ပြောခြင်းသည် ဒီမိုကရေစီအစိုးရမျိုးတွင် မရှိချေ။ ငါလုပ်ချင်သည်ကို ဆက်လုပ်မည်ဟု ပြောခြင်းသည် စစ်အာဏာရှင်လက်အောက်တွင်သာ ရှိသည်။ ထို့ကြောင့် ဝန်ကြီးဇော်မင်းကို လက်ရှိအစိုးရအနေနှင့် ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြင့် ဒီမိုကရေစီစံနစ်ကို အလေးထားသော အစိုးရဖြစ်ကြောင်း သက်သေပြဘို့လိုသည်။ 

နောက်ဆုံးတင်ပြချင်သည်မှာ ဆူဟာတိုအစိုးရသည် လူထုအုံကြွမှုဖြင့် ပြုတ်ကျသွားပြီး လူထုကိုယ်စားပြု အစိုးရတက်လာခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ စစ်အာဏာရှင်များ ပြုလုပ်ပေးသည့် ရွေးကောက်ပွဲဖြင့် ၎င်းတို့၏ လူများ စစ်ယူနီဖောင်းချွတ်ကာ အရပ်သားအသွင်ကူးပြောင်းလာသဖြင့် များစွာ ကွားခြားမှုရှိသည်။ သို့ရာတွင် ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီစံနစ်ကို တကယ်ပြောင်းလဲလိုပါက ဆူဟာတိုလွန် အစိုးရလုပ်ရပ်များကို သတ္တိရှိရှိပြုလုပ်ရန် ဒီမိုကရေစီစံနစ်နှင့် ကိုက်ညီသော ပွင့်လင်းမြင်သာမှု (Transparency) ရှိဘို့၊ ဗဟိုချုပ်ကိုင်မှု လျော့ချမှု၊ စီးပွားရေးအရ လွတ်လပ်စွာပြိုင်ဆိုင်ခွင့်နဲ့ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေများကို ဆက်တိုက်ပြဋ္ဌာန်းခြင်း၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဥပေဒေပေါင်းများစွာ ပြဋ္ဌာန်းပြီး ယခင်အာဏာအလွန်အကျွံ သုံးစွဲမှုများကို ဟန့်တားပယ်ဖျက်ခြင်းတို့ကို ပြုလုပ်၍ အမှန်တကယ်ပြောင်းလဲပြီဖြစ်ကြောင်း ရိုးသားစွာ လုပ်ဆောင်နိုင်ဘို့ လိုပါသည်။ 

နိဂုံး။ အတိတ်ကတရုပ်၏နမူနာကိုယူကြပါ။ 

နိဂုံးအားဖြင့် တရုတ်အားကိုး၍ ကိုယ့်လူမျိုးများကို လစ်လျှူရှုခဲ့သော နဝတ/နအဖ အစိုးရ၏ လုပ်ရပ်များသည် တချိန်က တရုတ်တို့၏ အတွေးအခေါ်တိမ်ခဲ့သဖြင့် တရုတ်ပြည်ကို ဂျပန်ကဲ့သို့ ကျွန်းနိုင်ငံငယ်လေးကပင် ဝင်ရောက်သိမ်းပိုက်ခြင်းခံခဲ့ရသည်ကို နာမူနာယူရန် အောက်ပါသမိုင်းဖြစ်ရပ်မှန် ကောက်နှုတ်ချက်ကို ရေးသား၍ ကိုယ့်တိုင်းပြည်ကို ချစ်ကြပါ၊ ကိုယ်ပြည်သူကို တန်ဘိုးထားလေးစားပါ၊ ကိုယ့်သဘာဝရင်းမြစ်များကို ထိမ်းသိမ်းပါဟု တင်ပြလိုက်ပါသည်။ 

မိမိကိုယ်ကို အင်အားရှိအောင်ပြုလုပ်ခြင်း( Self Strengthening by Li Hung Chang) 

လီဟန်းချင် ၁၈၂၃-၁၉၀၈ (Li Hung- Chang [1823- 1908]) သည် ကိုယ့်အင်အားကိုယ် တည်ဆောက်ဖို့လိုကြောင်း ကို ထပ်ခါတလဲလဲ ပြောကြားခဲ့သည့် တရုတ်ဗိသုကာကြီးဖြစ်သည်။ သူက “ယခုလက်ရှိ အခြေအနေအရ လူအရိုင်းအစိုးများဟု ပြောနေသူများကို ကျွန်ုပ်တို့က သူတို့နဲ့ သင့်တင့်လျောက်ပတ်အောင် နေနိုင်ဘို့ လိုအပ်နေပြီဆိုတာကို ပြခဲ့တယ်” ဟု တရုတ်နိုင်ငံခြားတိုင်းပြည်များနှင့် စစ်ဖြစ်ရာတွင် ရှုံးနိမ့်ခဲ့ရသည့် ၁၈၄၀- ၄၂ ၊ ၁၈၆၀ နှင့် ၁၈၈၅ ခုနှစ်တို့ကို ရည်ညွန်းပြောကြားခဲ့သည်။ “ပြည်တွင်းအခြေအနေကို သုံးသပ်ရမယ်ဆိုရင် ငါတို့ဌာနဆိုင်ရာတွေအားလုံးကို ပြုပြင်ပြောင်းလဲဘို့ လိုပြီ၊ အကယ်၍ ငါတို့ဟာ ရှေးရိုးဝါဒီများအဖြစ်သာ ခေါင်းမာနေခဲ့ပြီး ပြောင်းလဲဘို့ကို ငြင်းဆန်ခဲ့ရင် ငါတို့နိုင်ငံတော်ရဲ့ စိတ်ဓာတ်ဟာ တနေ့ထက်တနေ့ နိမ့်ကျသွားမှာဘဲဖြစ်တယ်” နိုင်ငံခြားတိုင်းပြည်တွေဟာ ပြုပြင်ပြောင်းလဲမှုတွေ တခုပြီးတခုပြုရင်း လျှင်လျှင်မြန်မြန် တိုးတက်လာခဲ့ပြီးဖြစ်တယ်။ ဒလဟော စီးဆင်းလာတဲ့ အထက်မြစ်ညှာက ရေးစီးကြောင်းလို ပြောင်းလဲတိုးတက်နေခဲ့တယ်။ တရုတ်ကတော့ မိမိတို့ရဲ့ ရှေးရိုးဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆုပ်ကိုင်ထားဆဲဖြစ်တယ်။ ဒီလို ဆုပ်ကိုင်ထားလို့ တိုင်းပြည်ပျက်စီးမှာကို ရှေးရိုးသမားတွေကတော့ စိုးရိမ် ကြောင့်ကျမှုမရှိခဲ့ပါဘူး။ အို ကောင်းကင်ဘုံနဲ့ လူသား “ကျွန်တော်တို့ ဒါကိုဘယ်လိုနားလည်အောင် ပြောကြား ရပါ့မလဲ” အနောက်နိုင်ငံသားတွေကဘယ်လိုသေနတ်ကောင်းတွေလုပ်ရမယ်၊ ဘယ်လို အမြှာက်တွေလုပ်ရမယ် ဘယ်လိုရေနွေးငွေ့မောင်းသင်္ဘောကြီးတွေ တည်ဆောက် ရမည်၊ ဒါမှသာ ငါတို့တရုတ်တွေကို လွှမ်းမိုးလို့ ရမယ်ဆိုပြီး လုပ်နေတဲ့အချိန်မှာ ငါတို့တရုတ်တွေက “ဒီအရိုင်းအစိုင်းတွေကို မောင်းထုတ်ကြ၊ သူတို့ကို မဆက်ဆံနဲ့ ငါတို့ပိုင်နက်က နှင်ထုတ်ကြ” လို့ အော်နေတာဟာ တကယ်တော့ အဓိပ္ပါယ်မဲ့ ပြောခြင်းနဲ့ စိတ်ကူးယဉ်ဆန်လှပါတယ်။ ငါတို့ လက်နက်နဲ့ နည်းပညာမရှိဘဲ ဘယ်လို ငြိမ်းချမ်းစွာနေနိုင်မှာလဲ။ ကိုယ်အင်အား ကိုယ်တည်ဆောက်ခြင်း ဆိုတဲ့ နည်းမှာ သူတို့ဘာတွေ လုပ်နေတယ်၊ တီထွင်နေတယ် ဆိုတာတွေကို လေ့လာသင်ကြားခြင်းနဲ့ သူတို့ဘာတွေကို မှီခိုအားယူထားတယ်ဆိုတွေကို ယူတတ်ဘို့ဘဲ” ဟု ဆိုခဲ့သည်။ 

တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှု လုပ်ရမည်ဟု အယူအဆကို လက်ခံသူများ ရှိသော်လည်း အများစုမှာ အနောက်ဆန့်ကျင်ရေး ရှေးရိုးသမား (Conservative) များဖြစ်ကြသည်။ တရုတ်နိုင်ငံမှ ပညာတော်သင်တက္ကသိုလ် ကျောင်းသား ၁၂၀ ကို ဟာ့ဖို့ဒ် (Hartford) မြို့ ကော့နတီးကတ် (Connecticut) ပြည်နယ်သို့ ၁၈၇၂ ခုနှစ်က ပို့လိုက်သော်လည်း ၎င်းတို့အားလုံးကို ၁၈၈၁ ခုနှစ်တွင် ပြည်လည်ခေါ်ယူခဲ့သည်။ ပြန်ရောက်လာသော ကျောင်းသားများကို အနောက်နိုင်ငံနှင့် အဆက်အသွယ်ရှိသူများ၊ ပြုပြင်ပြောင်း လဲရေးအတွက် အကြံဉာဏ်ပေးခြင်းများကိုလည်းသံသယဖြင့် အနောက်၏ ဖောက်ပြန်သော အတွေးအခေါ်ဝင် နေသူ များအဖြစ်မြင်ပြီး တချို့ မီဂျီဂျပန်ခေတ် ပြုပြင်ပြောင်းလဲမှုအတိုင်း အလျင်အမြန်ပြောင်းလဲဘို့ တိုက်တွန်း သူများကို အတင်းအကြပ်ရာထူးမှ အနားယူစေခြင်းဖြင့် ပိတ်ပင်ခဲ့သည်။ 

ဂျပန်ရေတပ်က ၁၈၉၄ ခုနှစ်တွင် တရုတ်ပြည်ရေတပ်ကြီးကို တိုက်ခိုက်အနိုင်ယူခဲ့ပြီး ငြိမ်းချမ်းရေးလက်မှတ် ထိုးပွဲ ဖြစ်သော ရှင်မင်နိစကီ (Treaty of Shiminoseki) စာချုပ်ကို ၁၈၉၅ ခုနှစ်တွင် တရုတ်ဘက်မှ သံအဖွဲ့ခေါင်းဆောင် (Li Hung Chang) လီဟောင်းချန်က သူနှင့် ရန်ဘက်ဂျပန်သံအဖွဲ့ခေါင်းဆောင် (Ito Hirobumi) အီတိုဟီရိုဘူမီကို “တရုတ်နဲ့ ဂျပန်ဟာ အိမ်နီးခြင်းတွေဖြစ်တယ်၊ ဒါ့အပြင် စာအရေးအသား စံနစ်ကလဲ အတူတူဘဲဖြစ်တယ်၊ ဘာကြောင့် ငါတို့ ရန်သူတွေ ဖြစ်ကြရတာလဲ” “ငါတို့ကြားမှာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို လိုလားတယ်၊ ဒါမှသာ ငါတို့ အာရှတိုက် လူဝါမျိုးတွေဟာ အနောက်ဥပရောပက လူဖြူတွေရဲ့ လွှမ်းမိုးမှုကို တွန်းလှန်နိုင်မှာဖြစ်တယ်” လို့ ပြောတဲ့အခါ အီတိုဟီရီုဘူမီက “လွန်ခဲ့တဲ့ ၁၀ နှစ်က ငါမင်းကို ပြုပြင်ပြောင်းလဲပါလို့ ပြောခဲ့တယ်မဟုတ်လား၊ ဘာကြောင့် အကြောင်းအချက်တခုမှ မပြောင်းလဲဘဲ အခုထိ ရှိနေခဲ့တာလဲ၊ ဘာကြောင့် မပြောင်းလဲခဲ့တာလဲ” ဟု ပြန်မေးတဲ့အခါ လီက “ငါ့နိုင်ငံမှာရှိတဲ့ ကိစ္စတွေက ရှေးရိုးဓလေ့ထုံးစံတွေကို ဦးစားပေး ဖက်တွယ်ထားလွန်းလို့ ငါလုပ်ချင်သလို မလုပ်နိုင်ခဲ့ပါဘူး၊ ငါဒီအတွက် အရှက်ရပါတယ်၊ ငါ့မှာ ဒီလိုပြုပြင်နိုင်ဘို့ သြဇာအာဏာမရှိလို့ပါဘဲ” ဟု ဝန်ခံခဲ့သည်။ 

နိဂုံးအားဖြင့် တရုတ်ပြုပြင်ရေးသမား(Liang Ch’i-ch’ao) လင်ချီချို (၁၈၇၃-၁၉၂၉) ၏ ပြောစကားကို တင်ပြလိုပါသည်။ လင်ချီချိုမှာ ကင်ယူဝေ (K’ang Yu-Wei) ၏ လုပ်ဘော်ကိုင်ဘက်တဦးဖြစ်ပြီး တရုတ်ပြည်ကြီး ဂျပန်ကို ၁၈၉၆ ခုနှစ်တွင် ရှုံးနိမ့်ခဲ့ရသည့်အတွက် ထိုစဉ်က တရုတ်ပြည်ကြီး၏ အခြေအနေကို အောက်ပါအတိုင်း တင်စား၍ ရေးသားဖေါ်ပြခဲ့ပေသည်။ 

ပြုပြင်ပြောင်းလဲရေး (Reform by Liang Ch’i-ch’ao) 

ပြုပြင်ပြောင်းလဲရေး မလိုလားအပ်ဘူးလို့ ပြောနေတဲ့သူတွေက “ရှေးထုံးစံအတိုင်းလုပ်ကြ၊ ရှေးလူကြီးတွေကို လိုက်နာကြလို့ဆိုတယ်” အရာရာဟာ ထုံးတမ်းဓလေ့တွေအောက်မှာ အလဟဿဖြစ်နေတာကို သူတို့ရဲ့ နှလုံးသားထဲမှာ ဘာမှ မဖြစ်သလို အေးစက်စက်ထိုင်ပြီး ကြည့်နေကြတယ်။ ဥပမာ- အလွန်ကြီးမားတဲ့ နှစ်ပေါင်းတထောင်ကျော်လောက်က ခန်းနားတဲ့ ရဲတိုက်ကြီးရှိတယ်၊ ဒီရဲတိုက်ကြီးရဲ့ ကျောက်ပြားတွေ၊ အုတ်တွေဟာ ဆွေးမြေ့နေပြီ၊ ထုတ်တွေ၊ ဒိုင်းတွေ၊ ယက်မတွေဟာလဲ ဆွေးမြေ့တိုက်စားနေပြီ၊ ဒါပေမဲ့ ဒီရဲတိုက်ကြီးဟာ ကြီးမားခန့်ငြား အံ့သြစရာကောင်းနေတုံးပါဘဲ။ ဒါပေမယ့် လေနဲ့မိုးနဲ့ ကျလာတဲ့အခါ ဒီအဆောက်အဦကြီးဟာ ပြိုကျသွားမှာဖြစ်တယ်။ ဒါပေမယ့် ဒီရဲတိုက်ကြီးထဲမှာ နေတဲ့လူတွေဟာ ပျော်ရွှင်စွာ ကစားနေကြသူ ကစား၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်သူကအိပ်နေကြတယ်။ တချို့ဒီအကြောင်းကို သိသူတွေကတော့ ခါးသည်းစွာ ငိုကြွေးဘို့ဘဲသိကြတယ်။ သူတို့ရဲ့ လက်တွေကို ပိုက်ပြီး သေရမယ့်အချိန်ကို ဘယ်လိုကုစားရမယ်ဆိုတာကို မတွေးဘဲ စောင့်နေကြတယ်။ အနည်းငယ်နားလည်တဲ့ သူတွေတချို့ကတော့ အက်ကြောင်းတွေကို ဖါထေး၊ ရေယိုပေါက်တွေကို ပိတ်၊ နံရံတွေကို ပြန်လည်မွန်းမံပြီး ဒီနေရာမှာ ငြိမ်းချမ်းစွာနေနိုင်ရေးကို တတင်္ဂမှာဘဲဖြစ်ဖြစ် နေနိုင်အောင်လုပ်နေကြတယ်။ ကောင်းမွန်တဲ့အကြောင်းအရာ တစုံတခုများ ဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ သူတို့ဟာလဲ စံနစ်ဟောင်းကို မှီတွယ် နေသူများသာဖြစ်တယ်။ ဒီလိုအတွေးအခေါ်ရှိလူစား သုံးမျိုးသုံးစားလုံးဟာ ဒီရဲတိုက်ကြီးထဲမှာ နေနေကြတယ်။ ဒါပေမယ့် ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်လာတဲ့ တနေ့မှာတော့ သူတို့အားလုံးဟာ အတူတကွ သေးဆုံးသွားကြတော့မှာ ဖြစ်တယ်” နိုင်ငံတနိုင်ငံဟာလဲ ဒီအတိုင်းဘဲ” လို့ လင်ချီချိုက ရင်နာစွာ ရေးသားခဲ့ပါသည်။ 

တရုတ်နိုင်ငံဟာ ခေတ်နောက်ကျနေတဲ့အတွက် သူ့ထက်အဆများစွာ သေးငယ်တဲ့ ဂျပန်ကျွန်းနိုင်ငံလေးရဲ့ ကျွန်ဖြစ်ခဲ့ရတာ သမိုင်းသင်္ခန်းစာများ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ခေတ်နောက်ပြန်ဆွဲပြီး အောက်တန်းနောက်တန်းကျနေတဲ့ နိုင်ငံကို တရုတ်လို နိုင်ငံကြီးက ချမ်းသာပေးပါ့မလား? တရုတ်စစ်တပ်လွှတ် တိုက်ရန်ယနေ့ခေတ်တွင် ဖြစ်နိုင်ချေနည်းပါးသော်လည်း(မဖြစ်နိုင်ဟုတော့ဒက်ထိပြောမရ) တဖြေးဖြေး လူမျိုးအရ ဝါးမြိုခြင်းနှင့် စီးပွားရေးအရ ကျွန်ပြုခြင်းကို မလွဲမသွေ လုပ်မည်ဖြစ်သည်။ လုပ်လည်း လုပ်နေခဲ့သည်။ 

ထိုအခြေအနေမှ လွတ်မြောက်ရန် ဦးသိန်းစိန်အစိုးရအနေနှင့် အတိုက်အခံများအပေါ် သဘောထားကြီးကြီးထားပြီး ရိုးသားစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒီမိုကရေစီအနှစ်သာရများကို အလေးထားသောအားဖြင့် အုပ်ချုပ်ရေးဌာနများတွင် ဒီမိုကရေစီစံနစ်နှင့် ကိုက်ညီသော ဥပဒေများကို ပြဋ္ဌာန်းခြင်း၊ အတိုက်အခံနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေး၍ ၎င်းတို့၏ အမြင်များကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးမှုပေးခြင်း၊ သတင်းမီဒီယာများကို လွတ်လပ်စွာ ရေးသားထုတ်ဝေ ဖြန့်ချီခွင့်ပေးခြင်းတို့ကို ရဲဝံ့စွာပြုလုပ်ခြင်းဖြင့် အတိုက်အခံဟူသည် မိမိ၏ လုပ်ဘော်ကိုင်ဘက်အမြင် မတူညီသော်လည်း ၎င်းတို့ရှုဒေါင့်မှ တိုင်းပြည်ချစ်စိတ်ဖြင့် မိမိတို့အမြင်ကို တင်ပြသော လုပ်ဖော်ကိုင်ဖက်များသာဖြစ်ကြောင်း နှလုံးသွင်းပြီး ချီတက်လက်တွဲကြမည်ဆိုလျှင် မြန်မာနိုင်ငံကြီးတရုတ်ကျွန် ဘဝမှလည်းကောင်း၊ အခြားလူမျိုးခြားတို့၏ စီးပွားရေးကျွန်ဘဝမှလည်းကောင်း အချိန်တိုတိုဖြင့် ရုန်းထွက်နိုင်ကြမည်ဖြစ်ပါသည်။ 

လေးစားစွာဖြင့် 

ထွန်းအောင်ကျော် 

မှီးငြမ်းစာများ- 

(၁) DVB မှ ထုတ်ဝေသည့် Indonesia’s Lessons for the Asia ဘာသာပြန်ဆောင်ပါး “အတိတ်နှင့်လမ်းခွဲလိုက်ပါ” 

(၂) A history of Asia, Rhoads Murphey, University of Michigan, Harper Collins Publishers, 1992, P.311, 312, 313.




Credit : ထွန်းအောင်ကျော်

Write A Comment

Rohingya Exodus