Latest Highlight

ဇော်ဇော် သို့မဟုတ် သွေးသောက်ဘီလူး





နအဖဒေါက်တိုင်
.......................
နအဖကို အာဏာ သက်ဆိုးရှည်အောင် ထောက်ပံ့နေတဲ့ဒေါက်တိုင် ၃ မျိုး ရှိပါတယ်။
၁။ စစ်သားဦးရေ ၂ သိန်းကျော်(ခန့်မှန်း)ရှိတဲ့ စစ်တပ်ကြီး

၂။ ကြံ.ဖွင့် ၊ စွမ်းအားရှင် (သန်းဂဏန်း)

၃။ နအဖစားဖားများ ( ၄င်းတို့ အခေါ် စည်းပွားရေး လုပ်ငန်းရှင်ကြီးများ )

ပထမအဖွဲ့က လူထုဆန့်ကျင် ဆန္ဒပြပွဲတွေမှာ အသေပြစ်သတ်ခိုင်းရင် ပြစ်မဲ့ အဖွဲ့ပါ။
ဒုတိယအဖွဲ.က နအဖ အာဏာမြဲရေး အတွက် မဲလိမ် မဲခိုးပေးမဲ့အဖွဲ.
တတိယ အဖွဲ.ကတော့ နအဖ စစ်ခေါင်းဆောင် တွေ စည်းစိမ်အာဏာ မှာ ရစ်မူးနေအောင် ငွေကြေးရှာဖွေပေးနေသူများ။

ဇော်ဇော် က တတိယအဖွဲ.ထဲမှာပါတဲ့ နအဖ ဒေါက်တိုင် မြန်မာနိုင်ငံ စစ်သက်ဆိုးရှည်အောင် ထောက်ပံ့နေသူ။



အမှားတွေကြာတော့ အမှန်တွေဖြစ်


..........................................

ဇော်ဇော် ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး စည်းပွားတက်လာသူ တနည်း စစ်ဗိုလ်ချုပ်များနဲ့ အပြန်အလှန် စီးပွါးရေး အထောက်အပံ့ပေးနေသူ သူ့ရဲ့ ချမ်းသာမှုကို မီလျံ အဆင့်ထိ ခန့်မှန်းကြပါတယ်။

ဒီနေရာမှာ သူဟာ တခြား စီးပွါးရေး သမားတွေထက် ပါးနပ်တဲ့ အချက်က ပြည်သူထောက်ခံမှုရအောင် ကြိုးစားယူပါတယ်။

ပြည်သူ အသဲစွဲ ဘောလုံးလောကမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်ပါတယ်။ ဖီဖာ ဥက္ကဌကိုတောင် မြန်မာနိုင်ငံ ရောက်အောင် ခေါ်နိုင်ခဲ့တယ်။

ငွေကိုကောင်းကောင်းသုံးခဲ့တယ်။ ပြည်ပဘောလုံးသမားတွေ ဌားရမ်းပီး ဘောလုံးလောက တိုးတက်ရေးဆိုပြီး လုပ်ကိုင်ခဲ့တယ်။

သူသုံးစွဲခဲ့တဲ့ ငွေဘယ်လောက်များမလဲ ဒေါ်လာ ၂ သန်းဟု ခန့်မှန်းမည်ဆိုလျှင် သူပိုင်ငွေရဲ့ မပြောပလောက်တဲ့ ရာခိုင်နှုံးသာ ရှိပါမယ်။ဘောလုံး လောကကို အကြောင်းပြပြီး နိုင်ငံကြီး တိုးတက်နေသယောင် နအဖရဲ့ ဟန်ပြတွေကို ပူးပေါင်းဖန်တီးနေသူဖြစ်ပါတယ်။


နအဖကိုလည်းဖား ပြည်သူကိုလည်း လှည့်စားနေခြင်းမျှသာ။ ဒီလိုလုပ်လို့လည်း တဖက်လှည့် ပြန်ရခဲ့တဲ့ အကျိုးအမြတ် ပရောဂျက်က သူကုန်ကျ ငွေထက် များဖို့ပဲရှိပါတယ်။

ဒီငွေတွေ အားလုံးဟာ ပြည်သူတွေရဲ့ အသက်တွေ အသွေးတွေ ၊ သူ့ရဲ့ မတရားမှုကရတဲ့ ချမ်းသာမှုဟာ ပြည်သူ့ဘဏ္ဍာ လုယူခိုးစားနေမှုများသာလျှင်ဖြစ်ပါတယ်။ သူရဲ့ တကွက်ကောင်း အများအမြင်လှအောင် နအဖကို ဖားတဲ့ လုပ်ရပ်ဆိုတာကို လူတွေ ထည့်မတွက်မိကြဘူး။ ဒီလိုနဲ့ ပြည်သူတွေမှာ သူတို့ရဲ့ လုပ်ရပ်တွေအပေါ်မှာ ထင်ယောင်ထင်မှားနဲ့ မှန်သလိုထင်လာပြီး စစ်အစိုးရကို မသိစိတ်က အလိုလို ထောက်ခံနေအောင် ဖန်တီးထားတဲ့ လုပ်ကွက်သက်သက်ပါ။ ကျွန်တော်တို့ ဘက်က မြင်အောင်ကြည့်နိုင်ဖို့ လိုပါတယ်။ ဒီလူတွေဟာ အမျိုးမျိုး လှည့်စားပြီး အာဏာကိုဆုပ်ကိုင်ထားဖို့ ကြံစည်နေသူများသာ။

ငါမရှိလဲဖြစ်တယ်

......................

ဒီနေရာမှာ လူတွေရဲ့ အရိုးစွဲနေတဲ့ အတွေးအခေါ်ဟောင်းတခုကို ဆွေးနွေးလိုပါတယ်။ တချို.သူတွေဟာ ဒီအဖွဲ.မှာငါရှိမှ ဖြစ်မှာ။ သူရှိမှ ဖြစ်မှာ ဆိုတဲ့ အတွေးအခေါ်တွေဟာ တော်တော်ကို ဒုက္ခဖြစ်စေပါတယ်။ ခိုင်မာတဲ့ လူ့အဖွဲ.အစည်းတရပ် သို့မဟုတ် အများလက်ခံနိုင်သော စည်းစံနစ်တွေရှိနေတဲ့ လူ့အဖွဲ.အစည်းမှာ "သူ", "ငါ" ဆိုတာတွေ မလိုတော့ပါဘူး။ ဥပမာ ယနေ့ အမေရိကန်သည် အိုဘားမား ကြောင့်မဟုတ် အိုဘားမား ဆိုသူ သမ္မတ မဖြစ်လည်း အမေရိကန်ကတော့ ဆက်လက်ချီတက်နေမှာပါ။

အမေရိကန် အတွက် သူ ရှိမှ ငါ ရှိမှ ဆိုတဲ့ အတွေးအခေါ် မလိုပါဘူး။ အိုဘားမား မရှိလည်း အမေရိကန်ကို အုပ်ချုပ်နိုင်သော သမ္မတတွေ အများကြီးရှိနေပါသေးတယ်။

ကျွန်တော် ဆွေးနွေးလိုတာက ယနေ့ ဘောလုံးလောက တိုးတက်နေတာဟာ ဇော်ဇော်ကြောင့် ၊ သူဖန်တီးခဲ့လို့ ။ ကျွန်တော် လက်မခံပါ။ ဒါပေမဲ့ နိုင်ငံတော် အစိုးရတရပ်အနေနဲ့ နိုင်ငံရဲ့ ဘောလုံးလောကကို တိုးတက်စေချင်ရင် တိုးတက်ဖို့ စေတနာအမှန်ရှိရင် ဇော်ဇော်ဆိုတာမလိုတော့ပါဘူး။ သူ့နေရာမှာ အခြားသူ့လို လုပ်နိုင်သူတွေ ရှိမှာပါ။ အခြားတဖက်ကတွေးရင်လည်း စည်းပွားရေးသမားတယောက်က ဘောလုံးလောကကို ငွေစိုက်ပြီး တိုးတက်အောင် လုပ်နေတယ်။ ဘာကြောင့်ပါလည်း။ သူ့အတွက် အကျိုးအမြတ် ပြန်မရနိုင်သော နေရာ၌ ငွေကြေးအမြောက်အများ သုံးစွဲလျှက်ရှိနေတယ်။ ဘာကြောင့်လည်း။ မေးစရာတွေ ဖြစ်လာပါပြီ။

ကျွန်တော့ အမြင်ကတော့ အခြားတဖက်လှည့် နအဖကို ပရော့ဂျက်များရအောင် ဖားနေခြင်း နိုင်ငံတော်ကြီး တိုးတက်နေသယောင် နအဖ လှည့်ကွက်အား အားဖြည့်နေခြင်းသက်သက်သာ ဖြစ်ပါတယ်။ နအဖ အလိုတော်ရိ စားဖား တယောက်အတွက် "စေတနာနဲ့ လုပ်နေတာပါ" ဆိုတဲ့ စကားလုံးဟာ ထိုက်တန်ပါရဲ့လား။ နအဖနဲ့ စားဖားတွေဟာ ပြည်သူတွေရဲ့ အသွေးအသားကို စားသောက်နေကြသော ဘီလူးများသာ။


တံလျှပ်ကိုရေထင်

..........................

နအဖ စစ်သက်ဆိုးကို တိုက်ထုတ်တဲ့နေရာမှာ အရေးအပါဆုံး ဒေါက်တိုင်တွေကို ဖြိုဖို့လိုပါတယ်။ ဇော်ဇော် ဟာ ဒီအထဲက တယောက်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့အချက်ပါ။ သူဟာ နအဖလို အာဏာရူးတွေကိုတောင် လက်ထဲထည့်ကစားနိုင်ရင် ကျန်ပြည်သူတွေကိုတော့ အေးအေးဆေးဆေး ပင် လှည့်စားနိုင်သူပါ။ သူ့ကိုထောက်ပံ့နေတဲ့ ဂျာနယ်တွေကရော သူ့လို နအဖစားဖားတွေ ၊ နအဖ ထုတ်ဂျာနယ်တွေပါ။

ဒီနေရာမှာ တံလျှပ်ကို ရေထင်နေအောင် သူတို့ကို သူရဲကောင်းတွေ အဖြစ်မြင်လာအောင် ဖန်တီးနေခြင်းသက်သက်မျှသာ။ အချိန်ဆွဲ သွေးအေး အောင်လုပ်တဲ့နည်းဗျူဟာ တွေသာဖြစ်ပါတယ်။ ကြာလာရင် ဒီလူတွေဟာ နအဖနဲ့ လက်ဝါးရိုက်ပြီး ဘွဲ.တံဆိပ်တွေ မျိုးစုံအောင်ယူ ၊ နိုင်ငံတော်ရဲ့ ကယ်တင်ရှင်ကြီးတွေဖြစ်ပြီး အတိုက်အခံတွေကတော့ အဖျက်သမားတွေဖြစ်ကုန်တော့မှာပါ။

ယခုပင်လျှင် စောင့်ကြည့်ပါအုံး စောင့်ကြည့်တာပေါ့ ဆိုသူတွေ ဘာတွေများ ထူးထူးခြားလာတာတွေ.နေရပါသလည်း။

အားလုံးဟာ နအဖရဲ့ စုံလင်သောလှည့်ကွက်တွေကို တံလျှပ် ရေထင်သကဲ့သို့ မေ့မြောနေကြပါပြီ။ ဒီလိုနဲ့ပဲ စစ်မျိုးဆက်တခုကတော့ ဆက်လက် ရှင်သန်နေအုန်းမည်ဟု ထင်မြင်မိပါကြောင်း။

ရှက်သင့်တာကို ရှက်တတ်ကြပါစေကြောင်း နှင့်အားလုံးပဲ မှန်မှန်ကန်ကန် သုံးသပ်ရင်း မြင်အောင်ကြည့်နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။

ရဲသူရိန်မင်း

04.08.2011

GMT : 22.35
ဇော်ဇော်ဆိုတာ ဘယ်လိုလူစားမျိုးလဲ သိနိုင်ရန် ၀ီကီလိတွင် ဖေါ်ပြခဲ့သော 2009 ခုနှစ်က အကြောင်းထည့်သွင်းဖော်ပြလိုက်ပါတယ်။

အကြောင်းအရာ။ ။ မြန်မာနိုင်ငံ - (စစ်အစိုးရ) အပေါင်းပါ ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ 

(၂ဝဝ၉) ခုနှစ်၊ ဇွန်လ (၁၆) ရက်။


လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ - စီးပွားရေးအရာရှိ ဆမန်သာ အေ ကားလ်-ယိုဒါ (Samatha A. Carl-Yoder) for Reasons 1.4 (b and d)


အကျဉ်းချုပ်

-------

(၁) စစ်အစိုးရ၏ အပေါင်းအပါတဦးဖြစ်သူ ဇော်ဇော် မြန်မာနိုင်ငံရှိ သူ၏ လုပ်ငန်းများကို တိုးချဲ့လျက်ရှိသည်။ ဇော်ဇော်သည် မက်စ် မြန်မာကုမ္ပဏီစု (Max Myanmar Group of Companies) အပြင် အဖျော်ယမကာ ပုလင်းသွပ် ကုမ္ပဏီ၊ ဘိလပ်မြေစက်ရုံ တရုံ၊ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီတခု၊ ဖားကန့်ရှိ ကျောက်စိမ်းတွင်း တတွင်း၊ မွန်ပြည်နယ် ရှိ ရာဘာခြံတခြံနှင့် ကြေးစား ဘောလုံးသင်း တသင်းတို့ကိုလည်း ပိုင်ထားသည်။ ရန်ကုန်ရှိ သံရုံးက နိုင်ငံခြားအရင်းအနှီး များထိန်းချုပ်ရေးရုံး (OFAC) ၏ ဒဏ်ခတ်မည့် စာရင်းတွင် ဇော်ဇော်၏ နောက်တိုး ကုမ္ပဏီများနှင့် ထိုကုမ္ပဏီများ၏ ထိပ်တန်းမန်နေဂျာများ (စာပိုဒ် ၅ တွင် ဖေါ်ပြထားသည်) ကို ထည့်သွင်းရန် အကြံပြုထားသည်။ (အကျဉ်းချုပ် ပြီးဆုံး)

နောက်တိုး စီးပွားရေးလုပ်ငန်းများ 

--------------

(၂) ဇော်ဇော်သည် မြန်မာနိုင်ငံစစ်အစိုးရ၏ နောက်တက်လာသော အပေါင်းပါများအနက် တဦးဖြစ်ပြီး သူ၏ စီးပွားရေး လုပ်ငန်းများကို ဆက်လက်တိုးချဲ့လျက်ရှိသည်။ သူ၏ ဆောက်လုပ်ရေှးနှင့် ခရီးသွားလာရေး လုပ်ငန်းကို ကြီးကြပ်သော မက်စ် မြန်မာကုမ္ပဏီစုကို ဘဏ္ဍာရေးဌာန၏ ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းပြီးဖြစ်သည် (ရည်ညွှန်းချက် -က)။ ဇော်ဇော်သည် ပြည်တွင်းသုံးအတွက် မက်စ်ကိုလာ အပါအဝင် အဖျော်ယမကာများ ထုတ်လုပ်သော ပင်းယ ထုတ်လုပ် ရေးကုမ္ပဏီ လီမိတက်ကိုလည်း ပိုင်ဆိုင်ကြောင်း ကျွန်ုပ်တို့ အတည်ပြုပြီးဖြစ်သည်။ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ သည် ကျပ်ငွေ(၁၂. ၅) သန်း (၁၉၉၈ က အမေရိကန်ဒေါ်လာ ၄၁, ဝဝဝ ဒေါ်လာ) ရင်းနှီး မြှုပ်နှံမှုဖြင့် စတင်ခဲ့ပြီး ယခုအခါ အလုပ်သမား (၇ဝ) ကျော်ကို ခန့်ထားသည်။ ပင်းယ ထုတ်လုပ် ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း၌ ဖြန့်ချိရေးဌာနခွဲပေါင်း (၁၃) ခုရှိသည်။

ဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီ၏ ကွပ်ကဲမှုအောက်မှာ သူ၏စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နေကြောင်း၊ ၎င်း တိုးချဲ့လုပ်ငန်းများတွင် အာရှလေဆိပ် စီမံကိန်းအတွက် စတီဗင်လောထံ ဘိလပ်မြေသွင်းရန်ဟု ကြားသိရသော နေပြည်တော်ရှိ ဘိလပ်မြေစက်ရုံ (ရည်ညွှန်းချက် -ခ)၊ နေပြည်တော်ရှိ ကွန်ကရစ်အုတ် စက်ရုံ၊ ဖားကန့်ရှိ ကျောက်စိမ်း တွင်းနှင့် မွန်ပြည်နယ်ရှိ ရာဘာခြံတို့ ပါဝင်ကြောင်း သံရုံး၏ စီးပွားရေး အဆက်အသွယ် (----) က အတည်ပြုပေးခဲ့သည်။ စီးပွားရေးအဆက်အသွယ် (---) ၏ သတင်းပေးချက်အရ ဇော်ဇော်သည် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လုံးခင်း ကျောက်စိမ်းတွင်းကို လုပ်ကိုင်နေကြောင်း၊ မကြာသေးမီကပင် ကျောက်စိမ်းလုပ်ငန်း အတွက် ဖားကန့်မှာ နောက်ထပ်မြေ ဧက (၅ဝ) ကို ရထားကြောင်း သိရသည်။ ဇော်ဇော်သည် ၂ဝဝ၉ မတ်လက အစိုးရ၏ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ လေလံတင်ရောင်းချပွဲမှာ ကျောက်စိမ်းအမြောက်အများ ရောင်းချခဲ့ကြောင်း သိရသည် (သတင်းပေးသူ အမည်ကို ဖြုတ်ထားသည်)။ 

(၄ ) ဇော်ဇော်သည် ယခုလောလောဆယ်၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဝင် ကြေးစားဘောလုံးအသင်း တသင်းဖြစ်သော ဒယ်လ်တာယူနိုက်တက် အသင်း၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏မြေးကို အသင်းမှာကစားရန် ငှားထားသည်ဟု အဆက်အသွယ်များက အတည်ပြုသည် (ရည်ညွှန်း ချက် -ဃ)။ ဇော်ဇော်သည် ဒယ်လ်တာ ယူနိုက်တက်အသင်း၏ ဌာနေဖြစ်လာမည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဘောလုံးကွင်း အားကစားရုံ အသစ်တရုံ တည်ဆောက်ရန်လည်း စီမံကိန်း စတင်ရေးဆွဲလျက်ရှိကြောင်း၊ အမေရိကန် ဒေါ်လာ (၁) ဘီလျံကျော်ကျော် ကုန်ကျမည်ဖြစ်ကြောင်းနှင့် ၂ဝ၁၁ တွင်အပြီး တည်ဆောက်လိမ့်မည်ဖြစ်ကြောင်း (---) နှင့် (---) တို့က ခန့်မှန်းကြသည်။



(၅) အောက်ပါတို့သည် ဇော်ဇော်ပိုင် နောက်တိုး ကုမ္ပဏီများနှင့်ပတ်သက်သော သတင်းအချက်အလက်များ ဖြစ်သည်။

ရန်ကုန်

-- ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့။ အမည်ပါ ပိုင်ရှင်- ဦးဇော်ဝင်းရှိန်၊ ဧရာ ဟင်္သာ ကုမ္ပဏီ လီမိတက် ပိုင်ရှင်။

-- လုံးခင်း ကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်။

-- မက်စ်မြန်မာ ဘိလပ်မြေစက်ရုံ၊ တောင်ဖီလာ ထုံးကျောက်တွင်း အနီး၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်။

-- မက်စ်မြန်မာ ကွန်ကရစ်အုတ်စက်ရုံ၊ နေပြည်တော်။

-- မက်စ်မြန်မာ ရာဘာခြံ၊ ဘီးလင်း၊ မွန်ပြည်နယ်။

-- ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက် ဗန်းမော် အတွင်းဝန် လမ်း၊ စက်မှုဇုံ (၃)၊ လှိုင်သာယာ၊ ရန်ကုန်၊ ဖုန်း- ၉၅-၁-၆၈၁-၇၄၅။ ၉၅-၁-၆၈၅-၇၅။ ဖက်စ် - ၉၅-၁-၆၈ဝ-၆၆၉။ မန်နေဂျာချုပ် ဦး ကြည်လွင် (ခေါ်) ဦးကြံခင်း။ 

သံရုံး၏ အကြံပြုတင်ပြချက်

-----------------
(၆) ဇော်ဇော်သည် စစ်အစိုးရကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားနေပြီး အစိုးရအဆက်အသွယ်ဖြင့် သူ၏ စီးပွားရေး လုပ်ငန်းများကို တိုးချဲ့နေသော အလယ်အလတ်အဆင့် အပေါင်းပါတဦးဖြစ်သည်။ ၎င်း၏ မိသားစုနှင့်တကွ ၎င်း၏ ကုမ္ပဏီ အတော်များများသည် နိုင်ငံခြားအရင်းအနှီးများထိန်းချုပ်ရေးရုံး (OFAC) ၏ ပစ်မှတ်ထားသော ဒဏ်ခတ်စာရင်းတွင် ပါပြီး ဖြစ်သည်။ (OFAC) အနေနှင့် အထက်ဖေါ်ပြပါ ကုမ္ပဏီများနှင့် ထိပ်တန်းမန်နေ ဂျာတို့ကိုလည်း စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ အက်ဥပဒေ (JADE Act) အရ အရေးယူပေးပါရန် ရန်ကုန်သံရုံးက အကြံပြုတင်ပြသည်။

(၆) မြန်မာအစိုးရသည် ဘဏ္ဍာရေးနှစ်ကုန်ပြီးနောက်တွင် အသုံးစားရိတ် ကြီးကြီး ပြထားသော နောက်ဆက်တွဲ ဘတ်ဂျက် ကို ထုတ်ပြန်လေ့ရှိသည်။ ၎င်း၏ နှစ်စဉ် စုစုပေါင်း လိုငွေသည် ရေးဆွဲထားသော တရားဝင်ဘတ်ဂျက်ထက် များစွာပို သည်။ သာဓကအားဖြင့် (၂ဝဝ၈-ဝ၉)ဘဏ္ဍာရေးနှစ် သုံးငွေသည် ဘတ်ဂျက်ထက် ကျပ်ငွေ (၇၄၃. ၉)ဘီလျံ(လက်ရှိ ပေါက်ဈေး အမေရိကန် ဒေါ်လာ ၇၄၃ ဘီလျံ) ပိုနေပြီး စုစုပေါင်း သုံးငွေသတ်မှတ်ချက်ထက် ၁၅ ရာနှုန်းပိုသည်။

(၇) “အစိုးရ”သည် လွန်ခဲ့သောနှစ်များ၌ အပိုသုံးငွေ ခွင့်ပြုချက် အများဆုံး (အမေရိကန်ဒေါ်လာ ၂၈၂ သန်း) ရရှိခဲ့ပြီး ၎င်း ပမာဏသည် (၂ဝဝ၈-ဝ၉) ဘဏ္ဍာရေးနှစ် အပိုသုံးငွေ၏ ထက်ဝက်နီးပါးရှိသည်။ ငွေများကို နေပြည်တော်ရှိ ဆောက်လုပ် ဆဲ လုပ်ငန်းများနှင့် အစိုးရ၏ အခြားအခြေခံအဆောက်အအုံလုပ်ငန်းများအတွက် သုံးစွဲသည်ဟု ယူဆရကြောင်း စီးပွား ရေး လုပ်ငန်းရှင်တဦးကပြောပြခဲ့သည်။ အစိုးရပိုင် လုပ်ငန်းများသည် ခွင့်ပြုငွေအများဆုံးရရှိသည်။ ကျပ်ငွေ (၁၈၅) ဘီလျံ (အမေရိကန်ဒေါ်လာ ၁၈၅ သန်း)ရရှိခြင်းဖြစ်ပြီး ဘတ်ဂျက်၏ ၆၅ ရာနှုန်း တိုးသွားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ငွေ (၉) ဘီလျံ (အမေရိကန်ဒေါ်လာ ၉ သန်း) တိုး၍ ရရှိခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ်ငွေ (၅၃) ဘီလျံ (အမေရိကန် ဒေါ်လာ ၅၃ သန်း) တိုး၍ ရရှိခဲ့သည်။ ဆိုင်ကလုံး မုန်တိုင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံအစိုးရသည် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနအတွက် ကျပ်ငွေ (၇၇)ဘီလျံ (အမေရိကန်ဒေါ်လာ ၇၇ သန်း) တိုး၍ ခွင့်ပြုပေးခဲ့ပြီး လူမှုဝန်ထမ်း ဝန်ကြီးဌာနကိုမူ ကျပ်ငွေ (၄၄) ဘီလျံ (အမေရိကန်ဒေါ်လာ ၄၄ သန်း) တိုးခွင့်ပြုခဲ့သည်။

အခွန်တော်ဝင်ငွေ ရရှိမှုနည်းခြင်း 

---------------------

(၈) လွန်ခဲ့သောနှစ် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ပုဒ်မ (၄) ဆွေးနွေးပွဲများ၌ အဖွဲ့ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအစိုးရ၏ အခွန် စီမံအုပ်ချုပ်မှုစနစ်ကို တိုးတက်ကောင်းမွန်အောင် ပြုပြင်သွားရန်နှင့် လိုလျှင် လိုသလို အခွန်လွတ်ငြိမ်းခွင့်ပေးနေမှုများကို ပြုပြင်သွားရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အရာရှိများ၏ ပြောပြချက်အရ မြန်မာစစ်အစိုးရသည် အဓိက အကြောင်းများဖြစ်သည့် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများနှင့် အစိုးရဝန်ထမ်းများ၏ ထိရောက်မှုမရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေးကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများအတွက် ဘတ်ဂျက် အသုံးစရိတ် ပြဿနာတို့ကို ဖြေရှင်းခြင်းဖြင့် ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန်မှာ ၎င်းတို့၏ ရည်မှန်းချက် တခုဖြစ်ကြောင်း အကြောင်း ပြန်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် မြန်မာအစိုးရသည် ၎င်း၏ အခွန်ကောက်ခံရေးစနစ်ကို ၂ဝဝ၈ အတွင်း မပြုပြင်ခဲ့ကြောင်းနှင့် သို့ဖြစ်၍ (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် အတွင်းမှာ အခွန် ဘဏ္ဍာဝင်ငွေ ၂၇ ရာနှုန်းတိုးရမည်ဟူသော အစိုးရ၏ ကြိုတင်တွက်ကိန်းမှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ကျွန်ုပ်တို့၏ စီးပွားရေး အဆက်အသွယ်များက ဆိုပါသည်။

(၉) လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အာဏာပိုင်များက ဝင်ငွေခွန်ကို ပိုမိုတိကျစွာကောက်ခံခြင်း၊ ကုန်ပစ္စည်းနှင့် မူလ ကုန်ကြမ်းအပေါ်မူတည်လျက် ရာဖြတ်နှုန်းကို ကျပ် (၄ဝဝ)၊(၁)ဒေါ်လာမှနေ၍ ကျပ်(၈ဝဝ)၊ (၁၂ဝဝ)ကျပ်အထိ တိုးမြှင့်ခြင်းအားဖြင့် အခွန်တော်ဝင်ငွေတိုးလာစေရန် ကြိုးပမ်းခဲ့သည်။ ဤသို့ ရာဖြတ်နှုန်းကို တိုးမြှင့်ခြင်းသည် အမျိုးမျိုးကွဲနေသော ငွေကြေးလဲလှယ်နှုန်းများကို ညှိယူရန် ကြိုးပမ်းသည့် သဘောဖြစ်သော်လည်း မြန်မာနိုင်ငံ၏ နဂိုမူလကတည်းက ရှုပ်ထွေးနေသော တရားမဝင် ငွေလဲစနစ်ကို ပို၍ ရှုပ်ထွေးသွားစေသည်ဟု မြန်မာအစိုးရအရာရှိများက အလွတ်သဘော ပြောပြကြသည်။

(၁ဝ) (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ပါ အချက်အလက်များအရဆိုလျှင် အစိုးရပိုင် စီးပွားရေးလုပ်ငန်း အများစု သည် အရှုံးနှင့် စခန်းသွားရမည်ဖြစ်သည်။ အမြတ်ကြီးကြီးရမည်ဟု ယူဆရသော သယံဇာတ ထုတ်ယူရေး လုပ်ငန်းများမှာ ပင်လျှင် အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၏ အသားတင် အရှုံးသည် အကြမ်းဖျင်းအားဖြင့် ကျပ်ငွေ (၄၈၄) ဘီလျံ (အမေရိကန် ဒေါ်လာ ၄၈၄ သန်း)ရှိလိမ့်မည် (သို့ရာတွင် ဤခန့်မှန်းချက်သည် အလွန်နိမ့်သော ခန့်မှန်းချက် ဖြစ်နိုင်ပါ သည်)ဟု ကြိုတွက်၍ ရသည်။ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများသည် (၂ဝဝ၈-၂ဝဝ၉) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၆ဝ၁) သန်း အရှုံးပြခဲ့ပြီး မြန်မာအစိုးရ မူလက ခန့်မှန်းထားသော အရှုံး ကျပ်ငွေ သန်း(၄၅ဝ) ထက် များစွာပိုနေပါသည်။ တရားဝင်ထုတ်ပြန်သော ဘတ်ဂျက်စာရင်း ဇယားများအရ အစိုးရပိုင် စီးပွားရေးလုပ် ငန်းများသည် (၂ဝဝ၇-၂ဝဝ၈) ဘဏ္ဍာ ရေးနှစ်တွင် ကျပ်ငွေ သန်း(၈ဝဝ)၊ (၂ဝဝ၆-၂ဝဝ၇) ဘဏ္ဍာရေးနှစ်တွင် ကျပ် ငွေ (၄၃၆) သန်းနှင့် (၂ဝဝ၅-၂ဝဝ၆) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၅၄၉)သန်း အရှုံးပေါ်ခဲ့သည်။

(၁၁) ရာထူးအဆင့်တိုင်းမှာ အကျင့်ပျက် ခြစားမှုရှိနေခြင်းသည် မြန်မာနိုင်ငံမှာ ပြဿနာတခုအဖြစ် ရှိနေပြီး အစိုးရ၏ အခွန်ငွေ ကောက်ခံနိုင်မှုစွမ်းရည်ကို ထိခိုက်နေစေရှိသည်။ ကျွန်ုပ်တို့၏ စီးပွားရေးအဆက်အသွယ်များ၏ ပြောပြ ချက်အရဆိုလျှင် အစိုးရသည် ၂ဝဝ၆ အတွင်းက မသမာသော အကောက်ခွန် အရာရှိများကို နှိမ်နင်း အရေးယူမှု များလုပ်ခဲ့သော်လည်း နယ်စပ်များ၌ လာဘ်ပေး လာဘ်ယူမှုများ ဆက်လက်၍ ရှိမြဲရှိနေသည်။ အကျင့်ပျက်ခြစားမှုသည် ပြည်တွင်းအခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီတို့ အပါအဝင် အစိုးရ၏ အခြား သော အဖွဲ့အစည်းများထဲမှာလည်း ထူပြောနေသည်။

ထင်မြင်သုံးသပ်ချက်

-------------

ထုတ်ဝေထားသော ဘတ်ဂျက် စာရွက်စာတမ်းများ၌ မြန်မာအစိုးရက ၎င်း၏ ရန်ပုံငွေများကို မည်သို့ ခွဲဝေသတ်မှတ်ပေး မည် ဟူသော ယေဘုယျ လမ်းညွှန်ချက် ပေးထားသော်လည်း (ယေဘုယျအားဖြင့် မြန်မာအစိုးရ၏ ကိန်းဂဏန်းများသည် ယုံကြည်စိတ်ချရလောက်စရာမရှိသဖြင့်) မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေကို အတိအကျ ပုံဖေါ်ကြည့်ရန် မဖြစ်နိုင် ချေ။ ဤသို့ပြဿနာ ရှိနေရသည့်အထဲ ထိပ်တန်းခေါင်းဆောင်များမှာ သုံးစွဲရေးမူ ဟူ၍ မရှိဘဲ မိမိတို့ မျက်နှာသာပေး ထားသော လုပ်ငန်းများအတွက်သာ ရန်ပုံငွေများကို သတ်မှတ်ခွဲဝေပေးကာ စီမံကိန်းလုပ်ငန်းများကို ကြီးကြပ်ခြင်း၊ အလေးထားခြင်း မရှိကြသဖြင့် ဤပြဿနာသည် ပို၍ ဆိုးသွားလေသည်။ မြန်မာအစိုးရက ဘတ်ဂျက်လိုငွေ လျှော့ချရေးကို ရည်ရွယ်ထားသည်ဟု ထုတ်ဖေါ်ကြေညာထားသော်လည်း အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၏ အရှုံးပေါ်မှုနှင့် အခွန်စနစ် ပြုပြင်ရေး မရှိမှုတို့ကြောင့် နောက်ထပ် အပုံကြီး ပို၍ တိုးလာစရာ ရှိသည်။ မြန်မာ့စီးပွားရေး၏ အနာဂတ်သည် ဆိုးရွားနေဆဲပင် ရှိသည်။

http://www.mizzimaburmese.com/special/burma-related-leaked-us-cables/6608-2010-12-17-07-46-21.html

Credit : WFW
W

Write A Comment

Rohingya Exodus