ခိုနားရာနိုင်ငံမဲ့ လူ၁၂ သန်းအတွက် ကုလသမဂ္ဂ ဘာလုပ်မလဲ
ကမ္ဘာပေါ်ရှိ အစိုးရတွေအနေနဲ့ လူမသိသူမသိ ခိုနားရာ တိုင်းပြည်မရှိ ဖြစ်နေတဲ့ လူသားတွေကို ကူညီဖို့ ပိုမို အားစိုက်ထုတ်ဖို့ လိုနေပါပြီ။ ကမ္ဘာအနှံ့မှ လူ၁၂ သန်းလောက်ဟာ သူတို့ ဘယ်နိုင်ငံသားဆိုတာ ပြောဖို့အတွက် ကိုယ်ပိုင်နိုင်ငံ မရှိကြပါဘူး။
ဒီအတွက်ကြောင့်လည်း သူတို့ဟာ အခြေခံလူအခွင့်အရေးတွေကို ငြင်းပယ်ခြင်းခံနေရပါတယ်လို့ ကုလသမဂ္ဂကြီးက ပြောကြားလိုက်ပါတယ်။ တပြိုင်နက်တည်း နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်တဲ့ သဘောတူညီချက်နှစ်ခုကို ကမ္ဘာ့နိုင်ငံများအနေနဲ့ လက်မှတ်ရေးထိုးကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။
နိုင်ငံမဲ့မိဘတွေက မွေးတဲ့ကလေးတွေဟာလည်း နိုင်ငံတစ်ခုခုရဲ့ နိုင်ငံသားဖြစ်ခွင့် မရှိတာကြောင့် အခြေအနေတွေကို ပိုမိုဆိုးဝါးလာနေပါတယ်လို့ ဆိုပါတယ် ။ ဒီပြဿနာဟာ အရှေ့တောင်အာရှ၊ အာရှအလယ်ပိုင်း၊ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့မှာ အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။
"ဒီလူတွေအတွက် အကူအညီ အများကြီး လိုအပ်နေပါတယ်။ ဒီလို ဘ၀တွေဟာ သူတို့ရဲ့စိတ်ကို အကြီးအကျယ် ထိခိုက်နာကျင်စေပါတယ်။ ဘေးဖယ်လျစ်လျူရှုခြင်းခံခဲ့ရတကလည်း သူတို့နေထိုင်တဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ဖိအားတွေ ပိုဖြစ်လာအောင် ဖန်တီးပေးနေပါတယ်။ ဒါတွေဟာ တစ်ခါတစ်ရံမှာ ပဋိပက္ခတွေကို ဦးတည်စေတယ်" လို့ UNHCR မှ Antonio Guterres ကဆိုပါတယ်။
Assistant High Commissioner for Protection မှ Erika Feller က "ဘရာဇီးကလေးပေါင်း နှစ်သိန်းလောက်ကို သူတို့ရဲ့ မိဘတွေက ပြည်ပရောက်နေခိုက် မွေးဖွားကြတာ ဖြစ်ပါတယ်။ ပြည်ပမှာမွေးတဲ့ ကလေးတွေဟာ မိဘတွေက ဘရာဇီးနိုင်ငံသားဖြစ်ပေမယ့် ဥပဒေအရ ဒီကလေးတွေဟာ ၂၀၀၇ ခုနှစ်အထိ ဘရာဇီးနိုင်ငံသား ဖြစ်ခွင့်မရကြပါဘူး"။ ဒါကြောင့် သူမအနေနဲ့ နိုင်ငံတွေကို နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး ပြောင်းလဲရာမှာ တက်တက်ကြွကြွပါဝင်လာအောင် တိုက်တွန်းဖို့ခက်ခဲကြောင်းပြောပါတယ်။
"နိုင်ငံသားဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဗဟိုချက်ပါ ။ ဒါဟာ နိုင်ငံတွေအနေနဲ့ အလွန်သတိထား ဂရုတစိုက်ကိုင်တွယ်ရမယ့်အရာပါ။ ဘယ်သူဟာ သူတို့နိုင်ငံသားဖြစ်တယ်။ ဘယ်သူတွေကို သူတို့ရဲ့ ပိုင်နက်မှာ နေခွင့်ပေးမယ်ဆိုတာကို နိုင်ငံတွေက ဆုံးဖြတ်ဖို့ အခွင့်အရေးရှိပါတယ်" လို့ သူမက ဆိုပါတယ်။
ဘယ်နိုင်ငံသားရယ်ဆိုတာ မရှိရင် သူတို့ဟာ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ ဘဏ်အကောင့်ဖွင့်လှစ်ခွင့်၊ တရားဝင်လက်ထပ်ထိမ်းမြားခွင့်၊ မွေးစာရင်းသွင်းခွင့် အပါအ၀င် ကိစ္စရပ် အတော်များများမှာ ပြသနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်နေရပါတယ်။
သူတို့ဟာ ပညာသင်ကြားခွင့်လည်း မရကြပါဘူး။ တစ်ချို့ဆိုရင် နေရာတစ်ခုခုမှာ အချိန်အကြာကြီး အထိန်းသိမ်းခံထားရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဘယ်သူဘယ်ဝါဖြစ်တယ်။ ဘယ်ကလာတယ်ဆိုတာကို မပြနိုင်လို့ပါပဲ။ သူတို့ဟာ တစ်ခါတစ်လေမှာ အသက်ရှင်ရပ်တည်နိုင်မှုအတွက် တရားမ၀င်နည်းလမ်းတွေကို အသုံးပြုလာကြရပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၆၆ နိုင်ငံသာ ၁၉၅၄ ခုနှစ် နိုင်ငံမဲ့တွေကို ကူညီစောင့်ရှောက်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပြီး၊ နိုင်ငံပေါင်း ၃၈ နိုင်ငံကတော့ ၁၉၆၁ ခုနှစ် သဘောတူညီချက်မှာ အဖွဲ့ဝင်ထားပါတယ်။
"နှစ်ပေါင်း ၅၀ ကြာပြီးတာတောင် ဒီသဘောတူညီချက်တွေကို နိုင်ငံအနည်းကသာ စိတ်ဝင်စားကြပါတယ်။ လူသန်းပေါင်းများစွာဟာ သူတို့ကိုယ်ပိုင် နိုင်ငံမရှိဘဲ ကမ္ဘာပေါ်မှာ နေထိုင်ကြရတယ်။ အခြေခံလူအခွင့်အရေး ဖြစ်တဲ့ နိုင်ငံသားဖြစ်ခွင့်တောင် သူတို့မှာမရှိကြပါဘူး။ ဒါဟာ ရှက်စရာကြီးပါ" လို့ Mr Guterres က ထပ်မံပြောကြားပါတယ်။
နိုင်ငံမဲ့ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ ။ ဆိုဗီယက်ယူနီယံနဲ့ ယူဂိုဆလားဗီးယားလို နိုင်ငံပြိုကွဲလို့ပဲဖြစ်ဖြစ် ၊ အာဖရိကနဲ့ အာရှရှိ တစ်ချို့ဒေသတွေမှာလို ကိုလိုနီစနစ်ကနေလွတ်မြောက်ပြီး နိုင်ငံအသစ် ထူထောင်လို့ပဲဖြစ်ဖြစ် နိုင်ငံသားဖြစ်ခွင့်ဟာ ပြသနာတစ်ရပ်အနေနဲ့ ပေါ်ပေါက်လာတတ်ပါတယ်။
မြန်မာရှိ ရိုဟင်ဂျာ၊ ထိုင်းရှိ တချို့သော တောင်တန်းဒေသက လူမျိုးစုတွေ ၊ ဥရောပမှ ရိုးမား (Romani) နဲ့ ပင်လယ်ကွေ့ဒေသတွေရှိ Bidoon မျိုးနွယ်စုတွေဟာ အခုထိ မှီတင်းခိုလှုံရာမဲ့ လူသားတွေအနေနဲ့ သူတို့ဘ၀ကို ဖြတ်သန်းနေရဆဲပါ။
သူတို့ဟာ ခိုနားရာမဲ့ဘ၀နဲ့ သေဆုံးကြရမှာပါ။ သေဆုံးကြောင်းလည်း ဘာမှတ်တမ်းမှတ်ရာမှ ကျန်ခဲ့မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ ဒီကမ္ဘာကြီးပေါ် မွေးဖွားလာကြောင်း သူတို့တည်ရှိကြောင်း ဘာအထောက်အထားမှ မရှိကြလို့ပါ။