Latest Highlight

တရုတ်နှင့် အိန္ဒိယ ဆုံစည်းရာ၊ အာရှ လမ်းဆုံ မြန်မာနှင့် သန့်မြင့်ဦး ရဲ့ စာအုပ်သစ်



 
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း က ဦးဆောင် အာဏာသိမ်းယူ ပြီးနောက်၊ မြန်မာနိုင်ငံ စစ်အာဏာရှင် စနစ်အောက်မှာ စတင် ပြားပြားမှောက်ခဲ့ရသည်။ ပြင်ပဩဇာ အလွှမ်းမိုးမခံရအောင်ဆိုပြီး
တံတိုင်းကာ အဆက်ဖြတ်ရင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနဲ့ တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေခဲ့သည်။
၁၉၈၈ ခုနှစ်မှာ တစ်တိုင်းပြည်လုံး ဆူပူအုံကြွမှုဖြစ်ပြီး၊ ဦးနေ၀င်းကို ဆက်ခံသူ စစ်အစိုးရက တိုင်းပြည်တံခါးကို ဖွင့်ကြည့်သေးသည်။ ဒါပေမဲ့ စစ်အစိုးရရဲ့ သန္ဓေမမှန်တဲ့ လုပ်ဆောင်မှုတွေကြောင့် အားလုံး အချည်းအနှီးပင်။
ပြီးခဲ့တဲ့နှစ် ရှက်ဖွယ်ရွေးကောက်ပွဲတစ်ဆင့် စစ်အစိုးရက အရပ်ဝတ်ပုံစံနဲ့ အာဏာဆက်ယူထားသည်။ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေး ဆက်လက် ပိတ်ဆို့ထားလျက်ပင်။ အမေရိကန်နဲ့ ဥရောပက မြန်မာ စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့ဟန့်တားမှုတွေ အများကြီး ဆက်လုပ်ထားသည်။ ဒါက လက်တွေ့ အခြေအနေဖြစ်သလို၊ အားလုံးရဲ့အမြင်နဲ့ အနောက်ရဲ့အမြင်လည်း ဖြစ်သည်။
သို့သော် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကွယ်လွန်သူ ဦးသန့်ရဲ့ မြေးဖြစ်သူ၊ သမိုင်းပညာရှင် သန့်မြင့်ဦး က သူ့စာအုပ်အသစ် (Where China Meets India: Burma and the New Crossroads of Asia) ကို ပုံစံတစ်မျိုးဖြင့် တင်ပြထားသည်။
နိုင်ငံရေး၊ စီးပွားရေးနဲ့ ပထ၀ီအရ အထီးကျန် အရေးမပါဘူးလို့ အနောက်တိုင်းသားအများစု မြင်ထားတဲ့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီးနှစ်ခုကြားမှာ အခိုက်အတန့်အားဖြင့် 'ကွင်းဆက်ပြတ်နေမှု' (a relatively minor missing link) ပါပဲဟု ဆိုထားသည်။

သူ့အဆိုရ မြန်မာနိုင်ငံဟာ သေးသေးလေး မဟုတ်။ လူဦးရေ သန်း ၆၀ ရှိပြီး၊ ပြင်သစ်ထက် ဧရိယာနယ်နမိတ် ပိုကျယ်ဝန်းသည်။ မြန်မာနယ်စပ်တလျှောက် လူမျိုးစု ပုန်ကန်အဖွဲ့များထဲက တစ်ဖွဲ့ဖြစ်တဲ့ ၀တပ်ဖွဲ့ (UWSA) ဆိုရင် သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေက ဘယ်လ်ဂျီယံနိုင်ငံ အနေအထား ထက်ပင် ပိုကျယ်သေးသည်။

နောက် စာရေးသူ သန့်မြင့်ဦးက မြန်မာနိုင်ငံဟာ အနောက်ဘက် ဒေလီ၊ မွမ်ဘိုင်းနဲ့ အရှေ့ဘက် ရှန်ဟိုင်း၊ ဟောင်ကောင်တို့ကြား အမှန်တကယ် ဆက်သွယ်ပေးနိုင်တဲ့ ပင်မလမ်းကြောင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ရန်ကုန်ကို စစ်ဗိုလ်ချုပ်တွေ ရွာသိမ်ဇနပုဒ် အဖြစ် ပြောင်းမပစ်ခင်၊ အထူးသဖြင့် ဗြိတိသျှခေတ်မှာ ရန်ကုန်လေဆိပ်က အာရှနိုင်ငံ အားလုံးအတွက် အဓိက အချက်အချာ လမ်းဆုံ ဖြစ်ခဲ့သည်။
မြေပုံမှာ ဖော်ပြထားတဲ့အတိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းမှ မန္တလေးကိုဗဟိုထားပြီး၊ ၇၀၀ မိုင်ပတ်လည် (၁၁၀၀ ကီလိုမီတာ) အချင်းဝက်နဲ့ စက်ဝိုင်း ၀ိုင်းကြည့်လိုက်ပါ။ အိန္ဒိယရဲ့ အနောက်ဘန်ဂေါလ်နဲ့ ဘီဟာ ပြည်နယ်များ၊ တရုတ်က ယူနန်၊ စီချွမ်ပြည်နယ်များ၊ နောက် တိဘက်ကုန်းပြင်မြင့်နဲ့ တောင်ဘက်က ဗီယက်နမ်၊ လာအို၊ ထိုင်း တို့အထိ ဆန့်တန်းသွားသည်။ အဲဒီ စက်ဝိုင်းဝိုင်းထားတဲ့ ဒေသတွေမှာ လူသန်း ၆၀၀ ကျော် နေထိုင်ကြသည်။
သန့်မြင့်ဦး က သူ့စာအုပ် အတွက် မြန်မာနိုင်ငံ တောင်ကုန်း ဒေသများနဲ့ မြေပုံရဲ့ တောင်ပံနှစ်ဖက်၊ ယူနန်ပြည်နဲ့ တရုတ် နယ်စပ်ဒေသများ၊ အိန္ဒိယ အရှေ့မြောက် အာသံနဲ့ မနိပူရတို့ထိ ကိုယ်တိုင် သွားရောက် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဒါပေမဲ့ ခရီးသွား စာရေးဆရာ တစ်ယောက်ထက် သမိုင်း သုတေသီ တစ်ဦး ပိုဆန်သည်ဟု The Economist မဂ္ဂဇင်းက စာဖတ်ညွှန်းတွင် သုံးသပ်သည်။
စာအုပ်မှာ အဓိက ထောက်ပြတဲ့အချက်က အနောက်က တန်ပြန်ထိန်းညှိမှုတွေ မလုပ်နိုင်ခဲ့ရင်၊ မြန်မာဟာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုအောက် မရှောင်လွှဲသာဘဲ ကျရောက်သွားရတော့မယ် ဆိုတဲ့ အချက် ဖြစ်သည်။
မြန်မာကိုဖြတ်ပြီး အိန္ဒိယနဲ့ တရုတ်ကို ဆက်သွယ်နိုင်ဖို့ဆိုတဲ့ အိပ်မက်က ရာစုချီ ရှိနေခဲ့တာ ဖြစ်သည်။ ၀ိတိုရိယခေတ်ကတည်းက ကလကတ္တားကနေ တောတောင်တွေဖြတ် တရုတ်အထိ မီးရထားလမ်း ဖောက်ဖို့ စိတ်ကူးယဉ်ခဲ့ကြသည်။
သို့သော် ယခု အဲဒီရာစုချီ အိပ်မက်ကို တကယ်အကောင်ထည် ဖော်နိုင်ခဲ့တာက တရုတ် ဖြစ်သည်။ တရုတ်က မာလကာ ရေလက်ကြားကိုဖြတ် စွမ်းအင်တင်ပို့ရမှာ အခက်အခဲဖြစ်နေတဲ့ ပြဿနာကို မဟာဗျူဟာ ကျကျ ဖြေရှင်းလိုက်ခြင်း ဖြစ်သည်။
တရုတ်က ပထမဆုံးအကြီမ် ဘင်္ဂလားပင်လယ်အော်ကို တိုက်ရိုက် ဆက်သွယ်ဖို့နဲ့ ၄င်းရဲ့ ရေနံ ၂၀ ရာခိုင်နှုန်းကျော် တင်ပို့နိုင်မယ့် လမ်းကြောင်းအတွက်၊ မြန်မာနိုင်ငံမှာ ဆိပ်ကမ်းအသစ်၊ ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းအသစ်၊ လမ်းအသစ်တွေ တည်ဆောက်ထားပြီ။ ယူနန်ပြည်နယ် မီးထိန်ထိန်ညီးဖို့နဲ့ ဓာတ်အားပေးစက်ရုံတွေ တည်ထားဖို့အတွက် မြန်မာ့မြစ်တွေမှာ ဆည်တွေ မှိုလိုပေါက်လာသည်။
ဒါကြောင့်လည်း တရုတ်နဲ့ မြန်မာခေါင်းဆောင်များအကြား တစ်ဦးကိုတစ်ဦး အပြန်အလှန် မှီခိုမှုက ပိုလာရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံအပေါ် ယဉ်ကျေးမှုနဲ့ ဘာသာရေး သမိုင်းကြောင်းကြီးတဲ့ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံတွေက အဲဒီ တရုတ်နဲ့မြန်မာ အပြန်အလှန်မှီခို ပလဲနံပသင့်လွန်းမှုကို လျှော့ချဖို့ ကြိုးစားမှုကလည်း အလုပ်ဖြစ်ပုံမပေါ်။
သို့နှင့်တိုင် ယခု မာဖီဝတ် စစ်ဗိုလ်ချုပ်တွေက သူတစ်ပါး မှီခိုမှုအောက် မနေချင်သူများဟုလည်း စာရေးသူက သုံးသပ်သည်။ သူတို့ရဲ့ စိတ်အခံက တရုတ်ရဲ့ ရုပ်သေး မဖြစ်ချင်ကြ။ သူတို့ ရှေ့မျိုးဆက် ဗိုလ်ချုပ်တွေက တရုတ်ကို ကျောထောက်နောက်ခံ အမှီပြုနေသူ ဗကပတွေကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
သန့်မြင့်ဦး က မြန်မာ့ခေတ်ပြိုင်သမိုင်းကို မိတ်ဆက်ပေးတဲ့အနေနဲ့ The Making of Modern Burma (Cambridge University Press 2000) နဲ့ The River of Lost Footsteps (2007) ဆိုတဲ့ လူသိများတဲ့ စာအုပ်နှစ်အုပ်ကို ရေးသားသူလည်း ဖြစ်သည်။
မြန်မာနိုင်ငံအပေါ် အနောက်ရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ဆန့်ကျင်သူဖြစ်ပြီး၊ ပြည်ပရောက် အတိုက်အခံများအတွက် အငြင်းပွားဖွယ်ရာပုဂ္ဂိုလ်လည်း ဖြစ်ကြောင်း The Economist မဂ္ဂဇင်းတွင် ရေးသားထားသည်။

Write A Comment

Rohingya Exodus