စစ်တပ်ကို အင်အားတောင့်အောင် လုပ်မည်ဟု ဦးသိန်းစိန်ပြော
“ နိုင်ငံတော် ကာကွယ်ရေးကို ပေါ့ပေါ့တန်တန်နဲ့ သဘောထားကြရင် ခေတ်သစ် ကျွန်ပြုခံရခြင်းမျိုးနဲ့ တွေ့ကြုံကြရဦးမှာ ဖြစ်ပါတယ်။ ပထဝီဝင် အနေအထားရော၊ စီးပွားရေးအရပါ အချက်အချာကျတဲ့ မိမိတို့ နိုင်ငံသည် နယ်ချဲ့လက်သစ်တွေ ဝင်ရောက်စွက်ဖက် ခြယ်လှယ်နေတဲ့ အန္တရာယ်ရှိနေတာကို အားလုံး သဘောပေါက်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တရပ် ရှိဖို့လိုပါတယ်" ဟု အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသွားသည်။
“ နိုင်ငံတော် ကာကွယ်ရေး မတောင့်တင်းရင် သူတပါးရဲ့ အနိုင်ထက်ပြုကျင့်မှုကို ခံကြရမှာ ဖြစ်ပါတယ်။ ကိုယ့်မင်း ကိုယ်ချင်း၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ နှစ်ပေါင်း ရာထောင်ချီပြီး နေလာခဲ့ကြတဲ့ လူမျိုးဘဝမှ ကုန်းဘောင်ခေတ် ဇတ်သိမ်းခန်းမှာ နယ်ချဲ့လက်အောက်ကို လွယ်လွယ်ကလေးနဲ့ ကျရောက်ရခြင်ဟာ ခေတ်မီတဲ့ တပ်မတော်တရပ် မရှိခဲ့လို့ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ပြောသည်။
“ လက်ရှိ တပ်မတော်ကို အင်အားတောင့်တင်းတဲ့ တပ်မတော်၊ အစွမ်းအစရှိတဲ့ တပ်မတော်၊ ခေတ်မီတဲ့ တပ်မတော်၊ မျိုးချစ်စိတ် ထက်သန်တဲ့ တပ်မတော်ဖြစ်အောင် အားလုံးဝိုင်းပြီး တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးဟာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် နိုင်ငံတော် ကာကွယ်ရေးကို နိုင်ငံသားအားလုံး ဝိုင်းဝန်းပြီး တာဝန်ယူကြရမှာ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်၏ မိန့်ခွန်းတွင် ပါရှိသည်။
အရှေ့တောင်အာရှ အသင်းဝင်နိုင်ငံများတွင် အမျိုးသားဝင်ငွေ အနည်းဆုံးဖြစ်သော မြန်မာနိုင်ငံ၏ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွက် လျာထားသော စစ်အသုံးစရိတ်မှာ နိုင်ငံစုစုပေါင်း အသုံးစရိတ်၏၂၅ ရာခိုင်နှုန်းနီးပါးရှိပြီး မြန်မာကျပ်ငွေ ၁.၈ ထရီလီယံ ဖြစ်သည်။
လက်ရှိ မြန်မာ့တပ်မတော်တွင် စစ်သည်အင်အား ၄ သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး အခြေခံ ဥပဒေသစ်အရ စစ်တပ်၏ အသုံးစားရိတ်များကို လွှတ်တော်က စစ်ဆေးခွင့် မပြုဘဲ ကန့်သတ်ထားသည်။